Chapter 76.2
ယခုရက်ပိုင်းတွင် ရာသီဥတုက မှိုင်းညှို့နေသော်လည်း ထူးထူးဆန်းဆန်း သူတို့ villa ကိုသွားသည့်နေ့တွင် နေထွက်လာ၏။ ကားထဲတွင် သင့်တော်သောအပူချိန်ထားရှိသောကြောင့် နွေးထွေး၍ သက်သောင့်သက်သာရှိနေသည်။ မြို့စွန်သို့သွားသည့်လမ်းက အနည်းငယ်ကြမ်း၏။ ညနေခင်း စားသောက်ပွဲလည်းရှိသေးသောကြောင့် လမ်းတွင်တစ်ရေးအိပ်မည်ဟု ချန်ချူတွေးလိုက်သည်။
သူ(မ)က ကုမြောင်ကိုမှီထားလိုက်ပြီး အသံတိုးတိုးဖြင့်
“ကျွန်မ တစ်ရေးလောက်အိပ်ဦးမယ်။”
နေရာတကာသယ်သွားလေ့ရှိသော အပြာရောင်စောင်လေးကိုထုတ်၍ ကုမြောင် သူ(မ)ကိုခြုံပေးလိုက်၏။
ချန်ချူက မျက်တောင်ကိုဖြည်းဖြည်းချင်းခတ်ကာ
“ရှင့်ပခုံးပေါ်မှီပြီးအိပ်လို့ရလား။”
အရင်တစ်ခေါက်ကမူ ကုမြောင်၏ဒဏ်ရာများကြောင့် ချန်ချူ သူ့အပေါ်မှီရခြင်းကို အားနာနေခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုတွင် ကုမြောင်က နေကောင်းနေပြီဖြစ်သောကြောင့် ထိုအခွင့်အရေးကိုလက်လွှတ်မခံတော့ပေ။
ထိုအခိုက်အတန့်တွင် ကုမြောင်၏မျက်လုံးလေးများ ဝိုင်းစက်သွားလေသည်။
“ရရဲ့လား။”
ချန်ချူက သူ့အနားကပ်၍ထပ်မေးလိုက်သဖြင့် သူ(မ)၏အသက်ရှူသံတို့က သူ့နားမှတစ်ဆင့် နှလုံးသားအထိရိုက်ခတ်သွားတော့သည်။ ကုမြောင် ထိုနေရာတွင်သာ မှင်တက်စွာထိုင်နေပြီး သူ့နားရွက်များနီရဲလာလေ၏။
“ရတယ်။ ရတာပေါ့။”
‘ဘာလို့မရရမှာလဲ။’
ချန်ချူက ထိုအဖြေကိုမျှော်လင့်ထားပြီးဖြစ်၏။ ထို့ကြောင့် ကုမြောင်စကားမဆုံးခင်ကတည်းက သူ့ပခုံးပေါ်တွင် မှီနှင့်ပြီးသားဖြစ်နေခဲ့သည်။ သူ(မ)၏လုပ်ရပ်များမှာ ကုမြောင်၏နှလုံးသားထဲတွင် လှိုင်းထန်သွားစေနိုင်ကြောင်း သူ(မ)အနည်းငယ်သိထားလေသည်။
ကားတစ်စီးလုံးတိတ်ဆိတ်နေပြီး လမ်းကလည်းကြမ်းသောကြောင့် လူပင်ပန်းကာအိပ်ငိုက်လာကြသည်။ သို့သော် ကုမြောင်ကမူ အိပ်ငိုက်ခြင်းအလျဥ်းမရှိဘဲ အတွေးနယ်ချဲ့နေမိ၏။ သူ့စိတ်ထဲတွင် တုံ့ဆိုင်းမှု၊ လွမ်းဆွတ်မှု၊ နာကျင်မှုနှင့် ပျော်ရွှင်မှုတို့ ရောယှက်နေသည်။ တစ်ခါတစ်ရံတွင် ချန်ချူ့စကားများကြောင့် သို့မဟုတ် မထင်မှတ်ထားသည့်အပြုအမူများကြောင့် သူ့စိတ်ထဲတွင်ပျော်ရွှင်မိကာ သူ(မ) တစ်နေ့ထွက်သွားမည်ဟူသောအချက်ကိုပင် မေ့မေ့ပျောက်ပျောက်ရှိနေခဲ့သည်။ ကုမြောင် မျက်လုံးမှိတ်ထားလိုက်၏။ နောက်ဆုံးမှာတော့ တုန်ယင်နေသည့်လက်များဖြင့် သူ(မ)ကိုဖက်ထားလိုက်တော့သည်။ ပျော်ရွှင်မှုက တစ်ခဏအခိုက်အတန့်သာဖြစ်နေလျှင်ပင် ကုမြောင်အတွက် တစ်ဘဝစာလုံလောက်ပေသည်။
