Chapter 76.1
Haishi တွင် ယခုနှစ်၌ ရာသီဥတုအလွန်အေး၏။ နှင်းမကျသော်လည်း လေထဲတွင် အအေးဓာတ်များပြည့်နှက်နေသည်။ ဒီဇင်ဘာလသို့ရောက်လာပြီဖြစ်သဖြင့် မကြာခင် နှစ်သစ်ကူးတော့ပေမည်။
ချန်ချူက ဆိုဖာပေါ်တွင်ထိုင်းရင်း computer ကိုကြည့်နေပြီး ကုမြောင်ကမူ သူ(မ)ဘေးတွင်ထိုင်ကာ စာရွက်တစ်ခုကိုဖတ်နေသည်။ သူတို့နှစ်ယောက်၏ကြားမှလေထုက အေးဆေးငြိမ်သက်၍ နွေးထွေးနေသည်။ ထိုစဥ် Computer မှ “ding ding” ဟူသောအသံတစ်ခုကြောင့် ကုမြောင် မော့ကြည့်လိုက်၏။
“ဆောရီး။ နှောင့်ယှက်မိသလိုဖြစ်သွားလား။”
ချန်ချူက ချက်ချင်းပင် အသံကိုပိတ်လိုက်၏။
“မဖြစ်ပါဘူး။”
ကုမြောင်က ခေါင်းယမ်းလိုက်ပြီး ဘောပင်ကိုင်ထားသည့်သူ့လက်က တစ်ခဏရပ်တန့်သွားခဲ့သည်။ ချန်ချူက သူ့ကိုပြုံး၍ကြည့်လိုက်ပြီး Chatting software ကို ဖွင့်လိုက်၏။ ၎င်းမှာ လင်းချီဖိန်ထံမှ message ပင်။
“နှစ်သစ်ကူးအကြိုနေ့အမီ ငါပြန်လာမှာ။ ငါ့ကိုလာကြိုဦး။”
ယခုလက်ရှိဘဝတွင်မူ လင်းချီဖိန်က အထက်တန်းပြီးကတည်းက သူ့မိဘများနှင့်အတူ နိုင်ငံခြားသို့လိုက်သွားကာ နှစ်ပေါင်းများစွာပြန်မလာခဲ့သည့်အခြေအနေဖြစ်သည်။
“အိုခေလေ။ လေယာဥ်အချိန်နဲ့ နံပါတ်စဥ်ပို့ထားလိုက်။”
ချန်ချူက စာပြန်လိုက်၏။ တစ်ခဏကြာသော် ထိုအချက်အလက်တို့ရောက်ရှိလာသည်။ အခန်းထဲတွင်တိတ်ဆိတ်နေသောကြောင့် စာရိုက်သည့်အသံမှာ အနည်းငယ်အနှောင့်အယှက်ဖြစ်နေလေ၏။ ကုမြောင် စာဆက်မရေးနိုင်တော့ဘဲ သူ(မ)ကိုကြည့်လိုက်သည်။
ပြတင်းပေါက်အပြင်ဘက်တွင် လရောင်က ကြည်ကြည်လင်လင်ရှိနေ၏။ ချန်ချူက ဆိုဖာပေါ်တွင်ထိုင်နေရင်း နှုတ်ခမ်းတွင် အပြုံးတစ်ခုဖြင့် ကီးဘုတ်ပေါ်တွင်စာရိုက်နေခဲ့သည်။ ကုမြောင် စိတ်လှုပ်ရှားလာပြီး စိတ်ထဲတွင် အဆင်မပြေဖြစ်လာ၏။
‘ဘယ်သူနဲ့ chat နေတာမို့လို့ ဒီလောက်တောင် ပြုံးပျော်နေရတာလဲ။’
