Chapter 73
(ဒီအပိုင်းကစပြီး နောက်အပိုင်းတွေက အရင်ဘဝတုန်းက ကားအက်စီးဒင့်ဖြစ်ပြီးတဲ့အချိန်ကို ချန်ချူပြန်ရောက်သွားတာပါ။)
ဆေးရုံအခန်းက တိတ်ဆိတ်နေ၏။ မိန်းကလေးက အားနည်းစွာဖြင့် အိပ်ရာပေါ်တွင်လှဲလျောင်းနေပြီး သူ(မ)၏မျက်တောင်များလည်း တုန်ယင်နေသည်။ မျက်လုံးဖွင့်လိုက်သည့်အခါ ဆေးရုံအနံ့က နှာခေါင်းထဲဝင်လာသဖြင့် သူ(မ) မျက်မှောင်ကြုတ်လိုက်မိသည်။ သူနာပြုယူနီဖောင်းဝတ်ထားသူတစ်ယောက်က အိပ်ရာဘေးတွင်ရပ်နေပြီး IV drip ကို ပြောင်းနေသည်။ လှုပ်ရှားသည့်အသံကိုကြားသည့်အခါ သူ(မ)က တစ်ဖက်သို့ခေါင်းလှည့်လိုက်၏။
“မဒမ်ကု။ နိုးလာပြီလား။”
သူနာပြုက အံ့အားသင့်နေ၏။
“ကျွန်မ-ကျွန်မ ဆေးရုံရောက်နေတာလား။”
သူ(မ) တိုင်းတစ်ပါးတွင် စာလေ့လာနေပြီး အိမ်စာလုပ်ရန်ညနက်အထိနေမိသောကြောင့် မေ့လဲသွားသည်ကို ချန်ချူမှတ်မိသည်။ သူ(မ)ကို ဆေးရုံခေါ်လာသည့်သူမှာ ကျုံးရန်ရှီဖြစ်ပေလိမ့်မည်။ သို့သော် ဆေးရုံမှသူနာပြုက အဘယ်ကြောင့် တရုတ်လူမျိုးဖြစ်နေပြီး သူ(မ)ကိုလည်း ဘာလို့ မဒမ်ကုဟု ခေါ်နေပါသနည်း။ ချန်ချူတွေဝေသွားပြီး သူ(မ)ဘေးမှအဖြစ်အပျက်များကို အဖြေမရှာနိုင်ဘဲဖြစ်နေသည်။ သူ(မ) ထထိုင်ရန်ကြိုးစားလိုက်သော်လည်း သူ(မ)၏ခြေထောက်တွင် စူးရှသည့်နာကျင်မှုကို ခံစားလိုက်ရလေသည်။
“ဟင့်”
သူနာပြုက သူ(မ)ကိုအလျင်အမြန်ထူလိုက်ပြီး
“မဒမ်ကု။ ခြေထောက်မှာ ထိခိုက်ထားတယ်ဆိုပေမဲ့ ဒဏ်ရာက စိုးရိမ်စရာမရှိတာမို့ ရက်အနည်းငယ်လောက်နားပြီးရင် ကောင်းသွားမှာပါ။”
ချန်ချူက တွေဝေစွာဖြင့်
“ဘာလို့ ကျွန်မကို မဒမ်ကုလို့ခေါ်နေတာလဲ။ ပြီးတော့ ကျွန်မကို ဆေးရုံခေါ်လာတဲ့သူရော ဘယ်မှာလဲ။”
သူနာပြုက အနည်းငယ်တွေဝေသွား၏။ ကောလာဟလများအရ သူတို့စုံတွဲက အများအမြင်တွင် အလွန်အဆင်ပြေသောစုံတွဲဖြစ်လေရာ သူ(မ)က အဘယ့်ကြောင့် မဒမ်ကုဟူသောအခေါ်အဝေါ်ကို ငြင်းဆန်နေရပါသနည်း။ သို့သော်လည်း သူနာပြုက သူ(မ)၏မေးခွန်းကို သေသေချာချာပြန်ဖြေပေးလိုက်သည်။
“မဒမ်ကုကိုခေါ်လာတဲ့သူက အက်ဆီးဒင့်ဖြစ်တာကိုတွေ့ခဲ့တဲ့ လမ်းသွာလမ်းလာတစ်ယောက်ပါ။”
