Chapter 75
အလင်းရောင်မှိန်သည့်ညတွင် လရောင်ဖြာနေ၏။ ကုမြောင်၏နှလုံးခုန်သံများ ပြင်းထန်နေပြီး သူ(မ)ကို တိတ်တဆိတ် ငုံ့ကြည့်လိုက်မိသည်။ လှပသောမိန်းကလေးက သူ့ကိုမှီထားပြီး သူ(မ)လည်ပင်းပေါ်တွင်တင်နေသည့် ဆံချည်တစ်မျှင်က ထူးဆန်းသည့်ခံစားချက်ကိုပေးစွမ်းနေလေသည်။ သူ(မ)က လုံခြုံအေးချမ်းနေသကဲ့သို့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည်မှာ အချိန်အတော်ကြာ အနေဝေးနေခဲ့ရသည့် လင်မယားအစစ်နှင့် တူနေသည်။ အခန်းက အလွန်တိတ်ဆိတ်နေပြီး နွေးထွေးမှုတစ်ခုရှိနေ၏။ သို့သော် ကုမြောင် အိပ်မရတော့ချေ။ လရောင်ဖြာကျနေသည့်အခန်းထဲတွင် ကုမြောင်တစ်ယောက် သူ့စိတ်ထဲမှခံစားချက်ကို မတွန်းလှန်နိုင်တော့ဘဲ မိန်းကလေးကိုဖက်ထားလိုက်လေသည်။
ကုမြောင်၏စိတ်ထဲတွင် ခံစားချက်များဖြင့် တွေဝေနေသည့်အတိုင်း နွေးထွေးသည့်ခံစားချက်တစ်ခုလည်း ရောက်ရှိလာသည်။အမှောင်ထုက အရာအားလုံးကိုဖုံးကွယ်ထားခဲ့သော်လည်း နောက်ဆုံးတွင် ကုမြောင် သတ္တိမွေးကာ သူ(မ)ဆံပင်ကို ပွတ်သပ်ပေးလိုက်သည်။ ထို့နောက် လက်ကိုပြန်ရုတ်သိမ်းလိုက်သည့်အခါ သူ့လက်တွင် နွေးထွေးမှုကို ခံစားမိလိုက်ပြန်သည်။ ထိုညက သူ့ရင်ခွင်ထဲကမိန်းကလေးကိုကြည့်ရင်း လင်းရောင်နီလာသည့်အချိန်မှသာ ကုမြောင်အိပ်ပျော်သွားတော့သည်။
အတော်အသင့် ပြန်ကောင်းသွားသည့်အချိန်တွင် ကုမြောင် ခြေထောက်မှ ကျောက်ပတ်တီးကိုဖြည်လိုက်၏။ အိပ်ရာပြန်ခွဲအိပ်မည့်အကြောင်းကို မပြောဖြစ်ကြဘဲ သူတို့နှစ်ယောက် သာမန်အတိုင်း တစ်အိပ်ရာတည်းတွင်သာ အတူတူအိပ်ခဲ့ကြသည်။ စောင်တစ်ယောက်တစ်ထည်ခြုံကြသော်လည်း ညလယ်ရောက်သည့်အခါတိုင်း ချန်ချူက ကုမြောင်ရင်ခွင်ထဲသို့သာပြေးလာတတ်လေသည်။
ကုမြောင် ချိုမြိန်မှုနှင့်အတူ နာကျင်မှုကိုပါခံစားလိုက်ရသည်။ တစ်ခါတစ်ရံတွင် ညဘက်၌ အလွန်စိတ်လှုပ်ရှားတတ်သော်လည်း အခန်းပြန်ခွဲရမည့်အတွေးတစ်ခုက သူ့ကိုနာကျင်စေသည်။