လမ်းခရီးတွင် လမ်းကြမ်း၊ လေကြမ်းသောကြောင့် တစ်နာရီထက်ပိုကြာပြီးမှ Villa သို့ရောက်လာသည်။ ကားရပ်လိုက်သည်နှင့် ဧည့်ကြိုများစွာက သူတို့ကိုနှုတ်ဆက်ကြပြီး Villa ထဲတွင် check in လုပ်ရန်နှင့် သူတို့၏ facilities များကို အားတက်သရောပြောပြနေကြသည်။ ချန်ချူက အမှုမဲ့အမှတ်မဲ့သာနားထောင်လိုက်ပြီး သူတို့ပြန်ထွက်သွားမှသာ စိတ်အေးသွားတော့သည်။
သူတို့ရောက်သည့်အချိန်မှာ နေ့လယ်ခင်းဖြစ်နေပြီဖြစ်ပြီး ညနေတွင်လည်း စားသောက်ပွဲတစ်ခုရှိနေသေး၏။ တစ်ခဏလောက် ခြေလက်သန့်စင်ပြီးနောက် သူတို့နှစ်ယောက် စတင်ပြင်ဆင်လိုက်ကြတော့သည်။ ချန်ချူက ထိုသို့သောစားသောက်ပွဲများကို အမှန်တကယ်စိတ်ဝင်စားခြင်းမရှိသော်လည်း သူ(မ)၏လုပ်ငန်းတွင်မူ ပေါင်းသင်းဆက်ဆံရေးက မရှိမဖြစ်လိုအပ်နေလေသည်။ သူ(မ) မိတ်ကပ်ပြင်ပြီး ဝတ်စုံလဲပြီးသည့်အချိန်တွင် ကောင်းကင်ကမှောင်သွားချေပြီ။
သူ(မ)က ကုမြောင်၏လက်ကိုတွဲကာ စားသောက်ပွဲခန်းမသို့ ကျက်သရေရှိစွာလျှောက်သွားသည်။ ခန်းမထဲတွင် လူများဖြင့်ပြည့်နှက်နေပြီး သူတို့မျက်နှာပေါ်တွင်လည်း ဟန်ဆောင်အပြုံးများ ဆင်မြန်းထားကြသည်။ တစ်ခါတစ်ရံ TV ထဲတွင်မြင်တွေ့ရတတ်သည့် ရင်းနှီးနေသောမျက်နှာများကိုပင် ချန်ချူတွေ့လိုက်သေးသည်။ သူ(မ)ဘေးတွင် ကုမြောင်က စားစရာအချို့ကိုယူလာပေး၏။
“မင်း တစ်ခုခုလောက်အရင်စားလိုက်ပါလား။”
“အင်း။”
ချန်ချူက မုန့်အနည်းငယ်စားလိုက်ပြီး နေရာယူလိုက်သည်။ ထိုအခါ စီးပွားရေးမိတ်ဆွေတချို့က ချန်ချူ့အနားသို့ရောက်လာကြ၏။
“အိုး။ မစ္စတာကုနဲ့ မဒမ်ကုပါလား။ နေကောင်းသွားပြီလား။ ကျွန်မက ဆေးရုံမှာလာကြည့်ချင်ခဲ့တာကို အဖိုးက ပေးမသွားဘူးလေ။ အနှောင့်အယှက်ဖြစ်မှာစိုးလို့တဲ့။”
ကုမြောင်က အနည်းငယ်ပြုံးပြလိုက်ပြီး စကားလုံးတချို့ဖြင့်သာ ပြန်တုံ့ပြန်လိုက်၏။ လွန်ခဲ့သောနှစ်များက ကုမြောင်၏ကုမ္ပဏီက Haishi မြို့တွင် နေရာရလာပြီး ထိပ်တန်းနေရာသို့ရောက်သွားခဲ့သဖြင့် လူအများစုက ကုမြောင်ကိုမြှောက်ပင့်၍ အရောဝင်ရန်ကြိုးစားလာကြသည်။
