Chapter 74
ချက်ပြုတ်ခြင်းနှင့် အစားအစာများယူလာပေးခြင်းမှာ ချန်ချူ့အတွက် နေ့တိုင်းအလုပ်ပင်။ သိပ်မပူပြင်းလှသည့် ဆောင်းဦးနေ့လယ်ခင်းတွင် ချန်ချူ ဆေးရုံအခန်းတံခါးကိုခေါက်လိုက်သည်။ အထဲတွင်မူ လှုပ်ရှားနေသည့်အပြုအမူများရှိနေ၏။ တံခါးပေါက်၏ မှန်ချပ်လေးမှချောင်းကြည့်လိုက်သည့်အခါ ကုမြောင်က computer ဖြင့် အလုပ်လုပ်နေသည်ကို ချန်ချူတွေ့လိုက်ရသည်။ ထို့ကြောင့် သူ(မ)က နှုတ်ခမ်းကိုစေ့ထားပြီး မျက်နှာထားတင်းတင်းဖြင့် ဝင်သွားလိုက်သည်။ ကုမြောင်၏မျက်လုံးများနီရဲနေသည်ကို မြင်လိုက်ရသည်အခါ သူ(မ) ပို၍ပင်စိတ်ဆိုးသွားတော့သည်။
“ခွဲစိတ်ထားတာမကြာသေးလို့ နေတောင်ကောင်းသေးတာမဟုတ်ဘူး။ မျက်လုံးကို အဲ့လောက်ကြီးမသုံးနဲ့ဦး။”
ကုမြောင် မကြာသေးခင်က ခွဲစိတ်မှုပြုလုပ်ထားရသည့်အကြောင်းကို ဆရာဝန်ထံမှ ချန်ချူသိခဲ့ပြီးဖြစ်သည်။ ယခုတွင် ကုမြောင်က အပြည့်အဝလည်းပြန်မကောင်းသေးဘဲ ကားအက်ဆီးဒင့်ပါဖြစ်သွားသည့်အခါ အလုပ်များပုံလာသဖြင့် အိပ်ရာထဲလှဲနေသည့်အချိန်တွင် အလုပ်လုပ်ရန်ဖြစ်လာခဲ့သည်။ ကုမြောင်က ထိုင်နေရာမှာ တစ်ကိုယ်လုံးတောင့်တင်းသွားပြီး မလှုပ်ရဲတော့ချေ။ သူ ခေါင်းငိုက်စိုက်ကျကာ မျက်တောင်များတုန်ယင်နေသည့်ပုံစံမှာ အလွန်သနားစရာကောင်းနေသည်။ ၎င်းကိုမြင်ရသည့်အခါ ချန်ချူက စိတ်မကောင်းဖြစ်သွားပြီး သူ(မ)လေသံမာသွားခဲ့သည့်အပေါ် အနည်းငယ်နောင်တရသွားလေသည်။
“ကျွန်မက ရှင့်ကျန်းမာရေးကို စိတ်ပူလို့ပြောတာပါ။”
ချန်ချူက အနည်းငယ်ချော့၍ပြောလိုက်သည်။
“လေသံမာသွားဖို့ မရည်ရွယ်ပါဘူး။ နော်။”
“အင်းပါ။”
ကုမြောင်က ခေါင်းညိတ်လိုက်ပြီး Laptop ကို ဘေးဖယ်လိုက်ကာ
“ကိုယ် ကိုယ့်ကိုယ်ကိုယ် သေချာဂရုစိုက်ပါ့မယ်။”
အေးစက်စက်ကောင်လေးက ခေါင်းငိုက်စိုက်ထားလျက်နှင့် သူ(မ)စကားကိုနားထောင်သည့်ပုံစံဖြစ်သွားသည့်အခါ ချန်ချူ့နှလုံးသားတစ်ခုလုံး အရည်ပျော်သွားသလိုပင်။ သူ(မ) သူ့ဆီသို့လျှောက်သွားကာ သူ့လက်ကိုကိုင်လိုက်သည်။ နေသားမကျသည့် အထိအတွေ့ကြောင့် သူ့လက်ဖဝါးက အနည်းငယ်တုန်ယင်သွားသော်လည်း ငြင်းဆန်ခြင်းမျိုးမရှိခဲ့ချေ။