ကုမြောင် နေပြန်ကောင်းပြီး သိပ်မကြာခင်တွင် ကုမ္ပဏီ၌ အလုပ်ပြန်ဆင်း၏။ ရာသီဥတုပြောင်းသွားပြီဖြစ်သောကြောင့် ဆောင်းလေအေးတို့ တိုက်ခတ်လာသည်။ ညစာစားပြီးနောက် ချန်ချူက သူ(မ)၏အခန်းအဟောင်းထဲသို့ ကုမြောင်ကိုဆွဲခေါ်သွားခဲ့သည်။ လက်ချင်းတွဲထားသည်ကိုကြည့်ရင်း ကုမြောင် မသိမသာပြုံးလိုက်မိ၏။ သို့သော် ချန်ချူလှည့်ကြည့်သည့်အခါ ထိုအပြုံးကို ဖုံးကွယ်ထားလိုက်လေသည်။
“ရော့။ ရှင့်အတွက်။”
၎င်းမှာ လက်ကိုင်တွင် လိပ်ပြာပုံချည်နှောင်ထားသည့် ပန်းရောင်နှင့် အပြာရောင်စပ်ထားသော အိတ်လေးတစ်လုံးပင်။
‘လက်ဆောင်လား။’
ကုမြောင်၏မျက်လုံးများ အရောင်လက်သွားခဲ့သည်။
“အမြန်ဖွင့်ကြည့်ကြည့်။”
သူ(မ)၏တောင်းဆိုမှုကြောင့် ကုမြောင်၏တုန်ယင်နေသောလက်များက ဖဲကြိုးလေးကိုဖြည်လိုက်သည်။ အိတ်ထဲတွင်ရှိနေသည်မှာ အပြာနုရောင်အရုပ်လေးတစ်ရုပ်ဖြစ်သော်လည်း မည်သို့သောအဓိပ္ပာယ်ဖြစ်ကြောင်း ကုမြောင်မသိချေ။ တွေဝေစွာဖြင့် ကုမြောင် ထိုအရုပ်ကိုထုတ်ကြည့်လိုက်သည့်အခါမှသာ စောင်လေးတစ်ထည်ဖြစ်နေကြောင်း သိလိုက်တော့လေသည်။ ထိုအခါ သူ့တစ်ကိုယ်လုံး တောင့်တင်းသွားပြန်၏။
‘သူ(မ)ကိုယ်တိုင် ငါ့အတွက်ထိုးပေးထားတာများလား။’
ကုမြောင် စောင်ကိုကြည့်လိုက်ရင်း မသေသပ်သောလက်ရာတချို့ကိုတွေ့လိုက်ရသည့်အခါ နှလုံးခုန်မြန်သွားတော့သည်။ တစ်ခဏကြာသော် ချန်ချူက
“ကျွန်မထိုးထားတာ။ ရှင့်ခြေထောက်က ပတ်တီးဖြည်လိုက်ပြီဆိုပေမဲ့ ဆောင်းတွင်းဆိုရင် နွေးနေဖို့လိုသေးတယ်လေ။”
လက်ထဲမှစောင်၏ နူးညံ့သောအထိအတွေ့က ကုမြောင်ကို နှလုံးခုန်ရပ်လုမတတ်ဖြစ်စေသည်။ ကောင်းကင်တွင်လည်း သကြားလုံးမိုးများရွာသွန်းနေသကဲ့သို့ ခံစားရသည်။ အသိစိတ်မဲ့နေပြီးသားဖြစ်သော သူ့နှလုံးသားက ယခုတွင်မူ သူ(မ)ကြောင့် ချိုမြိန်မှုများဖြင့်ပြည့်နှက်နေလေတော့သည်။ စောင်အပြာလေးက ကောင်းကင်၏အရောင်ဖြစ်ပြီး ၎င်းပေါ်တွင် တိမ်ကဲ့သို့ အဖြူရောင်ချည်ဖြင့်လည်းထိုးထားသေးသဖြင့် နွေးထွေးစိုပြေသည့်ပုံစံရှိသည်။ ကုမြောင်မှာတော့ အိပ်မက်ကမ္ဘာထဲမှ နိုးထလာရသကဲ့သို့ ခံစားနေရလေသည်။ ပုံမှန်အနေအေးသည့်သူက ထိုနွေးထွေးမှုထဲတွင်ပျောက်ဆုံးနေပြီး သူ့ခြေလှမ်းများကလည်း အစစ်အမှန်မဟုတ်သကဲ့သို့ခံစားရလေသည်။