လူအုပ်ကြီး ငြိမ်သက်သွားပြီးနောက် အချိန်တချို့လည်းကုန်ဆုံးသွား၏။ စားသောက်ပွဲထဲတွင် အပူချိန်မြင့်မားနေသောကြောင့် ချန်ချူက အနည်းငယ်အသက်ရှူကျပ်လာသဖြင့် ကုမြောင်၏အင်္ကျီလက်ကိုဆွဲကာ
“ကျွန်မ သန့်စင်ခန်းသွားလိုက်ဦးမယ်။”
ကုမြောင်က တစ်ခဏတုံ့ဆိုင်းနေခဲ့ပြီး
“ကိုယ်လိုက်ပို့ပေးမယ်။”
သူတို့နှစ်ယောက် လက်ချင်းတွဲကာ စားသောက်ခန်းထဲမှထွက်ခဲ့ကြသည်။ အေးစက်သောဆောင်းလေက ရှည်လျားတိတ်ဆိတ်၏။ ချန်ချူ့ပါးပြင်ပေါ်မှအပူငွေ့တို့လည်း ဖြည်းဖြည်းချင်းလျော့ကျလာသည်။
“ဒီမှာစောင့်နေနော်။ ပြန်လာခဲ့မယ်။”
ကုမြောင် သူ(မ)နောက်သို့လိုက်သွားချင်သော်လည်း ထိုသို့ တပူးပူးတကပ်ကပ်ဖြစ်နေသည်မှာ မသင့်တော်သောကြောင့် အင်တင်တင်ဖြင့်ခေါင်းညိတ်၍သာ ကျန်ခဲ့ရလေသည်။ သွယ်လျလှပနေသည့်မိန်းကလေး၏ပုံရိပ်မှာ တဖြည်းဖြည်းပျောက်ကွယ်သွား၏။ ကုမြောင် နှုတ်ခမ်းကိုစေ့ထားရင်း တစ်ဖက်သို့လှည့်ကာ အနီးအနားသို့လျှောက်သွားကြည့်လိုက်သည်။ ခပ်လှမ်းလှမ်းတစ်နေရာရှိ အထီးကျန်ဆန်နေသည့်မီးအလင်းရောင်တို့က ကုမြောင်မျက်လုံးထဲတွင် အလင်းပြန်လာသည်။ လက်ရန်းကိုမှီထားရင်း ကုမြောင်က မီးရောင်များနှင့်ညမြင်ကွင်းကို ငေးကြည့်နေလိုက်သည်။ ရုတ်တရက် သူ့အနောက်ဘက်ရှိတံခါးဆီမှ အသံကြားလိုက်ရသဖြင့် ကုမြောင်ပြုံးကာ မြန်မြန်လှည့်ကြည့်လိုက်သည်။ တိတ်ဆိတ်နေသောညတွင် သူ့ခြေလှမ်းများတုံ့ဆိုင်းသွားပြီး သူ့အပြုံးကလည်း အေးစက်သွားတော့သည်။
အနီရောင်ဝတ်စုံနှင့်အမျိုးသမီးတစ်ယောက်ပေါ်လာပြီး ဝင်းမွတ်သောအသားအရေကလည်း ဆွဲဆောင်နေခဲ့သည်။
“မစ္စတာကု။ မတွေ့ရတာကြာပြီနော်။”
လက်ထဲတွင် ဝိုင်တစ်ခွက်ကိုကိုင်၍ ကျုံးချင်ချင်းလျှောက်လာပြီး သူ(မ)အသံထဲတွင်လည်း ထူးခြားဆန်းကြယ်မှုများ ပါဝင်နေသည်။
“သောက်ပါဦး။”
သူ(မ)က ဆွဲဆောင်လိုသည့်အသံအနေအထားဖြင့် ထပ်ပြောလာ၏။
“တော်ပါပြီ။ ကျေးဇူးပါ။”
ကုမြောင်က အေးစက်စက်သာပြန်ပြောလိုက်ပြီး ဖန်ခွက်ကိုတွန်းဖယ်ကာ
“ကျွန်တော့်အမျိုးသမီးကို စောင့်နေတာပါ။”