“အက်ဆီးဒင့် ဟုတ်လား။ ဘာအက်ဆီးဒင့်လဲ။”
တစ်ခုခုမှားနေပြီကို သိလိုက်သည့်ချန်ချူက စိတ်ပူပန်လာခဲ့သည်။
သူနာပြုက မျက်မှောင်ကြုတ်လိုက်ပြီး
“လွန်ခဲ့တဲ့နှစ်ရက်က Hubin လမ်းမပေါ်မှာ မဒမ်ကုနဲ့ မစ္စတာကုတို့ ကားအက်ဆီးဒင့်ဖြစ်သွားခဲ့တာလေ။”
ချန်ချူ နှလုံးခုန်ရပ်လုမတတ်ဖြစ်သွား၏။ Hubin လမ်းပေါ်မှကားအက်ဆီးဒင့်မှာ သူတို့ယခင်ဘဝတွင်ကြုံခဲ့ရသော အဖြစ်အပျက်ပင်။ သူ(မ)က သူနာပြု၏လက်ကိုလှမ်းဆွဲလိုက်ပြီး တုန်ယင်နေသည့်အသံဖြင့်
“ကုမြောင်ရော ဘယ်လိုနေလဲဟင်။”
သူနာပြုက ချန်ချူ၏ပုံစံကိုကြည့်ရင်း
“မစ္စတာကုကတော့ မနေ့ကပဲ ICU ကနေ ထွက်လာပါပြီ။”
“ဒါပေမဲ့ အများကြီးမစိုးရိမ်ပါနဲ့။ ICU ကနေထွက်လာတယ်ဆိုတာ အရေးပေါ်အခြေအနေကို ကျော်ဖြတ်နိုင်ခဲ့တယ်ဆိုတဲ့သဘောပါ။ သူ မကြာခင် သတိရလာတော့မှာပါ။”
သူနာပြုက သူ(မ)ကိုနှစ်သိမ့်လိုက်သော်လည်း ချန်ချူက ချက်ချင်းပင်မျက်ရည်ဝဲလာခဲ့သည်။ သူ(မ) စောင်ကိုဖယ်လိုက်ပြီး အိပ်ရာပေါ်မှရုန်းကန်ထကာ
“ကျွန်မ သူ့ကိုသွားတွေ့ချင်တယ်။”
“မဒမ်ကု။ လက်မှာ IV ချိတ်ထားတုန်းကြီးလေ။”
သူနာပြုက သတိပေးလိုက်သော်လည်း ချန်ချူက IV အိတ်ကိုလှမ်းယူကာ
“ကျွန်မ ကိုယ့်ဘာသာကိုယ်ကြည့်လုပ်လိုက်ပါ့မယ်။”
မူလက ပိန်ပါးသည့်သူ(မ)မှာ ဆေးရုံဝတ်စုံဝတ်ထားသည့်အခါ အရိုးသာရှိတော့၏။ ပိုဆိုးသည်မှာ သူ(မ)ခြေထောက်တစ်ဖက်တွင် ဒဏ်ရာရထားသောကြောင့် ဆေးရုံခန်းထဲမှ ခြေတစ်ပေါင်ကျိုးထောက်ကာ ထွက်လာရခြင်းပင်။
သူနာပြုက သက်ပြင်းချလိုက်ပြီး
“ကျွန်မ Wheel chair ယူပြီး ခေါ်သွားပေးပါ့မယ်။”
နေမဝင်ခင်အချိန်ဖြစ်သောကြောင့် စင်္ကြံလမ်းတွင် ညနေခင်းနေရောင်တို့ဖြာကျနေ၏။ Wheel chair တွင်ထိုင်၍ လိုက်သွားရင်း နောက်ဆုံးတွင် ကုမြောင်ကို သူ(မ)တွေ့လိုက်ရသည်။ ကုမြောင်မှာ ဆေးရုံအိပ်ရာတွင်လှဲလျောင်းနေပြီး မျက်နှာကလည်း ဖျော့တော့နေသည်။ သူ့တစ်ကိုယ်လုံးတွင်လည်း ပိုက်များစွာကိုတွေ့ရ၏။ သေခြင်းတရား၏အရိပ်အယောင်က သူ့ခန္ဓာကိုယ်ကို