‘ဒါတကယ်ပဲ အိပ်မက်မဟုတ်ဘူးမလား။’
ကုမြောင် လက်ချောင်းများတုန်ယင်နေရင်း သူ(မ)ကိုမော့ကြည့်လိုက်သည်။ ယနေ့ညကောင်းကင်တွင် လခြမ်းကွေးရှိနေပြီး လရောင်က အခန်းထဲသို့ဖြာကျနေသည်။ ချန်ချူက မျက်တောင်ခတ်လိုက်ပြီး ထူးဆန်းစွာမေးလာ၏။
“ကျွန်မဒီလိုပြောတာက ကလေးဆန်တယ်လို့ရှင်ထင်မလားပဲ။ ဒါပေမဲ့ ရှင်နေ့တိုင်း မီးခိုးရောင်တွေ အနက်ရောင်တွေပဲ သုံးမနေသင့်ဘူးလို့ ကျွန်မထင်တယ်။ အဲ့ဒီအရောင်တွေက ရှင့်ကို အသက်မဲ့စေသလိုပဲ။”
သူ့မျက်ဝန်းနက်များ အရောင်လက်သွားပြီး
“ကလေးဆန်တယ်လို့ မထင်ပါဘူး။ ကိုယ်သဘောကျတယ်။”
တကယ်တမ်းတွင်လည်း ကုမြောင် အလွန်သဘောကျခြင်းပင်။
နောက်တစ်နေ့နံနက်တွင်။
ကုမ္ပဏီ၌ ဝန်ထမ်းတို့အလုပ်များနေကြပြီး မတွေ့ရတာကြာပြီဖြစ်သော မစ္စတာကုကိုတွေ့သည့်အခါ ဝန်ထမ်းများက နှုတ်ဆက်ကြလေသည်။ မစ္စတာကုကမူ ယခင်ကအတိုင်း အေးတိအေးစက်နှင့် ခေါင်းညိတ်၍သာတုံ့ပြန်သည်။ သို့သော် လက်ထဲတွင်သယ်လာသည့် အပြာနုရောင်စက္ကူအိတ်ကြောင့် သူ၏အေးစက်မှုတို့ကို လျော့ကျသွားစေသည်။ ထိုစက္ကူအိတ်ထဲတွင်ရှိနေမည့်အရာကို လူတိုင်းက သိချင်နေကြသည်။ ရုံးရောက်ကတည်းက ထိုသတင်းကိုကြားနေရသည့်ကျန်းရှင်းကလည်း အလွန်စိတ်ဝင်စားနေ၏။ ထို့ကြောင့် နေ့လယ်စာနားချိန်တွင် ကုမြောင်၏ရုံးခန်းထဲသို့ ဝင်သွားခဲ့သည်။
ကုမြောင်က စာရွက်စာတမ်းများနှင့်အလုပ်များနေပြီး ကျန်းရှင်းဝင်လာသည်ကိုတွေ့သည့်အခါ တစ်ချက်မော့ကြည့်ကာ
“ဘာကိစ္စရှိလို့လဲ။”
“ဘာမှမဟုတ်ပါဘူး။”
ကျန်းရှင်းက ခေါင်းကိုကုတ်ကာ ရှက်ရှက်နှင့်ရယ်လိုက်ပြီး
“နေ့လယ်စာနားချိန်ရောက်ပြီဆိုတော့ အောက်ထပ်က စားသောက်ဆိုင်အသစ်ကို သွားစားချင်မလားလို့ပါ။”