ကျုံးချင်ချင်းက ဖျော်ဖြေရေးလောကတွင် ကြယ်တစ်ပွင့်ဖြစ်ပြီး အမျိုးသားများ၏နှလုံးသားကို အပြည့်အဝနားလည်ခြင်းကြောင့် အထူးထင်ပေါ်ကျော်ကြား၏။ သူ(မ)က တောက်ပစွာပြုံးလိုက်ပြီး သူ(မ)မျက်လုံးများတွင် အပြစ်ကင်းစင်မှုများကိုထည့်သွင်းလိုက်သည်။
“မစ္စတာကုကလည်း အဲ့လောက်ကြီး အေးစက်စက်မဆက်ဆံပါနဲ့။ ကျွန်မက ကျေးဇူးတင်စကားပြောချင်လို့ လာတာပါ။”
ကုမြောင် မျက်မှောင်ကြုတ်လိုက်၏။ လေအေးတိုက်ခတ်နေသဖြင့် သူ့မျက်နှာက ပို၍ပင် အေးစက်မာကျောနေတော့သည်။
“ကျွန်တော့်ကိုကျေးဇူးတင်စရာ ဘာအကြောင်းများရှိလို့လဲ။”
လွန်ခဲ့သောနှစ်များက ကျုံးချင်ချင်းမှာ ပြိုင်ဖက်ကုမ္ပဏီ၏ အသရေဖျက်ခြင်းကိုခံရသောကြောင့် အင်တာနက်ပေါ်တွင် မကောင်းသတင်းများစွာပျံ့နှံ့သွားခဲ့သည်။ သူ(မ)နှင့်စာချုပ်ချုပ်ထားသော မဂ္ဂဇင်းနှင့် ကြော်ငြာများကလည်း စာချုပ်ဖျက်သိမ်းလိုက်ကြ၏။ သို့သော် “Chuangyu” ကို ဖက်တွယ်ထားနိုင်ခဲ့သောကြောင့် သူ(မ) တစ်ဖန်ပြန်လည်ရပ်တည်နိုင်လာခဲ့သည်။ ဉာဏ်နီဉာဏ်နက်များကိုထုတ်သုံးခဲ့ခြင်းမရှိပါက ယနေ့အချိန်တွင် ကျုံးချင်ချင်းဟူ၍ ရှိလာတော့မည်မဟုတ်ချေ။ ကုမြောင်မှာ CTO တစ်ယောက်သာဖြစ်သော်လည်း ကုမ္ပဏီ၏ ရှယ်ရာအများစုကိုပိုင်ဆိုင်ထားပြီး Chuangyu တွင် ဆုံးဖြတ်ချက်ချနိုင်သည့်အာဏာရှိသူဖြစ်ကြောင်း သူ(မ)သိထားသည်။ ထိုလူကို အမိဖမ်းနိုင်သည်နှင့် သူ(မ)၏အနာဂတ်မှာ ပို၍အဆင်ပြေချောမွေ့သွားမည်ပင်။ မိန်းကလေးချန်ချူနှင့်လက်ထပ်သည်မှာ စီးပွားရေးအရသာဖြစ်သောကြောင့် လူအများရှေ့တွင် ချစ်ကြိုက်ကြောင်း ပြသနေသော်လည်း တကယ်လက်တွေ့တွင် အချင်းချင်း သီးသန့်သာနေခြင်းဖြစ်ပေလိမ့်မည်။
ညလေညင်းက ကျုံးချင်ချင်း၏ဆံပင်တို့ကို လွင့်ဝဲနေစေ၏။ သူ(မ)က ဆံပင်ကိုသေသေချာချာသပ်လိုက်ပြီး မျက်လုံးဝိုင်းများဖြင့်
“အရင်တစ်ခေါက်တုန်းက နာမည်ဖျက်ခံရတဲ့ကိစ္စမှာ ကျွန်မကိုကူညီပေးခဲ့လို့ ကျေးဇူးတင်ပါတယ် မစ္စတာကု။ တကယ်ခက်ခဲတဲ့အချိန်မှာတောင် ရှင်က ကျွန်မကို ပစ်မထားခဲ့ဘူးနော်။”
သူ(မ)က ညင်သာသည့်အသံဖြင့် ချွဲချွဲနွဲ့နွဲ့ပြောခဲ့သော်လည်း ကုမြောင်၏အေးစက်စက်မျက်နှာထားက ပြောင်းလဲမသွားခဲ့ပေ။