ကုမြောင် နှုတ်ခမ်းကိုစေ့ထားပြီး ထိုအပြုအမူက သူ့ကိုအာရုံစိုက်၍မရအောင်လုပ်နိုင်ကြောင်း နားလည်သွားခဲ့သည်။ ယခင်က သိုသိုသိပ်သိပ်နေခဲ့သည့်အမျိုးသားမှာ ယခုတွင် အခွံမာထဲမှထွက်လာပြီး ယခင်ကနှင့်မတူဘဲ သိချင်စိတ်များပြင်းထန်လာသည်။ သူဖတ်နေသည့်စာကို လက်ထဲမှချထားလိုက်ပြီး ဘေးဖက်သို့တိုးလိုက်၏။ ရုတ်တရက် ဆိုဖာပေါ်တွင်ထိုင်လိုက်ခြင်းဖြစ်သောကြောင့် ချန်ချူကလန့်သွားပြီး စာရိုက်နေရာမှရပ်လိုက်လေသည်။ ထို့နောက် သူ့ကိုမော့ကြည့်ကာ
“ဘာဖြစ်လို့လဲ။”
“ဘာမှမဟုတ်ပါဘူး။”
စိတ်ထဲတွင် အဆင်သိပ်မပြေလှသော်လည်း ကုမြောင်ဝန်မခံချင်သောကြောင့် စကားလွှဲလိုက်၏။
“ဒီတိုင်း အလုပ်ပြီးသွားလို့ထိုင်တာပါ။”
‘မင်းငါနဲ့အဖော်လုပ်ပေးမယ်မလား။’
၎င်းမှာ သူ့စိတ်ထဲမှပြောလိုက်သည့်စကားပင်။ သို့သော် ချန်ချူကမူ ထိုစကား၏အဓိပ္ပာယ်ကို ချက်ချင်းနားလည်လိုက်၏။ သူ(မ)ခေါင်းငုံ့ပြီး computer တွင် စာအမြန်ရိုက်လိုက်ပြီးနောက် computer ကို ဘေးဖယ်ထားလိုက်တော့သည်။
“ဒါဆို ရုပ်ရှင်သွားကြည့်ကြမလား။”
သူ(မ)၏မျက်လုံးများမှာ လခြမ်းကွေးပုံစံဖြစ်သွားပြီး
“ရှေ့ရက်တုန်းကမှ အသစ်ထွက်ထားတဲ့ဇာတ်ကားအသစ်တစ်ခုရှိတယ်။ ကျွန်မ အရမ်းကြည့်ချင်နေတာ။”
“ကောင်းပြီလေ။”
ကုမြောင်ကလည်း ချက်ချင်း သဘောတူလိုက်၏။
“ဒါဆို ကျွန်မ မိတ်ကပ်လိမ်းပြီး အဝတ်အစားသွားလဲလိုက်ဦးမယ်။ ရှင်က လက်မှတ်တွေဝယ်ထားလိုက်ပေါ့။”
ထိုသို့ပြောလိုက်ပြီး ချန်ချူ ခုန်ပေါက်ကာထွက်သွားတော့သည်။ ကုမြောင်က ချန်ချူဝတ်ထားသည့်အဝတ်အစားကိုကြည့်ရင်း ထိုသို့တွေးလိုက်မိသည်။
‘ဒီဝတ်စုံနဲ့လည်း လှနေပြီကို။ ဘာလို့ထပ်လဲဖို့လိုရတာလဲ။’
သို့သော် သူထုတ်မမေးခဲ့ချေ။
ထို့နောက် ကုမြောင်က တံခါးပိတ်ထားသည့် အဝတ်အစားလဲခန်းအနီးသို့သွားလိုက်ပြီး
“ဘယ်အချိန်ကြည့်ချင်တာလဲ။”
“ဘယ်အချိန်ဖြစ်ဖြစ်ရတယ်။ တစ်နာရီလောက်နေရင် ကြည့်လို့ရမဲ့ဟာတစ်ခုခုပေါ့။”
