Chapter 76.3
- Home
- All Mangas
- Stuttering Bigboss's White Moonlight (Completed)
- Chapter 76.3 - (Final Chapter)
ရေပူစမ်းမှပြန်လာပြီးနောက် သူတို့နှစ်ဦး ပို၍နီးနီးကပ်ကပ်ရှိလာခဲ့ကြသည်။ အရာအားလုံးတွင် နောင်တမရှိခဲ့သလိုပင်။ ချန်ချူကလည်း ကုမ္ပဏီကိစ္စများကို ကြိုးကြိုးစားစားလုပ်ကိုင်ပြီး ကုမ္ပဏီတစ်ခုကို မည်သို့ဂရုစိုက်ကိုင်တွယ်သင့်ကြောင်း သင်ယူခဲ့သည်။ စန္ဒရားပညာရှင်ဖြစ်ဖို့က တခြားဘဝတစ်ခုတွင်သာရရှိနိုင်သည့် အိပ်မက်ဟု သူ(မ) တစ်ခါတစ်ရံတွေးမိလေသည်။ ဧည့်ခန်းထောင့်တွင်ရှိသောစန္ဒရားမှာ မည်သည့်အခါကမျှဖွင့်ခြင်းမခံရသောကြောင့် ဖုန်တက်နေတော့၏။
မျက်စိတစ်မှိတ်အချိန်အတွင်း နွေရာသီသို့ရောက်လာသည်။ နွေရာသီတွင် နေ့တာရှည်ပြီး ပုစဥ်းရင်ကွဲတို့၏အသံကိုလည်း ကျယ်လောင်စွာကြားနေရသည်။ ချန်ချူ့မွေးနေ့လည်း နီးကပ်လာပြီဖြစ်သောကြောင့် ကုမြောင်က သိုသိုသိပ်သိပ်ရှိလာ၏။ တစ်နေ့တွင် ချန်ချူက အလုပ်စောဆင်းကာ ကုမြောင်ကိုအသိမပေးဘဲ အိမ်သို့ပြန်လာခဲ့သည်။ အိမ်ရှေ့တံခါးရှေ့သို့ရောက်သည့်အခါ သူ(မ) စန္ဒရားသံတစ်ခုကိုကြားလိုက်၏။ သူ(မ) အလွန်အံ့အားသင့်သွားပြီး ထိုနေရာတွင်သာရပ်ကာ တိကျခြင်းမရှိသောစန္ဒရားသံများကိုနားထောင်နေရင်း “Happy Birthday” ဟူသောသီချင်းကို ဖော်ကျူးနေခြင်းဖြစ်ကြောင်း သိလိုက်ရသည်။ လေညင်းတိုက်ခတ်သည့်နွေရာသီညနေခင်းတွင် ချန်ချူ့ရင်ထဲ၌ အနွေးဓာတ်လေးတစ်ခုပျံ့နှံ့သွား၏။
သူ(မ) တံခါးကို ဖြည်းဖြည်းချင်းဖွင့်လိုက်သည်။ အဝါရောင်ဆည်းဆာချိန်ဖြစ်သဖြင့် အနက်ရောင်စန္ဒရားပေါ်တွင် အလင်းဖြာကျနေသည်။ ဆူညံနေသည့်စန္ဒရားသံကြောင့် တံခါးဖွင့်သည့်အသံမှာ မသိသာခဲ့ချေ။ ကုမြောင်က ခေါင်းငုံ့ကာ သေသေချာချာအာရုံစိုက်ထားပြီး သူ့လက်ချောင်းများကလည်း ကီးများကို မတောက်တစ်ခေါက်တီးခတ်နေသည်။ ချန်ချူက သူ့အနောက်တွင် တိတ်တိတ်လေးရပ်ကာ သူ(မ)အတွက်လေ့ကျင့်နေသည့်စန္ဒရားသံကို သေသေချာချာနားထောင်လိုက်၏။ တစ်ခဏကြာသော် စန္ဒရားသံရပ်သွားသည်နှင့် ကုမြောင်သက်ပြင်းချလိုက်ပြီး ချန်ချူအလုပ်ဆင်းတော့မည့်အချိန်ကိုသတိရသွားသောကြောင့် ချက်ချင်းမတ်တတ်ရပ်လိုက်သည်။ တစ်ဖက်သို့လှည့်လိုက်သည့်အခါတွင်မူ သူ လုံးဝမှင်တက်မိသွားပြီး သူ့နားရွက်များ နီရဲသွားတော့သည်။
“မင်း ဘယ်တုန်းကရောက်နေတာလဲ။”
ကုမြောင် ခေါင်းငုံ့ထားပြီး ရှက်စိတ်ကြောင့် သူ့မျက်နှာက နီရဲနေခဲ့သည်။
“နည်းနည်းတော့ကြာပြီ။ ရှင်တီးနေတာ မဆိုးပါဘူး။”
ချန်ချူက ပြုံးလိုက်၏။ ထိုအခါ ကုမြောင်က ချက်ချင်းခေါင်းယမ်းကာ
“အဲ့လောက်လည်း မကောင်းသေးပါဘူး။”
စန္ဒရားကို ကောင်းမွန်စွာတီးတတ်သည်အထိလေ့ကျင့်ပြီး သူ(မ)ကိုတီးပြမည်ဟုစီစဥ်ထားသော်လည်း ယခုတွင်မူ သူ့အစီအစဥ်များအားလုံး ပျက်စီးကုန်လေ၏။
“ကျွန်မရှင့်ကိုသင်ပေးလို့ရသားပဲ။”
ချန်ချူက အနားကပ်သွားပြီး သူ့လက်များအပေါ်တွင်လက်တင်ကာ
“ရှင်တကယ် ကောင်းကောင်းတီးတတ်သွားပြီဆိုရင် ကျွန်မတို့ duet တီးလို့ရတယ်။”
ကုမြောင်၏လက်ချောင်းများကွေးသွားပြီး မျက်နှာတွင်လည်း အပြုံးတစ်ခုပေါ်လာသည်။
“မင်းက ကိုယ်နဲ့အတူတီးချင်လို့လား။”
“အင်းပေါ့။ တီးလို့ရတယ်လေ။”
ချန်ချူက ဆက်၍ “ဘယ်လိုလုပ်ရလဲဆိုတာ အရင်သင်ပေးမှာပေါ့။”
ထိုသို့ပြောလိုက်ပြီးနောက် သူ(မ)၏လက်ချောင်းထိပ်များက စန္ဒရားကီးပေါ်တွင် ကခုန်နေတော့သည်။ ကုမြောင်က တွေဝေစွာဖြင့်ငေးကြည့်နေပြီး သူတို့အသက်(၁၇)နှစ်တုန်းက ပထမဆုံးတွေ့ခဲ့ဖူးသည့်မြင်ကွင်းကို ရုတ်တရက်သတိရမိသွားသည်။ လူပြည့်နေသည့်ခန်းမထဲတွင် ကုမြောင်က စင်အောင်တွင်ရပ်နေပြီး လမင်းလေးကိုငေးကြည့်နေခဲ့ခြင်းပင်။ သို့သော် ယခုတွင်မူ ထိုလမင်းလေးက သူ့နံဘေးသို့ရောက်လာလေပြီ။
သီချင်းသံရပ်သွားသည်နှင့် ချန်ချူက သူ့လက်ကိုဆွဲယူလိုက်ပြီး
“ကျွန်မသင်ပေးမယ်။ လက်ကို ဒီမှာထားလိုက်။ ပြီးရင် စတီးတော့။”