“အဲ့ကိစ္စတွေကို ကျွန်တော်ကိုင်တွယ်ခဲ့တာမဟုတ်ဘူး။ တကယ်လို့ ခင်ဗျားတစ်ယောက်ယောက်ကို ကျေးဇူးတင်ချင်တာဆိုရင်တော့ လူမှားနေပြီ။ ကျွန်တော့်ကိုခွင့်ပြုပါဦး။”
ထိုအမျိုးသမီး၏ရေမွှေးနံ့က အလွန်ပြင်းလှသဖြင့် ကုမြောင် နှာခေါင်းရှုံ့မိသည်။ သူအလျင်အမြန်ထွက်သွားတော့မည့်အချိန်တွင် ကျုံးချင်ချင်းက သူ့ကိုလှမ်းဆွဲလိုက်၏။ ထိုအချိန်တွင် “Bang” ဟူသော အသံကျယ်ဖြင့် တံခါးတစ်ချပ်ပွင့်သွားရာ ကုမြောင်မော့ကြည့်လိုက်မိသည်။ တံခါးဝတွင်ရပ်နေသူမှာ ချန်ချူဖြစ်ပြီး သူတို့နှစ်ယောက်ကို မျက်တောင်မခတ်ဘဲသေချောကြည့်နေလေသည်။ အချိန်အတော်ကြာသွားပြီးမှ သူ(မ)က သူတို့ဆီသို့လျှောက်လာ၏။
“ဒေါက် ဒေါက်”
ဒေါက်ဖိနပ်သံက တိတ်ဆိတ်သောညတွင် ထင်ရှားနေသည်။
“မိန်းကလေးကျုံး၊ အိမ်ထောင်ရှိတဲ့အမျိုးသားတစ်ယောက်ကို ဒီလိုမျိုး ထိတာကိုင်တာမလုပ်သင့်ဘူးဆိုတာ မင်းကိုဘယ်သူမှမပြောပြကြဘူးလား။”
ချန်ချူက သူ(မ)ကိုစိုက်ကြည့်ပြီး ပြုံးပြလိုက်သည်။ ကျုံးချင်ချင်းက တစ်ခဏနေရခက်သွား၏။ ယခင်က မိန်းကလေးချန်ကို မတွေ့ဖူးခဲ့သောကြောင့် ထိုသို့မာနကြီးသည့်မိန်းကလေးမျိုးဖြစ်လိမ့်မည်ဟု သူ(မ)မထင်ထားခဲ့ချေ။ သို့သော် သူ(မ)မော့ကြည့်လိုက်သည့်အခါ လရောင်ဖြာကျနေသည့် မိန်းကလေးချန်၏မျက်နှာပေါ်တွင် အထင်သေးမှုတို့ကို သိသိသာသာမြင်လိုက်ရ၏။ ကျုံးချင်ချင်းဆိုသည့်သူ(မ)က ထိုအမျိုးသမီး၏အာရုံစိုက်မှုကိုခံရလောက်သည်အထိ မထိုက်တန်သော အထင်သေးမှုမျိုးဖြစ်သည်။ ထိုအခါ ကျုံးချင်ချင်း၏စိတ်ထဲတွင် အလွန်ထိခိုက်သွားပြီး စကားတစ်လုံးမျှ ပြန်မပြောနိုင်တော့ချေ။
ချန်ချူက သူ(မ)ကိုနောက်တစ်ကြိမ်မကြည့်တော့ဘဲ ပြုံးသာပြုံး၍
“မင်းသာတစ်ခုခုထပ်ပြောမယ်ဆိုရင် ဒီနှစ်အတွက် နာမည်ဖျက်ခံရတဲ့အခါ တို့ကုမ္ပဏီဘက်က ဘာမှမလုပ်ပေးနိုင်တော့မှာစိုးရိမ်မိတယ်။”
ထိုသို့ပြောလိုက်ပြီးနောက် ချန်ချူက တစ်ဖက်သို့လှည့်သွားပြီး ကုမြောင်လက်ကိုလှမ်းကိုင်ကာ
“သွားကြစို့။”
ကုမြောင်၏ တင်းကျပ်နေသောနှလုံးသားတို့ ပြေလျော့သွားပြီး အေးစက်နေသည့်အမူအရာများလည်း ပြန်လည်နွေးထွေးလာသည်။ သူတို့နှစ်ယောက်သား လက်ချင်းတွဲ၍ထွက်သွားပြီး ကျန်ခဲ့သည့်သူကို တစ်ချက်ပင်ပြန်လှည့်မကြည့်ခဲ့ကြပေ။