ကြီးစိုးခဲ့ဟန်ပင်။ ချန်ချူ နှုတ်ခမ်းကိုက်ထားရင်း မျက်ရည်များကျလာ၏။ ဆေးရုံခန်းထဲတွင် စက်ပစ္စည်းတို့၏အသံမှတစ်ပါး တိတ်ဆိတ်နေခဲ့သည်။ အကြောင်းအမျိုးမျိုးကြောင့် သူနာပြုကလည်း အပြင်ထွက်သွားပေး၏။ ချန်ချူ ခေါင်းငုံ့လိုက်ပြီး ဆေးရုံအိပ်ရာနံဘေးတွင်ကျနေသည့် ကုမြောင်၏လက်ကို ကိုင်ထားလိုက်လေသည်။ သူ့လက်က သက်ရှိလူတစ်ယောက်နှင့်မတူဘဲ အလွန်အေးစက်နေသောကြောင့် ချန်ချူ ကြောက်လန့်ကာ တုန်ယင်သွားတော့သည်။ အရင်ဘဝက ကုမြောင်၏လက်မှာ မည်သည့်အချိန်ဖြစ်စေ နွေးထွေးနေပြီး ချွေးပြန်နေခဲ့သော်လည်း ယခုတွင်မူ ထူးဆန်းသည့်အအေးဓာတ်က ချန်ချူ့ကို လွန်စွာတုန်လှုပ်စေသည်။ သူ(မ) ခေါင်းငုံ့ထားရင်း မျက်ရည်တစ်စက်က သူ့လက်ပေါ်သို့ကျသွားလေသည်။
“နိုးလာပါတော့ ကုမြောင်ရယ်။”
ချန်ချူက သူ့လက်များကိုတင်းကျပ်စွာဆုပ်ကိုင်ထားပြီး တောင်းဆိုနေ၏။ ပြတင်းပေါက်အပြင်ဘက်တွင် ဆောင်းဦးလေက ရုတ်တရက်တိုက်ခတ်လာပြီး မြေပေါ်ကျနေသည့်ရွက်ဝါများကို လွင့်သွားစေခဲ့သည်။ ချန်ချူကိုင်ထားသည့် သူ့လက်များမှာ အနည်းငယ်တုန်ယင်လာသော်လည်း သူ(မ)က သတိမထားမိဘဲ တိတ်တဆိတ်သာငိုကြွေးနေလေသည်။ ထို့နောက် အားနည်းနေသည့် ခပ်ဩဩအသံတစ်ခုကိုကြားလိုက်ရသည်။
“မငိုပါနဲ့။”
သူ(မ) ချက်ချင်းအငိုတိတ်သွားပြီး ဆေးရုံအိပ်ရာကိုကြည့်လိုက်သည်။ ဆောင်းဦးနေ့တွင် အခန်းထဲ၌ အအေးဓာတ်တစ်ခုရှိနေ၏။ ကုမြောင်က မျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်လိုက်သည့်အခါ ချန်ချူ အလွန်ဝမ်းသာသွားခဲ့သည်။ သူ(မ)မျက်နှာတွင် မျက်ရည်စများကျန်ရှိနေသေးသောကြောင့် သနားစရာလည်းကောင်းနေ၏။ ကုမြောင်က ရှိစုမဲ့စုအားအင်လေးဖြင့် ချန်ချူ့ပါးပြင်ပေါ်သို့ လက်ကိုလှမ်းရန်ကြိုးစားလိုက်သည်။ သူ(မ)၏ပါးပြင်မှာ နွေးထွေးစိုစွတ်နေသဖြင့် ကုမြောင်၏နှလုံးသားက နူးညံ့သွားတော့သည်။
ကုမြောင်က သူ(မ)မျက်ရည်များကို အသာအယာသုတ်ပေးလိုက်ပြီး
“မငိုပါနဲ့။”
‘ငါ့အတွက်မငိုပါနဲ့။ မတန်ပါဘူး။’
~