ချန်ချူက ညင်သာသောအသံဖြင့် ပြန်ဖြေလိုက်သဖြင့် ကုမြောင်မျက်နှာတွင် ပြုံးရိပ်သန်းလာပြီး လက်မှတ်များကို ဖုန်းနှင့်လှမ်းဖြတ်ထားလိုက်တော့သည်။ ထိုအချိန်တွင် ရုတ်တရက် သူ(မ) laptop ၏ ညာဘက်ထောင့်မှ box တစ်ခုတွင် စာဝင်လာလေသည်။
“ငါ့ကိုလာကြိုဖို့မမေ့နဲ့နော်။”
“လင်းချီဖိန်”ဟူသော နာမည်သုံးလုံးကိုမြင်သည့်အခါ ကုမြောင်၏လက်များ တောင့်တင်းသွားပြီး နှလုံးသားထဲတွင်လည်း အေးစက်သွားခဲ့သည်။ နှလုံးသား၏ နက်ရှိုင်းသောနေရာတွင် မြှုပ်နှံထားသည့်မှတ်ဉာဏ်များက ဒီရေကဲ့သို့လှိုင်းထလာသည်။ လင်းချီဖိန်ဟုခေါ်သော ထိုကောင်လေးကြောင့် ကုမြောင် အကြိမ်ပေါင်းများစွာ သိမ်ငယ်ခဲ့ရဖူးသည်။ ထိုသူမှာ ချန်ချူနှင့် အမြဲလိုက်ဖက်သောသူ၊ သူ(မ)သဘောကျသောသူပင်။ သူ(မ)နှင့် ပထမဆုံးတွေ့ခဲ့သည့်နေ့က ချန်ချူ့ဘက်မှပြောခဲ့သည့်စကားတစ်ခွန်းကို ကုမြောင် ရုတ်တရက်သတိရသွားသည်။
“ကျွန်မမှာ သဘောကျတဲ့သူရှိတယ်။”
ထိုအခိုက်အတန့်တွင် သူ့နှလုံးသားတစ်ခုလုံး နာကျင်သွား၏။
‘အခု သူ(မ)သဘောကျတဲ့လူပြန်လာပြီဆိုတော့ ငါ့ကိုမလိုချင်တော့ဘူးလား။’
ဟုတ်ပေမည်။ ရှေ့ရက်များတွင်ကြုံတွေ့ခဲ့ရသည့် နီးစပ်မှုတို့မှာ ကားအက်ဆီးဒင့်ကြောင့်သာ ဖြစ်ပေလိမ့်မည်။ သူသတိရလာကတည်းက သူ(မ)က သူ့အပေါ်အလွန် ဂရုစိုက်ကြင်နာနေခဲ့ပြီး သူနှင့်စကားပြောသည့် အသံအနေအထားကလည်း ပျော့ပြောင်းလာသည်။
အပြင်ဘက်မှလေအေးတို့က အခန်းထဲဝင်ရောက်လာသဖြင့် သူ့လက်ချောင်းထိပ်များ အေးခဲသွားတော့သည်။ အအေးဓာတ်တစ်ခုက သူ့ခန္ဓာကိုယ်ထဲသို့စိမ့်ဝင်လာသော်လည်း ကုမြောင် ငေး၍သာရပ်နေပြီး အရာအားလုံးကိုမေ့ပျောက်သွားခဲ့သည်။ တစ်ခဏကြာပြီး မိန်းကလေး၏အသံကိုကြားရမှသာ သူ့နှလုံးသားထဲမှအေးစက်မှုတို့ ဖြည်းဖြည်းချင်းပျောက်ကွယ်သွားတော့သည်။
“ကျွန်မအဆင်သင့်ဖြစ်ပြီနော်။ လက်မှတ်ဖြတ်ပြီးသွားပြီလား။”
ပန်းရောင်ဂါဝန်အရှည်ဝတ်ဆင်ထားသဖြင့် သူ(မ)၏ပုံစံမှာ နတ်သမီးလေးတစ်ပါး မြေပြင်ပေါ်သို့ဆင်းသက်လာသကဲ့သို့ အလွန်လှပနေသည်။