ကောင်းကင်ရှိကြယ်များမှာ ဆောင်း၏အအေးဓာတ်ကို သယ်ဆောင်လာနေသလိုပင်။ လေအေးနှင့်ထိတွေ့လိုက်သည့်အချိန်တွင် ချန်ချူက သူ့လက်ကိုလွှတ်လိုက်ပြီး ညင်သာသည့်အသံဖြင့်
“ကျွန်မပင်ပန်းနေလို့ အရင်ပြန်နှင့်တော့မယ်။”
ကုမြောင် ရုတ်တရက်မှင်တက်သွားပြီး ခံစားချက်များဗလာဖြစ်သွား၏။ လမ်းပျောက်သွားသည့်ခံစားချက်ဖြင့် သူ လှမ်းကြည့်လိုက်သော်လည်း မိန်းကလေး၏နောက်ကျောကိုသာ တွေ့လိုက်ရတော့သည်။ အေးစက်နေသည့်ညတွင် ကုမြောင် သူ(မ)နောက်သို့အမှီလိုက်ပြီး ရှင်းပြလိုက်သည်။
“ကိုယ် သူ(မ)ကိုမသိပါဘူး။ သူ(မ)က ကိုယ်တို့ကုမ္ပဏီက ဂိမ်းတစ်ခုရဲ့ ပြောရေးဆိုခွင့်ရှိတဲ့သူတစ်ယောက်ဆိုပေမဲ့ အရင်တုန်းကတောင် တစ်ခါမှ သူ(မ)နဲ့မတွေ့ဖူးပါဘူး။ ကိုယ်အပြင်ဘက်မှာ မင်းကိုစောင့်နေတုန်း သူ(မ)က ဘယ်ကရောက်လာမှန်းမသိတာ။”
ကုမြောင်၏အသံအနေအထားက ချန်ချူမကြားဖူးခဲ့သည့် အလျင်လိုနေသောအသံမျိုးပင်။ ကုမြောင်မှာ စကားနည်းသည့်သူဖြစ်ပြီး စကားပြောလျှင်လည်း အမြဲ တည်တည်ငြိမ်ငြိမ်နှင့် အချက်ကျကျပြောတတ်သည်။ သို့သော် ယခုတွင်မူ သူ အတော်လေးစိတ်ပူနေဟန်ရလေသည်။
ချန်ချူက စိတ်ဆိုးနေခြင်းမဟုတ်သော်လည်း အသံတိတ်နေ၏။ သူ(မ) ကုမြောင်ကိုသေချာသိပေသည်။ ကုမြောင်က ခံစားချက်များကို ရင်ထဲတွင်သိမ်းထားတတ်သူဖြစ်ပြီး တစ်ခါတစ်ရံ စိတ်မလုံခြုံမှုများကိုပြသတတ်သည်။ ထို့ကြောင့် ကုမြောင် သူ့ရင်ထဲမှခံစားချက်များကို ဖွင့်ဟလာရန် သူ(မ) လှုံ့ဆော်ပေးမှဖြစ်ပေမည်။ ထို့ကြောင့်သာ သူ(မ)က ဂရုမစိုက်သောမျက်လုံးများဖြင့် သူ့ကိုစိုက်ကြည့်ပြီး ဘာစကားတစ်ခွန်းမျှမပြောခဲ့ခြင်းပင်။
စားသောက်ပွဲခန်းမ၏အပြင်ဘက်တွင် လေတိုက်နေသဖြင့် သစ်ရွက်တို့၏ပွတ်တိုက်သံကိုကြားနေရ၏။ အေးစက်စက်ပြုမူနေသည့်မိန်းကလေးကိုကြည့်ရင်း ကုမြောင်စိတ်ထဲတွင် ပူပန်လာတော့သည်။ အလွန်စိတ်ပူပန်နေသောကြောင့် လက်ဖျားများတုန်ယင်လာပြီး အေးစက်သောညတွင်ပင် နဖူး၌ ချွေးစေးများပြန်လာတော့သည်။
သူ စကားမပြောသည်ကိုသိသဖြင့် ချန်ချူက ထွက်သွားချင်ယောင်ဆောင်လိုက်သည်။ သို့သော် သူ(မ)ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည့်အချိန်တွင် ကုမြောင်က သူ(မ)ကိုလှမ်းဆွဲလိုက်၏။ ဆောင်းညတစ်ညတွင် သူ့လက်များက ခံစားချက်များစွာပြင်းထန်နေသကဲ့သို့ ပူပြင်းနေလေသည်။