ကောင်းကင်က ကြည်လင်ပြီး လေကလည်း လတ်ဆတ်နေ၏။ ကုမြောင် သတိရလာပြီးနောက် နေ့ရက်တိုင်းမှာ ရာသီဥတုကြည်လင်နေခဲ့သည်။ ချန်ချူက ဆေးရုံဆင်းနိုင်ပြီဖြစ်သော်လည်း ကုမြောင်ကမူ ပြင်းထန်သည့် ဒဏ်ရာများကြောင့် ဆေးရုံတွင်ဆက်နေရဦးမည်ဖြစ်သည်။
စင်္ကြံလမ်းပေါ်တွင် နေရောင်ခြည်ဖြာကျနေသောကြောင့် အလင်းရောင်ရှိနေ၏။ ဓာတ်ဘူးတစ်လုံးကိုသယ်ကာ ချန်ချူက အဝေးဆုံးထောင့်တစ်နေရာကို လမ်းလျှောက်သွားခဲ့သည်။ ယခင်က အသက်မဲ့ကာ အေးစက်နေခဲ့သည့်အခန်းထဲတွင် အလင်းရောင်၏ထိတွေ့မှုကိုရရှိလာ၏။ ကုမြောင်က အိပ်ရာပေါ်တွင်လှဲနေရင်း ချန်ချူ့ကိုမြင်သည့်အခါ သူ့နှလုံးခုန်သံတို့ လျင်မြန်သွားသည်။ သူ့လက်ချောင်းများ တစ်ဖန်လှုပ်ရှားလာသည်။ ကုမြောင် သတိရလာကတည်းက ချန်ချူက သူ့အနားသို့ ပို၍နီးနီးကပ်ကပ်ရှိလာသည်မှာ အက်ဆီးဒင့်ကြောင့်ဖြစ်ကြောင်း ကုမြောင်နားလည်ထားသောကြောင့် ၎င်းကိုကျေနပ်နေ၍မဖြစ်ပေ။ သို့သော် သူ့နှလုံးသားထဲတွင်မူ သူ့ကို ကြီးမားစွာထိခိုက်စေခဲ့သည့်ထိုအက်ဆီးဒင့်ကိုပင် ကျေးဇူးတင်နေမိသည်။
ယခင်ရက်အနည်းငယ်က ချန်ချူဝယ်ထားသည့်နေကြာပန်းများကို ပြတင်းပေါက်အနီးတွင် ထားထားသည်။ ကုမြောင်က တစ်ခါတစ်ရံ ထိုပန်းများကိုကြည့်တတ်ပြီး ခန္ဓာကိုယ်မှနာကျင်မှုများလည်း သက်သာလာခဲ့သည်။ ချန်ချူက သူ့ဆီသို့လျှောက်လာပြီး ဓာတ်ဘူးကိုချကာ
“ဒီနေ့ ဘယ်လိုနေသေးလဲ။ သက်သာရဲ့လား။”
နာကျင်လွန်းသဖြင့် မနေ့ညက အိပ်မရခဲ့သည့်ကုမြောင်က ခေါင်းယမ်းပြလိုက်ပြီး
“မနာတော့ပါဘူး။”
“ဟုတ်လား။ ဒါဆိုကောင်းတာပေါ့။”
ချန်ချူပြုံးလိုက်သည့်အခါ ကုမြောင်ရင်ခုန်မိသွားပြန်သည်။ ထို့နောက် သူက နှုတ်ခမ်းကိုစေ့လိုက်ပြီး နှလုံးသားထဲမှပျော်ရွှင်မှုကို ထိန်းထားလိုက်သည်။
ချန်ချူက
“ဆေးရုံကကျွေးတဲ့အစားအစာတွေက သိပ်မကောင်းဘူးဆိုလို့ ဒီနေ့ ဆန်ပြုတ်လေးယူလာတယ်။”
သူ(မ)က ဓာတ်ဘူးကိုဖွင့်လိုက်သည့်အခါ ဆန်ပြုတ်နံ့က မွှေးသွားလေသည်။ သူ(မ)၏ သေးသွယ်သွယ်ပုံစံလေးကိုကြည့်ရင်း ကုမြောင်ရင်ထဲတွင် နွေးထွေးနေခဲ့သည်။ ထို့နောက် အလုပ်များနေသည့်မိန်းကလေးကိုကြည့်ရင်း ကုမြောင်က