ကုမြောင်၏လက်ထိပ်များမှာ ပူလောင်နေသောကြောင့် ချန်ချူပြောသည့်စကားများကို အာရုံမစိုက်နိုင်ခဲ့ချေ။ သူ့နှလုံးခုန်သံကလည်း အလွန်မြန်နေသဖြင့် မှန်ကန်သောစည်းချက်ကို မလိုက်နိုင်ခဲ့ပေ။
“ချူချူ။”
ကုမြောင်က note တချို့ကိုတီးလိုက်ပြီးနောက် သူ(မ)နာမည်ကို ခပ်ဖွဖွခေါ်လိုက်သည်။ သူ့အသံကြောင့် ချန်ချူရင်ခုန်သွားပြီး သူနှင့်အကြည့်ချင်းဆုံလိုက်သည့်အခါ သူဆိုလိုချင်သည့်အဓိပ္ပာယ်ကို ချန်ချူနားလည်သွားတော့သည်။ သူ(မ) ရှက်သွားသဖြင့် မျက်တောင်လေးများတုန်ယင်သွားလေ၏။ အခန်းထဲတွင် တိတ်ဆိတ်နေပြီး ကုမြောင်က အနားကပ်ကာ သူ(မ)နှုတ်ခမ်းကိုနမ်းလိုက်သည်။ လေထုကလည်း တဖြည်းဖြည်းပူနွေးစိုစွတ်လာ၏။ ပြင်းရှရှအနမ်းက စန္ဒရားဆီမှတစ်ဆင့် အိပ်ခန်းထဲသို့ပြောင်းလဲသွားသည်။
သစ်ကိုင်းများပေါ်တွင် လရောင်ဖြာကျနေ၏။ ထူးဆန်းသည့်လှိုင်းတစ်ခုရိုက်ခတ်လိုက်သကဲ့သို့ ချန်ချူ ခံစားလိုက်ရသည်။ နာကျင်မှုနှင့် သာယာမှုရောယှက်နေပြီး ရုန်းထွက်ချင်သော်လည်း အရသာတွေ့နေခဲ့သည်။ အချိန်မည်မျှကြာပြီးမှအိပ်ပျော်သွားသည်ကို သူ(မ)မသိလိုက်တော့ချေ။ သူ(မ)နိုးလာသည့်အခါ အခန်းက ခပ်မှိန်မှိန်အလင်းရောင်ရှိနေပြီး သူ(မ) ရေဆာနေမိသည်။ ခန္ဓာကိုယ်ကိုလှုပ်ရှားလိုက်သည့်အခါမှသာ တစ်ကိုယ်လုံးနာကျင်ကိုက်ခဲနေကြောင်း သိလိုက်ရတော့သည်။ ရုတ်တရက် ကုမြောင်က သူ(မ)ကို ရေတစ်ခွက်လှမ်းပေးသဖြင့် ချန်ချူ ရေတစ်ငုံသောက်လိုက်၏။ ထို့နောက် သူ(မ)အသံကလည်း အတော်လေးကွဲအက်နေသည်ကို သတိထားမိလိုက်တော့သည်။
“ရှင်နိုးနေတာလား။”
ထိုသို့ပြောလိုက်ပြီးနောက် ပူနွေးနေသည့်ရင်ခွင်တစ်စုံကို သူ(မ)ခံစားလိုက်ရတော့သည်။
“ဟင့်အင်း။ ကျွန်မ နာပြီးကိုက်ခဲနေတုန်းပဲ။”
ချန်ချူ သူ့ကိုဖယ်ထုတ်လိုက်၏။ ထိုအခါ ကုမြောင်၏အသက်ရှူသံတို့က သူ(မ)နားရွက်အနားသို့ ဖြတ်သန်းသွားသည်။
“ကိုယ်ကမင်းကို ဖက်ထားရုံပါပဲ။”
ခပ်ဩဩအသံထဲတွင် ကြောက်စိတ်အရိပ်အယောင်တချို့ဖြင့်