ချန်ချူက ခေါင်းငုံ့လိုက်ပြီး ညင်သာသောအသံဖြင့်
“ရှင့်မျက်လုံးတွေ နီရဲနေတာပဲ။ အဲ့လိုမြင်ရတာ ကျွန်မ စိတ်မကောင်းဖြစ်ရတယ်။”
အစပိုင်းက နေသားမကျသည့် သူ့လက်ချောင်းတို့က တဖြည်းဖြည်းပြေလျော့လာသည်။ သူ့အသံက ခပ်ဩဩဖြင့်
“ဒီနေ့ကစပြီး တစ်နေ့နည်းနည်းပဲ လုပ်တော့မယ်။ တကယ်ပြောတာ။”
“အင်းပါ။”
ချန်ချူက ခေါင်းညိတ်ကာ ပြုံးပြလိုက်သည်။ ထို့နောက် သူ့မျက်လုံးထဲမှသွေးကြောနီများကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်မိပြန်၏။
“ရှင့်အတွက် မျက်စဥ်းဆေး သွားယူလိုက်ဦးမယ်။”
ကုမြောင်၏လက်ချောင်းများ တုန်ယင်သွားပြီး ခေါင်းညိတ်လိုက်ကာ
“အောက်အံဆွဲထဲမှာရှိတယ်။”
ချန်ချူက မျက်စဥ်းဆေးကိုသွားယူပြီး မျက်စဥ်းဗူးကိုလှည့်ဖွင့်လိုက်ပြီးနောက်
“လှဲလိုက်ပါလား။ ကျွန်မခတ်ပေးမယ်။”
ကုမြောင် မယုံကြည်နိုင်သည့်မျက်လုံးများဖြင့် သူ(မ)ကိုကြည့်လိုက်မိသည်။ ပင်ပန်းကာနီရဲနေသော သူ့မျက်လုံးထဲတွင် အလင်းရောင်တစ်ခု ဖြတ်သန်းသွား၏။ ကုမြောင်က နေ့တိုင်း အံ့အားသင့်နေသောကြောင့် ချန်ချူလည်း ရယ်လိုက်မိလေသည်။ သူ(မ)က သူ့အနားသို့ကပ်ကာ သူ့ပခုံးကို အနောက်သို့တွန်းလိုက်ပြီး
“လှဲလိုက်ပါ။”
နောက်ဆုံးတွင် သူ(မ)စကားကိုနားထောင်ကာ ကုမြောင် လှဲလိုက်လေသည်။ သူ့မျက်နှာမှာ အေးစက်၍ ခံစားချက်မဲ့နေသော်လည်း လက်သီးကိုဆုပ်ကာ မျက်တောင်များတုန်ယင်နေခြင်းက သူ၏စိတ်လှုပ်ရှားမှုကို ဖော်ပြနေသည်။ ၎င်းကိုလည်း ချန်ချူက ချစ်စရာအမူအရာတစ်ခုဟုမြင်မိလေသည်။ ထိုအခါ သူ(မ)အသံက ပို၍ပေါ့ပါးစွာဖြင့်
“စိတ်မလှုပ်ရှားပါနဲ့။”
“မ-မလှုပ်ရှားပါဘူး။”
ကုမြောင်၏ အ,ထစ်ထစ်အသံက သူ့စကားကိုသစ္စာဖောက်လိုက်လေသည်။ ချန်ချူက မျက်လုံးလေးမှေးသွားသည်အထိ ပြုံးလိုက်ပြီး