“ကျွန်မဝတ်ထားတာ လှရဲ့လား။”
ချန်ချူက ဝင်းပစွာပြုံးလိုက်ပြီး မေးလေ၏။ လက်ချောင်းများ ပြန်နွေးလာသည်ကိုခံစားမိသော်လည်း သူ့နှလုံးသားထဲကအအေးဓာတ်တို့ကတော့ ပျောက်ကွယ်မသွားသေးပေ။ သူ့လည်ချောင်းတွင် တင်းကျပ်နေပြီး စကားလည်းမပြောနိုင်ခဲ့ချေ။ တစ်ခုခုမှားယွင်းနေပြီဖြစ်ကြောင်း သတိထားမိလိုက်သည့်ချန်ချူက
“ဘာဖြစ်လို့လဲ။”
ကုမြောင် ခက်ခက်ခဲခဲခေါင်းယမ်းပြလိုက်ပြီး
“ဘာမှမဖြစ်ပါဘူး။ လှတယ်။ အရမ်းလှတယ်။”
ထိုအခါ ချန်ချူက သူ့လက်ကိုလှမ်းဆွဲလိုက်ပြီး
“ဒါဆိုလည်း သွားမယ်။”
သူ(မ)၏လက်ဖဝါးတွင် ဆောင်း၏အအေးဓာတ်တို့ရှိမနေပေ။ ခြေလှမ်းအနည်းငယ် ရှေ့သို့ဆွဲခေါ်သွားခြင်းခံရပြီးနောက်မှ ကုမြောင် အသိပြန်ဝင်လာတော့သည်။ လက်ချင်းတွဲထားသည်ကို ငုံ့ကြည့်လိုက်ပြီး ကုမြောင်စိတ်ထဲတွင် မျှော်လင့်ချက်ရောင်ခြည်လေးဖြတ်သန်းသွား၏။
‘သူ(မ)က ငါ့အနားမှာရှိနေချင်သေးတာပဲ။ ငါ့ကိုမထားခဲ့လောက်ပါဘူး။ မဟုတ်ရင် ငါ့ကိုညင်ညင်သာသာပြောတာတွေ ငါ့လက်ကိုစကိုင်တာတွေ ဘယ်လုပ်ပါ့မလဲ။ ပြီးတော့ ငါ့အတွက် ဟင်းချက်နည်းတွေလည်းသင်ပြီး စောင်တစ်ထည်လည်း ထိုးပေးသေးတာပဲ။’
သူ(မ) မထွက်ချင်သွားသည်မှာသေချာပေသည်။ ကုမြောင်က သူ့စိတ်ထဲတွင် အထပ်ထပ်သတိပေးနေသော်လည်း ဖုံးကွယ်ထားသည့်ဝမ်းနည်းမှုက မပျောက်ကွယ်သွားဘဲ တစ်ကိုယ်လုံးကိုဖြန့်ကျက်ကာ အတွေးများကိုစိုးမိုးနေတော့သည်။ ထိုညကလည်း ရင်ခွင်ထဲမှမိန်းကလေးကိုကြည့်ရင်း သူ နာကျင်ခဲ့ရပြန်သည်။ အခန်းတစ်ခုလုံး တိတ်ဆိတ်နေပြီး ပြတင်းပေါက်အပြင်ဘက်တွင် မြူနှင်းများက လကိုဖုံးကွယ်ထားသဖြင့် အမှောင်ကျနေလေ၏။
~
ယခုရက်ပိုင်းတွင် ချန်ချူတစ်ယောက် ကုမြောင်ဆီမှလက်ဆောင်များရရှိနေ၏။ ကား၊ အိမ် စသည့် ကြီးကြီးမားမားလက်ဆောင်များမှအစ လက်ဝတ်တန်ဆာကဲ့သို့ သေးသွယ်သည့်လက်ဆောင်များအထိပင်။ ယခင်ကလည်း ရံဖန်ရံခါ လက်ဆောင်ပေးလေ့ရှိသော်လည်း ထိုသို့ခပ်စိပ်စိပ်ပေးခဲ့ခြင်းမျိုးမဟုတ်ပေ။ ယနေ့တွင်လည်း ကုမြောင်က စိန်ဆွဲကြိုးတစ်ခုပေးလာသောကြောင့် ချန်ချူမနေနိုင်တော့ဘဲ ထုတ်မေးလိုက်တော့သည်။