“ကိုယ့်အိပ်မက်ထဲမှာ မင်းထွက်သွားတယ်တဲ့လေ။”
ချန်ချူက သူ့စောင်ပေါ်မှခပ်ဖွဖွပုတ်ကာ နှစ်သိမ့်ပေးလိုက်၏။
“ကျွန်မက ဘာလို့ထွက်သွားရမှာလဲ။”
တိတ်ဆိတ်နေသောညတွင် Air con အသံတစ်ခုသာ ဆူညံနေသည်။ ကုမြောင်၏အသံတွင်မူ ကြောက်စိတ်တို့ကျန်ရှိနေပြီး တုန်ယင်နေ၏။
“ကိုယ့်အိပ်မက်ထဲမှာ ကိုယ်ကသေသွားပြီးတော့ မင်းက တခြားကမ္ဘာတစ်ခုကိုရောက်သွားတယ်။”
သူ့ကိုနှစ်သိမ့်ပေးနေသည့်ချန်ချူ့လက်ချောင်းများ ရပ်တန့်သွား၏။
“ပြီးတော့ရော ဘာဆက်ဖြစ်လဲ။”
ကုမြောင်က အနည်းငယ်ရှိုက်သံပါနေပြီး
“ပြီးတော့ နောက်ထပ်ကမ္ဘာတစ်ခုမှာ မင်းက ကိုယ်နဲ့ပဲထပ်တွေ့တယ်။ ကိုယ်မဟုတ်တဲ့ အခြားတစ်ယောက်ပေါ့။ မင်းက ကိုယ့်ကိုမလိုချင်တော့ဘူး။ မင်းပြန်မလာတော့ဘူးလေ။”
ထိုနွေရာသီညတွင် ပြတင်းပေါက်အပြင်ဘက်မှပုစဥ်းရင်ကွဲတို့က အဆုံးမဲ့အော်မြည်နေခဲ့ကြသည်။ ကုမြောင်၏အကြောက်တရားကိုခံစားမိလိုက်သောကြောင့် ချန်ချူ့လက်ချောင်းများပင်တုန်ယင်လာ၏။ သူ(မ) သူ့ပါးကိုလှမ်း၍နမ်းလိုက်သည်။ ထိုအနမ်းကြောင့်လည်း ကုမြောင် အနည်းငယ်ငြိမ်သက်သွားခဲ့သည်။
“ကျွန်မ ထွက်မသွားပါဘူး။”
ချန်ချူ ဖြည်းဖြည်းချင်းပြောပြလိုက်၏။
“တကယ်လား။”
ကုမြောင် ထိုအိပ်မက်ကိုယုံကြည်နေခဲ့သော်လည်း ချန်ချူ့မျက်လုံးကိုကြည့်မိလိုက်သည့်အခါ လေးနက်မှုကိုမြင်တွေ့လိုက်ရသည်။ ချန်ချူက ပြုံးကာ သူ့ပါးကို ခပ်ဖွဖွပွတ်သပ်လိုက်၏။
“ဒီလိုအိပ်မက်မျိုးမက်တယ်ဆိုတာက ဘယ်လိုအဓိပ္ပာယ်လဲသိလား။ ဘယ်လောက၊ ဘယ်ကမ္ဘာကိုပဲရောက်ရောက် ကျွန်မက ရှင့်ကိုချစ်နေမှာဆိုတဲ့အဓိပ္ပာယ်ပေါ့။”
လက်ရှိလောကတွင်တော့ ကုမြောင်တစ်ယောက်နှင့် ချန်ချူတစ်ယောက်သာရှိပေသည်။ သို့သော် မည်သည့်ကမ္ဘာမျိုးသို့ ရောက်ရှိစေကာမူ သူတို့နှစ်ယောက်က လနှင့်ကြယ်ကဲ့သို့ တစ်ယောက်ကိုတစ်ယောက်အမှီပြုကာ အဆုံးထိအတူရှိသွားကြပေလိမ့်မည်။
ပြီးပါပြီ။
*****
Aurora Novel Translation Team