“အင်းပါ။ စိတ်မလှုပ်ရှားရင်လည်း ပြီးတာပါပဲ။ ဒါပေမဲ့ မျက်စဥ်းခတ်နေတဲ့အချိန်မှာ အသက်အောင့်ထားစရာတော့ မလိုဘူးလေ။”
ထိုအခါမှသာ ကုမြောင် သူ အသက်အောင့်ထားမိသည်ကိုပြန်သတိရသွားပြီး ပါးပြင်များနီရဲသွားတော့သည်။ အသက်ပြင်းပြင်းရှူလိုက်သည့်အချိန်တွင် သူ့နားရွက်များပါနီရဲသွား၏။ ချန်ချူ့မျက်လုံးထဲတွင် စမ်းချောင်းကဲ့သို့သောအပြုံးတစ်ခုဖြတ်သန်းလာပြီး သူ့အနားသို့ကပ်လိုက်သည်။ ထိုအချိန်တွင် ကုမြောင်၏နှလုံးခုန်သံတို့ ထိန်းမရတော့ချေ။ မိန်းကလေးကိုမော့ကြည့်လိုက်သည့်သူ့မျက်လုံးထဲတွင် ရှက်စိတ်နှင့် မျှော်လင့်ချက်များပါဝင်နေလေသည်။ “plop” ဟူသော အသံတစ်ခုဖြင့် မျက်စဥ်းကျသွားသောအခါ ကုမြောင် မျက်တောင်ခတ်လိုက်ရသည်။ အေးမြသည့်အထိအတွေ့က သူ့မျက်လုံးထဲတွင် ပျံ့နှံ့သွားပြီး ချန်ချူ့ထံမှ မွှေးရနံ့က သူ့ရင်ခုန်သံများကို လျင်မြန်သွားစေသည်။ စိတ်လှုပ်ရှားမှုကြောင့် သူ့လက်များဖျော့တော့သွားပြီး အနည်းငယ်မူးဝေလာခဲ့လေသည်။
“အိုကေ။ မျက်လုံးမှိတ်ပြီး ခဏလောက်နားလိုက်ဦး။”
ဆောင်းဦးလေညင်းနှင့်အတူ မွှေးပျံ့သည့်ရနံ့လေးလည်း ပျောက်ကွယ်သွား၏။ ကုမြောင် မျက်လုံးမှိတ်ထားရင်း ဝမ်းနည်းသလိုခံစားလိုက်ရသည်။ ကမ္ဘာကြီးတစ်ခုလုံး မှောင်မည်းသွားသော်လည်း သူ့နှလုံးသားထဲတွင် လှိုင်းများကျန်ရစ်ခဲ့သည်။ ဆောင်းဦးလေညင်းက အေးစိမ့်စိမ့်ရှိသော်လည်း အခန်းထဲတွင်မူ နွေးထွေးမှုများဖြင့် ပြည့်နှက်နေလေတော့သည်။
~
ကုမြောင် တဖြည်းဖြည်းနေကောင်းလာသဖြင့် မကြာခင်ဆေးရုံဆင်းနိုင်တော့မည်ဟု ဆရာဝန်ကပြောခဲ့သည်။ သို့သော် သူ့ခြေထောက်က အပြည့်အဝမကောင်းသေးသဖြင့် Wheel Chair သုံးနေရသေး၏။
ဆောင်းဦးရောက်လာသဖြင့် လေထဲတွင်လည်း ဆောင်းအငွေ့အသက်များပါဝင်လာသည်။ ချန်ချူက ကုမြောင်ထိုင်နေသည့် wheel chair ကို ဆေးရုံအပြင်ဘက်သို့ တွန်းလာပေးသည်။ ဒရိုင်ဘာက ကားပိတ်သဖြင့် နောက်ကျမည်ဟုဖုန်းဆက်သောကြောင့် သူတို့ အချိန်ရသေးလေသည်။ ပုဂ္ဂလိကဆေးရုံမှာ ဝေးလံသည့်နေရာတွင်ရှိသော်လည်း အလွန်တိတ်ဆိတ်အေးချမ်းသဖြင့် သက်သောင့်သက်သာရှိပေသည်။