“ရှင် ဘာတွေဖြစ်နေတာလဲ။”
ဆွဲကြိုးကိုကိုင်ထားရင်း ချန်ချူမေးလိုက်ခြင်းပင်။ ကုမြောင်က တစ်ခဏမှင်တက်မိသွားပြီး တုံ့ဆိုင်းစွာဖြင့်
“ဘာမှမဖြစ်ပါဘူး။ မင်းကို တစ်ခုခုလက်ဆောင်ပေးချင်လို့ပါပဲ။”
“မနေ့ကလေးတင် ကျွန်မကို လက်စွပ်တစ်ကွင်းပေးထားတာလေ။ ပြီးတော့ ရှေ့ရက်တွေတုန်းကလည်း အိတ်တွေအများကြီးပေးထားသေးတယ်။”
ကုမြောင် မျက်တောင်များတုန်ယင်သွားပြီး သတိထားနေသည့်အသံဖြင့် ပြန်မေးလိုက်သည်။
“ကိုယ်ဝယ်ပေးတာတွေကို မင်းမကြိုက်လို့လား။”
သူ့အသံအနေအထားကိုကြားလိုက်ပြီးနောက် ချန်ချူ စိတ်မကောင်းဖြစ်ကာ သက်ပြင်းချလိုက်မိသည်။ ထို့နောက် သူ့ကိုပြန်ချော့သည့်လေသံမျိုးဖြင့်
“ကျွန်မ ကြိုက်ပါတယ်။ ဒါပေမဲ့ နေ့တိုင်းကြီးလက်ဆောင်ပေးနေတာကျတော့ မဟုတ်သေးဘူးလေ။”
တစ်ခုခုမှားယွင်းနေသလိုပင်။
ကုမြောင်က နှုတ်ခမ်းကိုစေ့ထားပြီး မျက်ဝန်းနက်များထဲတွင် တွေဝေနေသည့်အရိပ်အယောင်များဖြင့်
“ဒါဆို ဘယ်နှရက်ခြားပြီးပေးရင် အဆင်ပြေလောက်လဲ။”
ထိုကိစ္စများအားလုံးမှာ ကျန်းရှင်းနှင့်တိုင်ပင်ခဲ့သည့်ကိစ္စများဖြစ်၏။ လက်ဆောင်ပေးပါက မိန်းကလေးများပျော်ရွှင်ကြသည်ဟု ကျန်းရှင်းကပြောသော်လည်း ချန်ချူက အဘယ်ကြောင့် မပျော်ရပါသနည်း။
ချန်ချူက ချမ်းသာသည့်အသိုင်းအဝိုင်းတွင် ကြီးပြင်းလာရသောကြောင့် လိုအပ်ချက်မရှိခဲ့ချေ။ သူ(မ)အတွက်မူ ထိုအရာများအားလုံးမှာ ဆောင်းဦးတွင် ရွက်ဝါများကြွေကျသကဲ့သို့ မထူးဆန်းသည့်အရာမျိုးပင်။ ထိုအချက်က ကုမြောင်ကိုတွေဝေသွားစေလေ၏။
‘ငါပေးတဲ့လက်ဆောင်တွေကိုတောင်မကြိုက်ဘူးဆိုရင် ငါ့ကိုဘယ်လိုလုပ်ကြိုက်ပါ့မလဲ။’