“ဒီလောက်ထိ ဒုက္ခခံစရာမလိုပါဘူး။ အိမ်မှာပဲနေလည်း ရတာကို။”
သို့သော် တစ်ခဏကြာသည့်အခါ သူပြောလိုက်သည့်စကားကို သူ့ဘာသာသူ နောင်တရသွားတော့သည်။
‘သူ(မ)သာ ဒီကိုရောက်မလာရင် ငါသူ(မ)ကို ဘယ်တော့မှမတွေ့ရတော့ဘူးထင်တယ်။’
ကုမြောင်၏ခြေထောက်မှနာကျင်မှုတို့က တဖြည်းဖြည်းသက်သာလာသော်လည်း နှလုံးသားတွင်တော့ နာကျင်နေသေး၏။ သူ ခေါင်းငုံ့လိုက်ပြီး နောင်တရကာ ဘာစကားမျှထပ်မပြောတော့ချေ။ ထိုအခါ မိန်းကလေးက
“ဟင့်အင်း။ မနေပါဘူး။”
ကုမြောင် မယုံနိုင်မှုများစွာဖြင့် မော့ကြည့်လိုက်မိ၏။ နွေးထွေးနေသည့်အလင်းရောင်အောက်တွင် ချန်ချူ့မျက်လုံးထဲ၌ ခေါင်းမာမှုနှင့်အတူ စိတ်ရင်းတချို့ကို သူတွေ့လိုက်ရသည်။ ချန်ချူက သူ့ကိုတည့်တည့်ကြည့်လိုက်ပြီး
“အမြဲလာနေမှာ။”
ထိုအခိုက်အတန့်တွင် ကုမြောင်၏လက်ဖျားများတုန်ယင်လာပြီး ဦးနှောက်ကလည်း အထိန်းအချုပ်မဲ့သွားခဲ့သည်။ သူပြန်၍ အသိစိတ်ဝင်လာသည့်အချိန်တွင် ခေါင်းညိတ်ပြီးသားဖြစ်နေခဲ့လေသည်။ ၎င်းမှာ သူ၏ မသိစိတ်ထဲမှဆန္ဒဖြစ်၏။ နေ့တိုင်း၊ အချိန်တိုင်း သူ(မ)ကို မြင်တွေ့ချင်နေမိသည်။
ချန်ချူက ပြုံးရယ်ချင်စိတ်ကိုထိန်းထားလိုက်ပြီး
“ဒါဆို ဆန်ပြုတ်စားမှာလား။”
သည်တစ်ကြိမ်တွင်တော့ ကုမြောင် တုံ့ဆိုင်းခြင်းမရှိဘဲ နှလုံးသား၏ဆန္ဒကို လိုက်လျောလိုက်တော့သည်။
ဆောင်းဦးဖြစ်သော်လည်း အနည်းငယ်နွေးထွေးနေ၏။ ချန်ချူက သူ့ဆီကို ဆန်ပြုတ်တစ်ပန်းကန်ထည့်ကာ ယူလာပေးသည်။ ကုမြောင်က ပန်းကန်ကိုလှမ်းယူလိုက်သည့်အခါ ချန်ချူက ရှောင်လိုက်ပြီး အတည်ပေါက်မျက်နှာထားဖြင့် သူ့ကိုကြည့်ကာ
“ကျွန်မ ခွံ့ကျွေးမှာ။”
“ဘာ။ ဟမ်။”
ကုမြောင် မှင်တက်မိသွားပြီး ပထမဦးဆုံးအကြိမ် ထူးဆန်းသည့်နှလုံးခုန်သံကို ခံစားမိလိုက်သည်။ ချန်ချူက သူ့ကိုကြည့်နေပြီး မက်မွန်ပွင့်ပုံသဏ္ဌာန်မျက်လုံးများထဲတွင်တော့ ပျော်ရွှင်မှုတို့ရှိနေလေသည်။ သူ(မ)၏အသံကပင် ပေါ့ပါး၍ တက်ကြွနေ၏။
“ခွံ့ကျွေးချင်လို့ပါ နော်။”