“ကျွန်မတို့ လမ်းလျှောက်ထွက်ကြတာပေါ့။”
ဆေးရုံအနောက်ဘက်တွင် ဥယျာဥ်တစ်ခုရှိသော်လည်း ဆောင်းရာသီတွင်မူ သစ်ရွက်များကြွေထားသဖြင့် အကိုင်းအခတ်များကိုသာမြင်တွေ့ရသည်။ ကုမြောင်က နှုတ်ခမ်းကိုတင်းတင်းစေ့လျက်
“ဟိုနားကခုံမှာ ခဏလောက်ထိုင်ကြမလား။”
သူ့ wheel chair ကို တွန်းပေးနေရသည်မှာ ပင်ပန်းလှပေသည်။ သို့သော် ချန်ချူကမူ ကုမြောင်စကားမပြောချင်တော့သဖြင့် ထိုသို့ပြောသည်ဟုထင်ကာ စိတ်ညစ်သွားပြီး ခေါင်းငုံ့ကာ
“အင်းပါ။”
သူ(မ)က ထိုင်ခုံပေါ်မှအရွက်ကြွေများကို ဖယ်ရှားလိုက်ပြီး သေသေချာချာထိုင်လိုက်၏။ လေအေးတို့တိုက်ခတ်နေပြီး ချန်ချူ့ဆံပင်များကို လွင့်သွားစေခဲ့သည်။ ကုမြောင် သူ(မ)ကိုကြည့်နေရင်း သူ့လက်ချောင်းများက တုံ့ဆိုင်းစွာဖြင့် လှုပ်ရှားလာသည်။ ထိုအခါ ချန်ချူက သူ့ကိုလှည့်ကြည့်လာပြီး
“ဘာဖြစ်လို့လဲ။”
သူ(မ)က ဆံပင်ကိုသပ်တင်ရင်း မေးလာသည်။ ကုမြောင် မျက်လုံးများတုန်ယင်သွားသော်လည်း ဘာမှတော့ပြန်မပြောလိုက်ချေ။ ချန်ချူကလည်း တွေဝေနေပြီး အကြောင်းအရာကိုမေးရန်စောင့်နေသည့်အချိန်တွင် ဖုန်းသံမြည်လာသည်။ ဒရိုင်ဘာရောက်ပြီဖြစ်ပြီး ကုမြောင်၏လက်ထောက်လည်း ရောက်လာလေသည်။ ထိုလက်ထောက်မှာ ကုမြောင်နှင့် (၂)နှစ်ကြာအတူရှိခဲ့ပြီး ကုမြောင်၏အမူအရာ၊ မျက်နှာထားတို့ကို ကျင့်သားရနေပြီဖြစ်သည်။ တစ်ချက်ကြည့်လိုက်ရုံနှင့် ကုမြောင်၏ဆိုလိုရင်းကိုနားလည်လေသည်။
“မဒမ်။ Wheel chair ကို ကျွန်တော်တွန်းပေးလိုက်ပါ့မယ်။”
ထိုသို့ပြောကာ အနားကပ်လာသည်နှင့် ချန်ချူလည်း မငြင်းဆန်လိုက်ချေ။ ဆေးရုံနှင့်အိမ်သည် အတော်ဝေး၏။ တစ်နာရီမောင်းရသော ကားလမ်းခရီးတွင် မည်သူမျှ စကားမပြောကြချေ။ လမ်းခရီးက ချိုင့်ခွက်ပေါများသဖြင့် ချန်ချူ အိပ်ငိုက်လာပြီး အသိစိတ်လွတ်ကာ ဘေးဘက်ကိုမှီ၍ အိပ်ပျော်သွားခဲ့သည်။ ကားထဲတွင် အပူပေးစက်ဖွင့်ထားသဖြင့် ကုမြောင်လည်း