ကျန်းရှင်း၏စိတ်ထဲတွင် အိတ်အပြာကိုသာတွေးမိနေသောကြောင့် မျက်လုံးဖြင့် လိုက်လံရှာဖွေလိုက်မိသည်။ ကုမြောင်က စာရေးနေရာမှရပ်လိုက်ပြီး Computer ကိုကြည့်လိုက်မှသာ နေ့လယ်စာစားချိန်မှန်း သိတော့၏။ ထိုအခါ ခြေထောက်ပေါ်တွင်ခြုံထားသည့်စောင်ကို ပြန်ခေါက်လိုက်ပြီး အံဆွဲထဲထည့်လိုက်ပြီးနောက်
“သွားမယ်လေ။”
“ခဏလေး။”
ကျန်းရှင်းက သူ့ကိုတားလိုက်သည်။
“ခုနကခြုံနေတဲ့စောင်က မနက်ကယူလာတဲ့ အပြာရောင်အိတ်ထဲကနေပါလာတာလား။”
ကုမြောင်က အံ့ဩသွားပြီး “မင်း ဘယ်လိုသိတာလဲ။”
“အမယ်လေး။”
ကျန်းရှင်းကလည်း အံ့အားသင့်နေသည့်လေသံဖြင့်
“ဘယ်လိုဖြစ်လို့ မိန်းကလေးဆန်တဲ့စောင်ကို ခြုံထားရတာလဲ။”
ထိုမိန်းကလေးဆန်သည့်စောင်မှာ ကုမြောင်နှင့် လုံးဝလိုက်ဖက်မနေပေ။ ကုမြောင်၏အေးစက်စက်မျက်နှာက တစ်ခဏမှင်တက်သွားပြီးနောက် ရှက်သည့်အရိပ်အယောင်ပေါ်လာလေသည်။ သူက နှုတ်ခမ်းကိုစေ့ကာ မသိမသာဂုဏ်ယူနေသည့်လေသံဖြင့်
“ဒါက သူ(မ)ကိုယ်တိုင် ငါ့ကိုထိုးပေးထားတာ။”
ကျန်းရှင်း တစ်ခဏမှင်တက်သွားပြီးနောက် အချိန်အနည်းငယ်ကြာတော့မှ “သူ(မ)”ဟူသောလူကို မည်သူမှန်းနားလည်သွားတော့သည်။ သူတို့နှစ်ယောက်ကြားမှဆက်ဆံရေးကို အခြားသူများမသိသော်လည်း ကျန်းရှင်းကတော့ သေသေချာချာသိလေသည်။ ကုမြောင်မျက်နှာပေါ်တွင် ဖုံးကွယ်ထားသည့်ပျော်ရွှင်မှုတို့ကိုကြည့်ရင်း သူ့စိတ်ထဲတွင် ထူးဆန်းနေ၏။ မိန်းကလေးချန်က ကုမြောင်ကို အမြဲခပ်တန်းတန်းဆက်ဆံတတ်လေရာ ယခုတွင်မူ အဘယ်ကြောင့် စောင်တစ်ထည်ပင် ချည်ဖြင့်ထိုးပေးရပါသနည်း။ ကျန်းရှင်း ထုတ်မေးလိုက်ချင်သော်လည်း မမေးရဲပေ။ သူ့မျက်နှာပေါ်တွင် ထူးဆန်းသည့်အရိပ်အကဲတစ်ခုသာရှိနေသည်။
ရုံးခန်းတစ်ခုလုံးတိတ်ဆိတ်နေသည့်အချိန်တွင် စားပွဲပေါ်မှဖုန်းက ရုတ်တရက်အသံမြည်လာ၏။ ဖုန်းဖြေလိုက်ပြီး စက္ကန့်အနည်းငယ်ကြာသော် ကုမြောင်၏နှုတ်ခမ်းထောင့်များ ကွေးတက်သွားလေသည်။ ဖုန်းချလိုက်ပြီးနောက် ကုမြောင်က ကျန်းရှင်းအား