“ကိုယ် မင်းကိုချစ်တယ်။”
ကုမြောင် မျက်လုံးကိုစုံမှိတ်ထားပြီး သူ့အသံကလည်း ခြောက်ကပ်ကပ်ဖြစ်နေသည်။ လရောင်က ညင်သာနေပြီး ထိုအမျိုးသား၏ဝန်ခံချက်ကိုကြားနိုင်ရန် ညလေကလည်း ငြိမ်သက်သွားခဲ့သည်။ ကြယ်စုံနေသည့်ကောင်းကင်အောက်တွင် ကုမြောင်က ချန်ချူ့ခန္ဓာကိုယ်ကို တစ်ဖက်သို့လှည့်ယူလိုက်ပြီး သူ့ဘဝတွင် ပထမဦးဆုံးအကြိမ် သူ(မ)မျက်လုံးများကို ကြောက်စိတ်မရှိဘဲ တည့်တည့်ကြည့်လိုက်လေတော့သည်။
“ကိုယ်မင်းကိုချစ်တယ်။”
‘တကယ်လို့ မင်းကိုယ့်ကို ဘယ်တုန်းကမှမချစ်ခဲ့ဘူးဆိုရင်တောင်၊ မင်းချစ်တဲ့တခြားတစ်ယောက် သက်သက်ရှိနေတယ်ဆိုရင်တောင်၊ မင်းရဲ့ ချိုသာတဲ့စကားလုံးတွေနဲ့ ယုယမှုတွေက အကြောင်းတစ်ခုခုကြောင့်ဖြစ်နေမယ်ဆိုရင်တောင် ကိုယ်ကတော့ မင်းကို နှလုံးသားတစ်ခုလုံးပေးထားပြီးသားပါပဲ။’
‘အဲ့ဒါကြောင့် ကိုယ့်ကို အေးစက်စက်မျက်လုံးတွေနဲ့မကြည့်ပါနဲ့။ ကိုယ့်ကို မထားခဲ့ပါနဲ့။’
‘မင်းကိုယ့်ကို မသနားဘူးလား။’
သူ့စိတ်ထဲတွင် ခါးသက်မှုများကိုခံစားနေရပြီး သူ့မျက်လုံးများလည်း နီရဲလာပြီဖြစ်သည်။ သို့သော် ရုတ်တရက် သူ့ရင်ခွင်ထဲတွင် နွေးထွေးမှုတစ်ခုကို ခံစားလိုက်ရ၏။ ချန်ချူက သူ့ခါးကိုဖက်ထားပြီး သူ့ရင်ခွင်ထဲတွင်ခေါင်းဖွက်ထားလိုက်ခြင်းပင်။ ထို့နောက် သူ(မ)က
“ကျွန်မလည်း ရှင့်ကိုချစ်ပါတယ်။”
ထိုအခိုက်အတန့်တွင် ကုမြောင် နှလုံးခုန်ရပ်သွားပြီး သွေးကြောထဲမှသွေးများလည်း ရပ်တန့်သွားသလိုပင်။ တစ်ခဏကြာသော် သူ့ဦးနှောက်ထဲသို့ အတွေးပေါင်းစုံဝင်လာ၏။
သူတို့နှစ်ယောက်လုံး တိတ်ဆိတ်သွားကြသည်။ တဒိတ်ဒိတ်ခုန်နေသည့်ရင်ခုန်သံကြားတွင် ကုမြောင်က အသံကိုသေချာထိန်းကာ
“မင်း ဘာပြောလိုက်တယ်။”
ကုမြောင်မှာ အိပ်မက်မက်နေသည်ဟုထင်ကာ မယုံနိုင်ဖြစ်နေ၏။ ချန်ချူက ကြယ်များကဲ့သို့လင်းလက်နေသည့် မက်မွန်ပွင့်ပုံသဏ္ဌာန်မျက်လုံးများဖြင့် မော့ကြည့်လာပြီး
“ကျွန်မ ရှင့်ကိုချစ်တယ်လို့။”
ထိုညက ကုမြောင်နှလုံးသားထဲတွင် မီးရောင်စုံဖြာသွားခဲ့သည်။ နှလုံးခုန်မြန်နေသောကြောင့် ကုမြောင် မျက်လုံးမှိတ်ထားပြီး စကားကိုလည်း ဖြည်းဖြည်းသာပြောနိုင်လေသည်။