အိပ်ငိုက်နေရင်း ရုတ်တရက် သူ့ပခုံးပေါ်သို့ ချန်ချူလာမှီသည့်အခါ သူ(မ)ကိုလှည့်ကြည့်လိုက်လေသည်။ သူ(မ)ဆံပင်ပေါ်တွင် အလင်းရောင်အချို့ဖြာကျနေပြီး သူ(မ)၏အသက်ရှူသံက နွေးထွေးညင်သာနေသည်။ ၎င်းက ကုမြောင်၏နှလုံးခုန်သံကို လျင်မြန်သွားစေ၏။ ကားတစ်စီးလုံး တိတ်ဆိတ်နေပြီး ကုမြောင်မသိလိုက်ဘဲ အသက်အောင့်ထားမိသော်လည်း နှလုံးခုန်သံကျယ်နေသည်ကိုတော့ သတိထားမိသည်။ ကုမြောင် နှုတ်ခမ်းကိုစေ့ထားရင်း သူ့စိတ်ထဲမှပျော်ရွှင်မှုကို ထိန်းမထားနိုင်တော့ပေ။ သူ့မျက်ဝန်းနက်ထဲတွင် အပြုံးတစ်ခုဖြစ်ပေါ်လာပြီး ထိုအပြုံးက သူ့မျက်လုံးနှင့် မျက်ခုံးများဆီသို့ ဖြည်းဖြည်းချင်းပျံ့နှံ့သွားတော့သည်။
လက်ထောက်က သူတို့နှစ်ယောက်ကိုလှမ်းကြည့်ကာ စောင်တစ်ထည်ပေးလာ၏။ ကုမြောင်ကလည်း စောင်ကိုယူလိုက်ပြီး ချန်ချူ့ကို သေသေချာချာခြုံထားပေးလိုက်သည်။ တစ်ခဏကြာသော် ကားက တဖြည်းဖြည်းရပ်သွား၏။ ထိုအခါ ချန်ချူက အိပ်ချင်မူးတူးနှင့် မျက်လုံးဖွင့်ကာ
“ရောက်ပြီလား။”
ကုမြောင်က အသံတိုးတိုးဖြင့် ပြန်ဖြေလိုက်သည်။
“အင်း။ ရောက်ပြီ။”
ကုမြောင်၏ပခုံးပေါ်မှနွေးထွေးမှုလေး ဖြည်းဖြည်းချင်းပျောက်ကွယ်သွားခဲ့သည်။ ထိုခရီးက အလွန်တိုတောင်းနေသည်ဟု ကုမြောင်ခံစားရလေသည်။ ချန်ချူ့မျက်နှာတွင်မူ အိပ်ထားသည့်အရာများထင်နေပြီး မက်မွန်ပွင့်ပုံသဏ္ဌာန်မျက်လုံးက အိပ်ချင်မူးတူးဖြစ်နေ၏။
“ကျွန်မ ရှင့်ပေါ်မှီပြီးအိပ်ပျော်သွားတာလား။”
ချန်ချူက တောင်းပန်၏။
“နောက်တစ်ခါဆို နှိုးလိုက်နော်။”
ကုမြောင်က ဒဏ်ရာရထားပြီး အပြည့်အဝပြန်မကောင်းသေးချေ။ တစ်နာရီကြာသည့်ထိုခရီးတွင် သူ(မ)အဆင်ပြေရန်အတွက် ကုမြောင် မလှုပ်မယှက်နေခဲ့သည့်အပေါ် သူ(မ) အပြစ်ရှိစိတ်ဖြစ်မိသွားသည်။ ကုမြောင်က ခေါင်းငုံ့ကာ နူးညံ့ညင်သာသောအကြည့်များဖြင့် သူ(မ)ကိုကြည့်လိုက်ပြီး
“အင်းပါ။”
စကားအရ သဘောတူလိုက်သော်လည်း စိတ်ထဲတွင်မူ မည်သည့်အခါမျှ ထိုစကားကိုတည်မည်မဟုတ်ကြောင်း သူ့ကိုယ်သူသိလေသည်။