“ငါ မင်းနဲ့လိုက်မစားနိုင်တော့ဘူး။”
မျက်နှာပေါ်တွင် ရှက်နေသည့်အရိပ်အယောင်ဖြင့် သူက စကားခဏရပ်လိုက်ပြီးမှ ဆက်ပြော၏။
“သူ(မ)က ငါနဲ့အတူစားဖို့လာခဲ့မယ်တဲ့။”
ကျန်းရှင်း အလွန်အံ့ဩသွားပြီး စက္ကန့်အနည်းငယ်ကြာမှသာ တုံ့ပြန်နိုင်တော့သည်။
“ကော၊ နေပါဦး။ ကောတို့နှစ်ယောက် ဘာတွေဖြစ်သွားကြတာလဲ။”
ကုမြောင်က ကျေနပ်မှုပြည့်ဝနေသည့်အသံဖြင့်
“ငါတို့ အဆင်ပြေနေကြပြီကွ။”
“ကျစ်”
ကျန်းရှင်းက သက်ပြင်းချ၏။
“ဒါဆိုရင်လည်း ဒီ single ကောင်ကြီးရှေ့မှာ အဲ့လောက်ထိလာမချစ်ပြနဲ့လေ။”
“ချစ်ပြသည်”ဟူသောစကားလုံးက ကုမြောင်ကို နှလုံးခုန်မြန်သွားစေ၏။ ရှက်ရှက်နှင့် မျက်ဝန်းနက်များကိုမျက်တောင်ခတ်လိုက်ရင်း ကုမြောင်က
“ဒါဆို မင်းသွားတော့လေ။”
‘ဒီမှာမနေနဲ့တော့ သူ(မ)လာတော့မှာ။’
ထိုစကား၏ သွယ်ဝိုက်သောအဓိပ္ပာယ်ကို ကျန်းရှင်း ချက်ချင်းနားလည်လိုက်သဖြင့် စိတ်ပျက်ပျက်နှင့်ကုမြောင်ကိုကြည့်ကာ ထွက်သွားလိုက်တော့သည်။ သူထွက်သွားသည်နှင့် ကုမြောင်က အံဆွဲထဲမှစောင်ကိုပြန်ထုတ်ကာ ပေါင်ပေါ်သို့ပြန်ခြုံထားလိုက်သည်။ တစ်ခဏကြာသော် တံခါးအပြင်ဘက်တွင်အသံကြားရသဖြင့် ကုမြောင်က စောင်ကိုလက်ဖြင့်ထိန်းကာ ချက်ချင်းမတ်တတ်ရပ်လိုက်သည်။ “click” ဟူသောအသံဖြင့် တံခါးပွင့်သွားပြီးနောက် မိန်းကလေးတစ်ယောက်ပေါ်လာ၏။ ကုမြောင်ကိုမြင်လိုက်သည့်အခါ သူ(မ)မျက်လုံးများတွင် ပျော်ရွှင်မှုများဖြင့်ပြည့်နှက်သွားပြီး အခန်းထဲသို့ဝင်လာလေသည်။
“ရှင့်အကြိုက် ဝက်နံရိုးချိုချဥ်ယူလာပေးတယ်။ ကျွန်မချက်တာတော့မဟုတ်ဘူး။ အန်တီချက်တာ။ ဒီဟင်းက ချက်ရတာနည်းနည်းခက်တော့ ဘယ်လိုချက်ရလဲဆိုတာ ကျွန်မမသင်ရသေးဘူး။”
သူ(မ)အသံက ပေါ့ပါးသွက်လက်နေသဖြင့် ကုမြောင်၏ခံစားချက်များလည်း ကောင်းမွန်လာသည်။ ဆောင်းရာသီတွင် ရုံးခန်း၏အပူချိန်မှာ မြင့်နေတတ်ပြီး ကုမြောင်က စောင်လည်းခြုံထားသောကြောင့် နဖူးတွင်ချွေးပြန်လာ၏။ ချန်ချူ သူ့အနားကပ်သွားပြီး စောင်ကိုမြင်လိုက်သည့်အခါ မျက်လုံးတွင် ပြုံးရိပ်များသန်းလာပြီး