ဆောင်းလေတိုက်ခတ်သည်မှာ သူ့နှလုံးသားကိုပါ အေးစိမ့်သွားစေခဲ့သည်။ ကုမြောင် လက်သီးဆုပ်ထားပြီး သူ့မျက်လုံးများထဲတွင် တွေဝေမှုများရှိနေသည်။ ချန်ချူက သူ့ကိုမော့ကြည့်လိုက်သည့်အခါ သူ့မျက်လုံးများနီမြန်းနေသည်ကိုမြင်၍ အတော်စိတ်မကောင်းဖြစ်သွားတော့သည်။
“ကျွန်မက အဲ့လိုပြောတာမဟုတ်ပါဘူး။ ကျွန်မ တကယ်ကြိုက်ပါတယ်။ ဒီတိုင်း…”
သူ(မ)က သင့်တော်သည့်စကားတစ်လုံးကိုရှာနေသကဲ့သို့ တစ်ခဏရပ်သွား၏။ ထို့နောက် သူ(မ) ဘာစကားမျှထပ်မပြောနိုင်ခဲ့ချေ။
ကုမြောင်က လည်ချောင်းရှင်းလိုက်ပြီး
“ကိုယ်သိပါပြီ။ ကိုယ်မှားသွားတာပါ။”
ချန်ချူက စိတ်မကောင်းစွာဖြင့် နှုတ်ခမ်းကိုကိုက်မိလိုက်သည်။
‘ငါသူ့ကို နာကျင်အောင်လုပ်လိုက်မိပြီလား။’
“ကိုယ်တောင်းပန်ပါတယ်။”
ကုမြောင် သူ(မ)ကိုငုံ့ကြည့်လိုက်၏။ သူ့မျက်ဝန်းနက်များမှာ အေးစက်နေသောညနှင့် ထပ်တူကျနေသကဲ့သို့ပင်။ ချန်ချူ ရုတ်တရက် အသည်းကွဲသွားသလိုခံစားလိုက်ရ၏။ သူ ထိခိုက်လွယ်သိအကြောင်း သူ(မ)သိထားပေသည်။ သို့သော် ယခုအခြေအနေမှာ အချင်းချင်းဝန်မခံရသေးသည့်အချိန်ဖြစ်သောကြောင့် ထိုသို့သောစကားမျိုး သူ့ကိုမပြောလိုက်သင့်ချေ။
သူ(မ)က ထပ်၍
“ကျွန်မပြောချင်တာက ဒီလိုပါ။ ရှင်က နေ့တိုင်းလက်ဆောင်တွေပေးနေတော့ ကျွန်မမွေးနေ့အတွက် surprise ဖြစ်စရာ မကျန်တော့ဘူးပေါ့။”
ချန်ချူ့ခေါင်းထဲတွင်အကြောင်းမဲ့ပေါ်ပေါက်လာခဲ့သော ထိုဆင်ခြေက ကုမြောင်အတွက် အားတက်စရာဖြစ်သွားလေသည်။
ဆောင်းညက အေးစက်ရှည်လျားလှ၏။ အသက်မဲ့နေသော ကုမြောင်၏နှလုံးသားတွင် အလင်းရောင်တစ်ခု ပြန်ပေါ်လာလေသည်။
‘မွေးနေ့ဟုတ်လား။ သူ(မ)မွေးနေ့မှာ ငါနဲ့အတူ အချိန်တွေကုန်ဆုံးချင်တယ်လို့ပြောချင်တာလား။’
သူ့မျက်နှာတစ်ခုလုံး နူးညံ့သွားပြီး မေးရိုးပင်လျှင် ပျော့ပြောင်းသွားသည်ဟုထင်ရလေသည်။
“ဒါဆိုလည်း မင်းမွေးနေ့ရောက်တဲ့အထိစောင့်ပါ့မယ်။”
ကုမြောင်က အေးဆေးညင်သာစွာပြောလိုက်သည်။ ထိုအခါ ချန်ချူက ရုတ်တရက်ပြုံးလိုက်သဖြင့် မက်မွန်ပွင့်ပုံသဏ္ဌာန်မျက်လုံးတွင် ပျော်ရွှင်မှုလှိုင်းများပေါ်လာလေသည်။