ချန်ချူက မျက်လုံးကိုပွတ်လိုက်ပြီး
“ကျွန်မ ရှင့်ကို ဆင်းဖို့ကူညီပေးမယ်။”
ကုမြောင် တစ်ခဏမှင်တက်မိသွားပြီးနောက် ခေါင်းညိတ်လိုက်သည်။
“ရှောင်ကျန်းကိုပါခေါ်ခဲ့လိုက်မယ်။”
အိမ်ပြန်ရောက်သည့်အခါ လုပ်ရမည့်အလုပ်များစွာရှိနေ၏။ တကယ်တမ်းတွင် ရှောင်ကျန်းက အများစုကိုလုပ်ပြီးသားဖြစ်သော်လည်း ချန်ချူလုပ်ရမည့်ကိစ္စအချို့ ကျန်နေသေးလေသည်။ အစားအသောက် ဆောင်ရန်ရှောင်ရန်နှင့် ဆေးတိုက်ရမည့်အချိန်ဇယားတို့အပါအဝင် ရှောင်ကျန်း၏ညွှန်ကြားချက်များကို ချန်ချူ သေချာနားထောင်ခဲ့သည်။
ယခင်ဘဝတွင် သူ(မ)မနေချင်ခဲ့သော Villa ကြီးက ယခုတွင်မူ နေချင်စရာကောင်းနေသည်။ ညဘက်တွင် အေးစိမ့်သည့်လေတို့လည်း တိုက်ခတ်တတ်၏။ ချန်ချူက ကုမြောင်၏အခန်းတံခါးရှေ့တွင်ရပ်လိုက်ပြီး တံခါးခေါက်လိုက်သည်။
“ကျွန်မ ဝင်လာလို့ရလား။”
ထိုအခိုက်အတန့်တွင် ကုမြောင်ဘက်၌ အချိန်တစ်ခဏရပ်တန့်သွား၏။
“ရတယ်။ ဝင်လာပါ။”
ထိုအသံဩဩတွင် စိတ်လှုပ်ရှားမှုတို့ ပါဝင်နေသည်။
ချန်ချူက တံခါးကိုတွန်းဖွင့်၍ အခန်းထဲသို့ဝင်သွားလိုက်၏။ ကုမြောင်က အိပ်ရာပေါ်တွင် မှီ၍ထိုင်နေပြီး စာအုပ်တစ်အုပ်ကို လက်ထဲတွင်ကိုင်ထားသည်။ ချန်ချူ စာအုပ်ကိုကြည့်နေသည်ကိုမြင်သည့်အခါ သူက စိတ်ပူပန်စွာဖြင့်ရှင်းပြ၏။
“မီးဖွင့်ထားပါတယ်။ ကိုယ့်မျက်လုံးတွေကို မထိခိုက်ပါဘူး။”
ချန်ချူ ရယ်လိုက်မိလေသည်။
“ကျွန်မက ရှင့်ကိုအပြစ်ပြောမလို့မဟုတ်ပါဘူး။ ဘာလို့အဲ့လောက်တောင် လန့်နေရတာလဲ။”
“မလန့်ပါဘူး။”
ကုမြောင်က ခေါင်းပြန်ငုံ့လိုက်ပြီး နှုတ်ခမ်းစေ့ထားလိုက်မိသည်။
“ဟုတ်ပါပြီ ဟုတ်ပါပြီ။”
ချန်ချူ သူ့ကိုထပ်မစတော့ချေ။
“ကျွန်မ ဒီည ဒီမှာပြောင်းအိပ်မလို့။”
ထိုအခိုက်အတန့်တွင် အချိန်တစ်ခဏရပ်တန့်သွားပြန်သည်။ အချိန်အတော်ကြာသွားပြီးနောက်မှ ကုမြောင် စကားပြောနိုင်တော့သည်။
“ဘာ။ ဘာပြောလိုက်တာလဲ။”
ကုမြောင်၏နှလုံးသားတစ်ခုလုံး ပေါက်ကွဲလုမတတ်ဖြစ်သွားခဲ့သည်။ လရောင်လေးတစ်ခု ဖြာကျလာ၏။ ချန်ချူက တံခါးနားတွင်ရပ်ကာ သူ(မ)၏ဖြူဖွေးသောအသားအရေနှင့်လိုက်ဖက်သည့် ပန်းရောင်ပိုးသား ညအိပ်ဝတ်စုံကို ဝတ်ဆင်ထားသည်။ လှိုင်းတွန့်ဆံပင်များက သူ(မ)ရင်ဘတ်ပေါ်တွင်ဖြန့်ကျနေပြီး မက်မွန်ပွင့်ပုံသဏ္ဌာန်မျက်လုံးများတွင် အလင်းရောင်တို့ရှိနေသည်။
သူ(မ)က အတည်ပေါက်ပြောနေခြင်းပင်။
“ဒီနေ့ ဒီအခန်းထဲကိုပြောင်းလာမယ်လို့ ပြောတာ။”
ကြည်လင်ပြတ်သားစွာပြောလိုက်သည့်အသံက ကုမြောင်ကို နှလုံးခုန်မြန်သွားစေသည်။ ချက်ချင်းပင် ကုမြောင် လည်ချောင်းခြောက်လာပြီး အာရုံမစိုက်နိုင်တော့ဘဲဖြစ်သွား၏။ ကုမြောင်၏အဖြစ်အပျက်များကို သတိမထားမိသည့်မိန်းကလေးက ဆက်၍
“ရှင်က အခုထိ လုံးဝကြီးကောင်းသေးတာမဟုတ်တော့ ညရေးညတာ အပေါ့အလေးသွားချင်တာမျိုးဆိုရင် ဒုက္ခရောက်မှာစိုးလို့ပါ။”
သူ့တစ်ကိုယ်လုံး တောင့်တင်းသွား၏။
‘သန့်စင်ခန်းမသွားနိုင်မှာစိုးလို့တဲ့လား။’
“ဒုက္ခမရောက်ပါဘူး။”
ကုမြောင်က တွေဝေစွာဖြင့်
“မင်း-မင်းက ဘယ်လိုလုပ်လာအိပ်မလို့လဲ။”
သို့သော် ထိုအခြေအနေကိုမည်သို့ကိုင်တွယ်သင့်ကြောင်း ချန်ချူသိလေသည်။ သူ(မ)က နှုတ်ခမ်းစူကာ ချွဲတတ်သည့်အသံမျိုးဖြင့်
“ကျွန်မ တစ်ယောက်တည်းအိပ်ရမှာကြောက်လို့ပါ။”
ထိုအိမ်သို့ပြောင်းလာသည့်အချိန်ကတည်းက သူ(မ) အမြဲတမ်း တစ်ယောက်တည်းသာအိပ်ခဲ့ကြောင်း ကောင်းကင်ဘုံကသိပေသည်။ သို့သော် ကုမြောင်က သူ(မ)၏မုသားကိုလျစ်လျူရှုကာ မျက်မှောင်သာကြုတ်လိုက်မိ၏။
“ဒီမှာအိပ်လို့ ရတယ်မဟုတ်လား။”
သူ(မ)က သူ့အနားသို့ကပ်လာပြီး သူ့အင်္ကျီလက်ကိုဆွဲကာ ပြောလိုက်သည်။ သူ(မ)အသံမှာ ညင်သာချိုမြနေသဖြင့် ကုမြောင်နှလုံးသားကို အရည်ပျော်သွားစေခဲ့သည်။ ကုမြောင် အသိစိတ်လွတ်သွားပြီး စဥ်းစားဆင်ခြင်နိုင်စွမ်းမရှိတော့ချေ။
“အင်း။ ရတယ်။”
ကုမြောင်က အံကြိတ်၍ အသံဩဩဖြင့် ပြန်ဖြေလိုက်သည်။