“တကယ်ကြီး ရုံးအထိယူလာတာပဲ။”
ကုမြောင်က နှုတ်ခမ်းကိုစေ့ကာ ဘာမှပြန်မပြောသော်လည်း သူ့မျက်လုံးများကတော့ ဟုတ်မှန်ကြောင်းပြောနေလေသည်။
‘ယူလာရမှာပေါ့။ မင်းကိုယ်တိုင်လုပ်ထားပေးတာပဲကို။’
“ရှင့်ရုံးခန်းက အတော်ပူသလိုပဲနော်။ စောင်ကိုဖယ်လိုက်မလား။”
ချန်ချူက ထမင်းဗူးကိုစားပွဲပေါ်တင်ပြီး လှမ်းမေးလိုက်၏။ ကုမြောင်က တစ်ခဏတုံ့ဆိုင်းနေပြီးနောက် မျက်လုံးများအရောင်မှိန်သွားခဲ့သည်။
“အင်း။”
သူ(မ)စကားကိုနားထောင်၍ စောင်ခြုံထားသည့်အကြောင်း သူ(မ)ကိုပြချင်သော်လည်း သူ(မ)က ထိုအဓိပ္ပာယ်ကို သဘောမပေါက်သွားခဲ့ချေ။ ကုမြောင် အနည်းငယ်စိတ်ပျက်မိသွားပြီး နှုတ်ခမ်းကိုစေ့ကာ စောင်ကိုဖယ်လိုက်၏။ ထို့နောက် ချန်ချူ့ကိုကူညီပေးလိုက်သည်။
ရုံးခန်းထဲတွင် အပူချိန်မြင့်နေ၏။ ချန်ချူမော့ကြည့်လိုက်သောအခါ သူ(မ)ရှေ့မှအမျိုးသားက စိတ်ပျက်လက်ပျက်နှင့် အစာပျောက်သွားသည့်ခွေးလေးကဲ့သို့ဖြစ်နေသည်ကိုတွေ့လိုက်ရလေသည်။ ထိုအခါ သူ(မ)က အနည်းငယ်တွေဝေသွားပြီး
“ရှင် ဘာဖြစ်နေတာလဲ။”
ကုမြောင် ပြန်မဖြေလိုက်ဘဲ ခေါင်းသာယမ်းလိုက်၏။
“အလုပ်မှာ အဆင်မပြေလို့လား။”
ချန်ချူက ဝက်နံရိုးချိုချဥ်ကို တူဖြင့်လှမ်းယူလိုက်ပြီး သူ့ကိုထည့်ပေးရင်းပြောလိုက်သည်။
“စိတ်မညစ်ပါနဲ့။ ဝက်နံရိုးလေး စားလိုက်ဦး။ နောက်တစ်ခါကျရင် ကျွန်မကိုယ်တိုင် ချက်ကျွေးနိုင်အောင်လို့ လေ့လာထားမယ်နော်။”
ကုမြောင် သူ(မ)ကိုမော့ကြည့်လိုက်မိသည်။ နေ့လယ်ခင်းနေရောင်က အလွန်မစူးရှဘဲ ညင်သာစွာ နွေးထွေးနေ၏။ သူ(မ)က ကြည်လင်သော မက်မွန်ပွင့်ပုံသဏ္ဌာန်မျက်လုံးများဖြင့် သူ့ကိုပြုံးပြနေသည်။ ကုမြောင်မှာတော့ အသိစိတ်မဲ့သွားပြီး ပါးစပ်ကိုဖွင့်ကာ ဝက်နံရိုးကိုဝါးနေမိလေသည်။
“စားလို့ကောင်းလား။”