“အိုကေလေ။”
ထို့နောက် ကုမြောင်က သူ(မ)စကားကိုနားထောင်ကာ လက်ဆောင်ကြီးကြီးမားမားမပေးတော့သော်လည်း တစ်ခါတစ်ရံ လက်ဝတ်တန်ဆာလက်ဆောင်တော့ပေးနေဆဲပင်။ သို့သော် ယခင်ကကဲ့သို့ နေ့တိုင်းမဟုတ်တော့ဘဲ သာမန်ပြန်ဖြစ်သွား၏။
ဆောင်းတွင်းသို့ရောက်လာပြီဖြစ်သောကြောင့် မြို့အစွန်တွင် ရေပူစမ်းနှင့် အပန်းဖြေစခန်းများဖွင့်လေရာ လူအများစုကလည်း စိတ်ဝင်စားလာကြသည်။ လူချမ်းသာလူငယ်တချို့က ရေပူစမ်းများတွင် booking ယူကာ လူအများကိုဖိတ်၍လည်း ပျော်ပါးတတ်ကြသည်။ ကျန်းရှင်းဆီမှ ဖိတ်ကြားစာနှစ်စောင်ရထားသဖြင့် ကုမြောင်က ချန်ချူနှင့်အတူသွားချင်နေလေသည်။ သို့သော် သာမန်အချိန်တွင် တက်ကြွလေ့ရှိသောမိန်းကလေးက သည်တစ်ကြိမ်တွင်တုံ့ဆိုင်းနေ၏။
“ဘာဖြစ်လို့လဲ။ မသွားချင်ဘူးလား။”
ကုမြောင်က မျက်မှောင်ကြုတ်လိုက်၏။
“ဒါဆိုလည်း သူတို့ကိုပြန်ပြောလိုက်မယ်လေ။”
“မဟုတ်ဘူး မဟုတ်ဘူး။”
ချန်ချူက သူ့ကိုတားလိုက်သည်။
“တကယ်တော့ ကျွန်မသွားချင်ပါတယ်။ ဒါပေမဲ့ စောစောပြန်လာလို့ရလား။ ကျွန်မသူငယ်ချင်းတစ်ယောက် ပြန်လာမှာဆိုတော့ သူ့ကိုလေဆိပ်မှာသွားကြိုပေးရမှာမို့လို့။”
ကုမြောင်၏နှလုံးခုန်သံတို့ ရုတ်တရက်ရပ်တန့်သွားသည်။ ချန်ချူသွားကြိုမည့်လူမှာ လင်းချီဖိန်ဖြစ်ကြောင်း သူသိလိုက်လေသည်။ သို့သော်လည်း သူ(မ)ကိုတားရန် သူ မည်သည့်စကားမျှမပြောခဲ့ချေ။
လမရှိသောညတွင် မည်းမှောင်နေသည့်တိမ်တိုက်များသာရှိ၏။ ကုမြောင်က ခေါင်းငုံ့ထားပြီး လက်သီးဆုပ်ထားသဖြင့် သူ့လက်များပင် ဖျော့တော့နေလေပြီ။ သူ့စိတ်ထဲတွင်မူ ခါးသက်သက်ခံစားချက်များ မြင့်တက်နေသည်။ အသက်ရှူသံမှာတောင် ထိုခါးသက်မှုတို့ပါဝင်နေသကဲ့သို့ ခံစားရလေသည်။ သူ အံကြိတ်ထားပြီး အသံကိုထိန်းကာ စကားတစ်ခွန်းသာပြောလိုက်သည်။
“ကောင်းပါပြီ။”
*****
Aurora Novel Translation Team