“ဒါပေမဲ့။ မင်းအရင်တုန်းကပြောတာ…”
စိတ်ထဲမှခံစားချက်ကိုထိန်း၍ တစ်ခဏရပ်လိုက်ပြီးနောက် ကုမြောင်ဆက်ပြောလိုက်၏။
“မင်းမှာ သဘောကျတဲ့သူရှိပြီးသားဆို။”
ချန်ချူက သဘောကျစွာရယ်မောလိုက်ပြီး
“ကျွန်မရှင့်ကို လိမ်ပြောလိုက်တာလေ။ အဲ့ဒီတုန်းက Blind Date မှ မသွားချင်ခဲ့တာ။ အဲ့ဒါကြောင့် အကြောင်းရှာလိုက်တာပေါ့။”
ကုမြောင် အသက်အောင့်ထားမိပြီး နှလုံးခုန်သံတို့မှာလည်း ထိန်းချုပ်မရဖြစ်နေသည်။
‘ဒါဆို ဒါတွေအားလုံးက တကယ်ပေါ့။ အိပ်မက်မဟုတ်ဘူးပေါ့။’
“ဒါဆို လင်းချီဖိန်ကရော။”
သူ့အသံထဲတွင် အပြစ်ရှိစိတ်အနည်းငယ်ဖြင့် သူက ဆက်ပြောလိုက်၏။
“ကိုယ်မင်းရဲ့ chat history ကို ဝင်ကြည့်ဖို့ ရည်ရွယ်ခဲ့တာတော့မဟုတ်ပါဘူး။”
သို့သော် ချန်ချူက စိတ်မဆိုးဘဲ မျက်လုံးများမှာ လခြမ်းကွေးပုံစံမှေးသွားပြီး တက်ကြွသောအသံဖြင့်
“ဪ ဒီရက်ပိုင်းအတွင်း ဘာဖြစ်နေတာလဲလို့တွေးနေတာ။ လက်စသတ်တော့ ရှင်က သဝန်တိုနေတာပေါ့လေ။ သူနဲ့ကျွန်မက ဘာမှမဟုတ်ပါဘူး။ ရိုးရိုးသူငယ်ချင်းတွေပဲ။ နှစ်သစ်ကူးခါနီးကျရင် သူပြန်လာတော့မှာဆိုတော့ ကျွန်မကသူ့ကို လေဆိပ်မှာသွားကြိုပေးရမှာ။”
ညက မှောင်မည်းနေပြီး ကောင်းကင်မှကြယ်များက တလက်လက်တောက်ပနေသည်။ ကုမြောင်၏နှလုံးသားထဲတွင်တော့ မီးရှူးမီးပန်းများစွာ စုံလင်နေတော့သည်။ ထိုအရာအားလုံးမှာ အမှန်တကယ်ဖြစ်နေသည်တည်း။
ကုမြောင်ခေါင်းငုံ့လိုက်ပြီး သူ့ရင်ခွင်ထဲမှမိန်းကလေးကိုကြည့်လိုက်သည့်အခါ ဗလာဖြစ်၍အေးစက်နေသည့်နှလုံးသားထဲတွင် အနွေးဓာတ်လေးဖြင့်ပြည့်နှက်သွားတော့သည်။
“အင်းပါ။ မင်းသူ့ကိုသွားကြိုတဲ့အခါကျရင် ကိုယ်လိုက်ပို့ပေးမယ်လေ။”
နှုတ်ခမ်းထောင့်မှအပြုံးများကို သေသေချာချာထိန်းထားလိုက်သော်လည်း သူ့အသံက တက်ကြွနေခဲ့သည်။
“အိုကေလေ။”
“သူ့အတွက် လက်ဆောင်ပြင်ဆင်သွားဖို့ရော လိုသေးလား။”
၎င်းမှာ ချန်ချူ့သူငယ်ချင်းကို ပထမဦးဆုံးတွေ့ဖူးမည့်အချိန်ဖြစ်သောကြောင့် ကုမြောင်မေးလိုက်ခြင်းပင်။
“မလိုပါဘူး။”
“သူ့အတွက် နေစရာရော စီစဥ်ပေးရဦးမလား။”
“သူ့ကို စိတ်ပူမနေပါနဲ့။”
ထိုညက သူတို့နှစ်ယောက်၏အရိပ်တို့ တဖြည်းဖြည်းချင်းပျောက်ကွယ်သွားတော့လေသည်။
*****
Aurora Novel Translation Team