သူ(မ)ကမေးသည့်အခါ ကုမြောင် ပလုတ်ပလောင်းဖြင့်ခေါင်းညိတ်ပြလိုက်သည်။ ထိုနေ့က ကုမြောင် တစ်နေ့လုံးပျော်နေမိ၏။ ညဘက်အိပ်ရာဝင်သည့်အချိန်ထိတိုင် သူ့နှလုံးသားထဲတွင် ထိုပျော်ရွှင်မှုက စွဲထင်နေဆဲဖြစ်သည်။ ကောင်းကင်တွင်လည်း ကြယ်များက ပျော်ရွှင်စွာလင်းလက်နေကြ၏။ သူတို့နှစ်ယောက် အတူတူအိပ်ကြပြီး ညလယ်ရောက်သည့်အခါ ယခင်ညများနည်းတူ ချန်ချူက သူ့ရင်ခွင်ထဲသို့တိုးဝင်လာသည်။ ကုမြောင်က မျက်နှာတွင်သာ နေရခက်သည့်အရိပ်အယောင်ရှိနေသော်လည်း သူ့လက်မောင်းများကိုမူ အဆင်သင့်အနေအထားပြင်ဆင်ကာ မိန်းကလေးကိုစောင့်နေခဲ့သည်။ နူးညံ့နေသည့်သူ(မ)ခန္ဓာကိုယ်က အနားကပ်လာသည့်အခါ သူ့နှလုံးသားတစ်ခုလုံးအရည်ပျော်သွား၏။ တစ်ခဏကြာသော် ကုမြောင် သူ(မ)ကိုဖက်ထားလိုက်သည်။ သို့သော် ယနေ့တွင် သူ(မ)၏ကိုယ်သင်းနံ့က ထူးခြားနေ၏။ ဆောင်း၏အေးစက်မှုနှင့်အတူ သစ်သီးရနံ့တစ်ခုက ကုမြောင်၏နှာခေါင်းထဲသို့ဝင်ရောက်လာပြီး နှလုံးသားထဲသို့ပျံ့နှံ့သွားခဲ့သည်။ ထိုသစ်သီးအနံ့မှာ ချိုချိုချဥ်ချဥ်နှင့် သူ့အကြိုက် သရက်သီးအနံ့ပင်။
တိတ်ဆိတ်နေသည့်ညတွင် သူ့နှလုံးခုန်သံက သိသာရှင်းလင်းနေသည်။ ချန်ချူကမူ အိပ်ပျော်နေပြီဖြစ်ပြီး သူ့လည်ပင်းနားသို့တိုးကပ်ကာ တစ်ခုခုကိုရေရွတ်နေခဲ့သည်။ ကုမြောင်ကလည်း အသက်ကိုဖြည်းဖြည်းရှူပြီး နားထောင်ကြည့်လိုက်၏။ တိတ်ဆိတ်အေးစက်သောညတွင် ပြတင်းပေါက်အပြင်ဘက်၌ လေတိုက်သံတို့ ပြင်းထန်နေသော်လည်း မိန်းကလေး၏အသံက နူးညံ့ညင်သာနေသည်။
“မြောင်ကော။”
သူ(မ)က လွမ်းဆွတ်တမ်းတသည့်အသံမျိုးဖြင့် ခပ်တိုးတိုးရေရွတ်လိုက်သည့်အခါ ကုမြောင်၏နှလုံးခုန်သံတို့ ရပ်တန့်သွား၏။
‘သူ(မ)က ငါ့ကိုခေါ်နေတာလား။’
သူ့လက်များတုန်ယင်လာသည်။ ချန်ချူ၏ ရေရွတ်သံကိုမကြားရတော့မည်စိုးသဖြင့် အသက်ပင်မရှူရဲတော့ချေ။ လေအေးက ပြတင်းပေါက်ကိုတိုက်ခတ်နေသောကြောင့် အသံမြည်နေ၏။ ချန်ချူ၏ကိုယ်သင်းနံ့ကလည်း သူ့နှာခေါင်းထဲသို့ ဆက်တိုက်တိုးဝင်နေသည်။ သို့သော် ချန်ချူက သူ့နာမည်ကိုထပ်မခေါ်တော့ဘဲ ငြိမ်သက်သွားပြန်သည်။ ကုမြောင် အနည်းငယ်စိတ်ညစ်သွားပြီး သူကြားခဲ့သည့်အရာကို အိပ်မက်ဖြစ်နေမလားဟုသံသယဝင်နေမိသည်။ ချန်ချူက သူ့ကို ယခင်ကကဲ့သို့ အေးစက်စက်မဆက်ဆံတော့သော်လည်း ထို nickname ကိုကြားလိုက်ရခြင်းမှာ ကုမြောင်အတွက် ထူးဆန်းနေသည်။ မိမိကိုယ်ကို တွေဝေစိတ်များဖြင့် ထင်ယောင်ထင်မှားဖြစ်သည်ဟုသာ ကုမြောင် ဖြေသိမ့်လိုက်တော့သည်။
ထိုညက အတွေးများနေရင်း သူ့လည်ပင်းအနီးမှနွေးထွေးသည့်အထိအတွေ့ကို ကုမြောင်ရုတ်တရက်ခံစားလိုက်ရသည်။ မိန်းကလေးကို သူ့ရင်ခွင်ထဲတွင်ဖက်ထားဆဲအချိန်တွင် သူ့ကိုယ်ထဲ လျှပ်စီးကြောင်းတွေစီးဝင်လာသလိုခံစားချက်မျိုးပင်။
‘သူ(မ) ငါ့ကိုနမ်းလိုက်တာလား။’
ကုမြောင် အံ့အားသင့်ကာ သူ(မ)ကိုမော့ကြည့်လိုက်သည်။ ချန်ချူက အိပ်နေဆဲဖြစ်ပြီး တစ်ခါတစ်ရံတွင် မျက်မှောင်ကြုတ်နေကာ သူ(မ)၏နူးညံ့သောနှုတ်ခမ်းက သူ့လည်ပင်းနှင့် ထိမိနေခြင်းဖြစ်သည်။ ကုမြောင်၏နှလုံးသားထဲတွင် လှိုင်းများထန်လာပြီး လည်ပင်းမှအရေပြားမှာ မီးကဲ့သို့ပူပြင်းလာတော့သည်။ ကံကောင်းစွာဖြင့် ထိုအပူဓာတ်က လျင်မြန်စွာပျံ့နှံ့ကာ သူ့တစ်ကိုယ်လုံးသို့ ဖြန့်ကျက်သွားလေသည်။ လေထုထဲတွင် မိန်းကလေး၏ကိုယ်သင်းနံ့တို့ ပြည့်နှက်နေ၏။ ကုမြောင် သူ(မ)ကိုငုံ့ကြည့်လိုက်သည့်အခါ အသိစိတ်များကင်းမဲ့သွားပြီး ရုတ်တရက် သူ(မ)ကိုနမ်းချင်မိသွားလေသည်။ သိုသိုသိပ်သိပ်နှင့် ခပ်မြန်မြန်အနမ်းမျိုးပင်။ ကုမြောင်၏နှလုံးသားမှာ ဒရမ်ကဲ့သို့မြည်နေပြီဖြစ်ပြီး ထိုခံစားချက်ကို ထိန်းမထားနိုင်တော့ချေ။ ထို့ကြောင့် သူ ခေါင်းငုံ့လိုက်ပြီး မိန်းကလေး၏နဖူးကို ခပ်ဖွဖွနမ်းလိုက်လေသည်။
ထိုအခိုက်အတန့်တွင် ရုတ်တရက် အလွန်ကျေနပ်သကဲ့သို့ခံစားလိုက်ရပြီး သူ့ပါးနှင့် နားရွက်များ နီရဲလာတော့သည်။ ၎င်းမှာ သူ့အကြိုက်ဆုံးအနံ့ဖြစ်ပြီး သူ(မ)ကလည်း သူအချစ်ရဆုံးသော မိန်းကလေးပင်။
‘ခိုးနမ်းလိုက်တာ သူ(မ)မသိသွားလောက်ပါဘူး။’
*****
Aurora Novel Translation Team