ညဘက်တွင် ပြတင်းပေါက်မှလေအေးများ တိုက်ခတ်လာ၏။ ကုမြောင်ကတော့ မလှုပ်မယှက် ငြိမ်ငြိမ်လေးထိုင်ကာ လေနှင့်အတူပါလာသော မိန်းကလေးဆီမှကိုယ်သင်းနံ့ကို ရှူရှိုက်နေမိသည်။ ၎င်းမှာ ကုမြောင်၏နှလုံးသားကို လှုပ်ခါသွားစေနိုင်သည့်အနံ့မျိုးဖြစ်သဖြင့် ကုမြောင် ရုန်းမထွက်နိုင်ခဲ့ချေ။ တိတ်တဆိတ် ရှူရှိုက်နေရင်း သူ့နှလုံးသားတွင် ချိုမြိန်မှုများဖြင့် ပြည့်နှက်နေသည်။
သူ(မ)အကြောင်းတွေးလိုက်ရုံနှင့် ကုမြောင်ကို ပျော်ရွှင်လာသည်အထိစွမ်းဆောင်နိုင်သောမိန်းကလေးမှာ ချန်ချူတစ်ယောက်တည်းသာ။ သူ တစ်ဖက်သို့လှည့်လိုက်ပြီး ညင်သာသောလရောင်လေးကိုကြည့်လိုက်၏။ ယခုတွင်မူ ထိုမိန်းကလေးက သူ့နံဘေးတွင်ရှိနေလေပြီ။
အပြင်ဘက်တွင်တိုက်ခတ်နေသည့် လေတို့ငြိမ်သက်သွားသည့်အခါ အခန်းကတိတ်ဆိတ်သွားသည်။ သူ့နံဘေးတွင် ချန်ချူလှုပ်ရှားလာသည်ကိုမြင်သဖြင့် ကုမြောင် ချက်ချင်းမျက်လုံးမှိတ်လိုက်၏။ သူ(မ)ထံတွင် ဖမ်းမိသွား၍မဖြစ်။ ကုမြောင် အသက်အောင့်ထားပြီး နားစွင့်ထားမိသည်။ အိပ်ရာခင်းတို့၏ပွတ်တိုက်သံကိုကြားရလိုက်ပြီး သူ့နံဘေးမှအနွေးဓာတ်လေး ပျောက်ကွယ်သွားသည်ကို သတိထားလိုက်မိ၏။
‘သူ(မ) ဘယ်သွားတာလဲ။’
ကုမြောင် ရင်ခုန်သံမြန်နေပြီး မနေနိုင်တော့ဘဲ မျက်လုံးဖွင့်ကြည့်လိုက်မိသည်။ ခပ်လှမ်းလှမ်းရှိ သန့်စင်ခန်းဆီမှ “click” ဟူသောအသံကိုကြားလိုက်ရမှသာ သူ့စိတ်များ ပြေလျော့သွား၏။ တိတ်ဆိတ်နေသည့်ညဖြစ်သောကြောင့် ခြေသံများကိုကြားသည့်အခါ ကုမြောင် မျက်လုံးပြန်မှိတ်ထားလိုက်သည်။ သို့သော် တဖြည်းဖြည်းနှင့် သူ့စောင်ကိုမ,လိုက်ပြီး တစ်ခုခုက အနားကပ်လာသည်ကို ကုမြောင်ခံစားမိလေသည်။ ထို့နောက် ထိုနူးညံ့နေသည့်အရာတစ်ခုက သူ့လက်မောင်းကြားထဲသို့ဝင်ကာ သူ့ရင်ခွင်ကိုမှီလာသည်။
ကုမြောင်၏နှလုံးခုန်သံများ ဆက်တိုက်မြန်ဆန်နေပြီး သူ့ခန္ဓာကိုယ်ထဲမှ သွေးများလည်း အေးခဲသွားသလိုခံစားလိုက်ရသည်။ ကုမြောင် ထပ်၍ အိပ်ချင်ယောင်မဆောင်နိုင်တော့ချေ။
*****
Aurora Novel Translation Team