ချန်ချူ့စကားလုံးများကြားတွင် ကုမြောင် အသက်ရှူသံ၊ နှလုံးခုန်သံတို့ကို မသိတော့ဘဲ မိမိကိုယ်ကိုပင် မသိတော့ချေ။ သူ့နှုတ်ခမ်းပေါ်တွင် နွေးထွေးသည့်အထိအတွေ့တစ်ခုကို ခံစားလိုက်ရပြီး အသိစိတ်ပြန်ဝင်သည့်အချိန်တွင် သူ့ပါးစပ်ထဲ၌ ဆန်ပြုတ်တစ်ဇွန်းရောက်နေလေပြီ။ သူ့နားရွက်များက အနည်းငယ်နွေးထွေးနေသော်လည်း သူ့နှလုံးသားထဲမှအပူချိန်နှင့်ယှဥ်လျှင်တော့ မပြောပလောက်ချေ။ ဆန်ပြုတ်ကျွေးနေသည့်ချန်ချူကို ကုမြောင်က ငေးကြည့်နေရင်းသာစားနေခဲ့သည်။ အနွေးဓာတ်က သူ့လည်ချောင်းမှတစ်ဆင့် သူ့နှလုံးသားသို့စီးဆင်းသွားပြီး ခန္ဓာကိုယ်တစ်လျှောက်တွင် ထူးဆန်းသည့်ခံစားချက်ကိုဖြစ်စေခဲ့သည်။ သူနှင့် အနီးကပ်တွင်ရှိနေသည့်မိန်းကလေးကိုကြည့်ကာ သူ့စိတ်ထဲတွင် နွေးထွေးလာလေသည်။
“စားလို့ကောင်းလား။”
မျက်လုံးထဲတွင် အရောင်တောက်ပမှုများဖြင့် သူ(မ)က မေးလာ၏။ ကားအက်ဆီးဒင့်က သူ၏အရသာခံနိုင်စွမ်းကို ပျက်ဆီးစေခဲ့ပြီဟုထင်ရသော်လည်း လျင်မြန်နေသည့်နှလုံးသားက အရာအားလုံးကိုလျစ်လျူရှုကာ သူ(မ)ကိုသာအာရုံစိုက်ထားလေတော့သည်။ သို့သော် ကုမြောင်က ခေါင်းညိတ်၍ ဖြေလိုက်သေး၏။
“အင်း။ စားကောင်းတယ်။”
ချန်ချူက ရုတ်တရက်ပြုံးလိုက်သဖြင့် မျက်လုံးလေးမှေးသွားသည့်အခါ ကုမြောင် ရူးမတတ်ဖြစ်သွားခဲ့ရသည်။ သူတို့လက်ထပ်ခဲ့ပြီးကတည်းက သူ(မ)ပျော်ရွှင်စွာပြုံးနေသည့်အပြုံးမျိုးကို ကုမြောင်မမြင်ဖူးခဲ့ပေ။ အချိန်တိုင်း သူ(မ)ကအေးစက်စက်နှင့် အဝေးတွင်သာရှိနေခဲ့သည်။
ပြတင်းပေါက်အပြင်ဘက်တွင် ငှက်များက အော်မြည်နေပြီး ဆောင်းဦးနေ့လေးက နွေးထွေးသာယာနေခဲ့သည်။ ချန်ချူ၏ ပြုံးနေသောမျက်နှာလေးကိုကြည့်ကာ ကုမြောင်တစ်ယောက် တိမ်များကြားထဲသို့ရောက်သွားသလို အလွန်ပျော်နေမိသည်။ နောက်တစ်ကြိမ် ဆန်ပြုတ်တစ်ဇွန်းစားလိုက်သည့်အချိန်တွင်မူ ယခင်တစ်ခေါက်မှသင်ခန်းစာကိုယူကာ သူ့ဘက်က ဦးစွာ အရသာရှိကြောင်းပြောလိုက်၏။ ထိုအခါ ချန်ချူ့လှုပ်ရှားမှုများ ရပ်တန့်သွားပြီး ကုမြောင်၏မျက်လုံးများနှင့် အကြည့်ချင်းဆုံလိုက်သည်။ ထိုမျက်လုံးများမှာ အရောင်လက်နေပြီး နွေးထွေးလုံခြုံမှုများဖြင့် ပြည့်နှက်နေလေသည်။ ထိုအခါ ချန်ချူ့ရင်ထဲတွင် စိတ်မကောင်းဖြစ်သွားခဲ့ရသည်။ သူ(မ)ကိုကြည့်နေသည့်ထိုမျက်လုံးများထဲတွင် ထိုသို့သောအလင်းရောင်များရှိနေသည်ကို သူ(မ)အဘယ်ကြောင့် သတိမထားမိခဲ့ရပါသနည်း။ ထိုမျက်လုံးများမှာ လေးနက်နေပြီး သူ(မ)တစ်ယောက်တည်းကိုသာ အာရုံစိုက်ထားခြင်းပင်။
ပြတင်းပေါက်၏ ဟနေသောနေရာလွတ်မှ လေအေးတို့ဝင်ရောက်တိုက်ခတ်နေသော်လည်း ချန်ချူ့ရင်ထဲတွင် နွေးထွေးနေခဲ့သည်။ ချန်ချူက ခေါင်းငုံ့လိုက်ပြီး ဆန်ပြုတ်ကိုခပ်ယူကာ ညင်သာစွာဖြင့်
“အခုကစပြီး နေ့တိုင်းဆန်ပြုတ်လုပ်လာပေးမယ်။”
ထိုအခိုက်အတန့်တွင် ကုမြောင် အလွန်အံ့အားသင့်သွားတော့သည်။
“မင်းကိုယ်တိုင်လုပ်ထားတာလား။”
သူ့မျက်ဝန်းနက်များတွင် မယုံနိုင်မှုများစွာဖြင့် ပြည့်နှက်သွားသည်။
ချန်ချူက ခေါင်းညိတ်လိုက်ပြီး
“ဟုတ်တယ်။”
သူ(မ)က အနည်းငယ်ရှက်နေသည့်ပုံစံဖြင့် ထပ်ပြောလာ၏။
“အရင်တုန်းကတော့ မလုပ်ဖူးဘူး။”
စားလို့မဖြစ်သောအစားအစာဖြစ်နေလျှင်ပင် ကုမြောင်က ချီးကျူးတတ်သည့်အကြောင်းကို ချန်ချူသိလေသည်။ ယခုတွင်လည်း ထိုဆန်ပြုတ်ကို စောဒကတက်ခြင်းမရှိဘဲ သောက်လိမ့်မည်ပင်။
အချိန်တစ်ခဏရပ်တန့်သွားပြီးနောက် ကုမြောင်၏ရင်ထဲတွင် မီးရှူးမီးပန်းများ ပေါက်ကွဲသွားတော့သည်။ သူက လက်သီးဆုပ်ထားပြီး
“စားလို့ကောင်းတယ်။ တကယ်စားလို့ကောင်းတာ။”
သူ(မ)လုပ်ပေးသမျှအရာအားလုံးက သူ့အတွက် စားကောင်းနေမည်ကိုသိသောကြောင့် ချန်ချူရယ်လိုက်မိတော့သည်။
“တကယ်လား။”
သူ(မ)မေးသည့်အခါ ကုမြောင်က သေသေချာချာခေါင်းညိတ်ပြ၏။
“အင်းပါ။ ဒါဆိုလည်း တစ်ဇွန်းလောက်စားကြည့်လိုက်ဦးမယ်။”
ထိုအချိန်တွင် ကုမြောင် အလွန်အံ့အားသင့်သွားပြီး စိတ်လွတ်သွားလုမတတ်ဖြစ်သွားခဲ့သည်။ ချန်ချူက သူစားခဲ့သည့်ဇွန်းနှင့် ဆန်ပြုတ်တစ်ဇွန်းကို ခပ်၍စားလိုက်ခြင်းပင်။
‘လူတွေသေတဲ့အခါ နိဗ္ဗာန်ရောက်တယ်ဆိုရင် ဒါက နိဗ္ဗာန်ပဲဖြစ်လိမ့်မယ်။’
*****
Aurora Novel Translation Team