Part-1
Type – Web Novel (Korea)
Genre – Comedy, Drama, Fantasy, Romance, Slice of Life
Author – 윤로체
Translator – Aurelia
“ဘုရင်ခံချုပ်ရဲ့ ပြဿနာအိုးသမီးတော်က
တစ်ကိုယ်တည်း ရွက်လွှင့်ချင်သတဲ့”
Chapter-1
“ကျွန်မတို့ရဲ့စေ့စပ်ပွဲကို ဖျက်သိမ်းပေးပါ့မယ်”
ကျွန်မရဲ့စကားကိုကြားတော့ ဒင်မီမော(ရ်)က ကြည့်ကောင်းလွန်းတဲ့ သူ့ရဲ့ထက်ရှရှမျက်ခုံးတစ်စုံကို ပင့်လိုက်လေရဲ့။
ငယ်သူငယ်ချင်းတစ်ဖြစ်လဲ ကျွန်မရဲ့ခင်ပွန်းလောင်းဆီက အဲ့ဒီအကျင့်လေးဟာ သူ့ကိုယ်သူ မထိန်းချုပ်နိုင်တဲ့အခါမျိုးမှာ ပေါ်လာတတ်တယ်။ ပြောရမယ်ဆိုရင်တော့ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး ဒင်မီမော(ရ်) မပျော်မရွှင်ဖြစ်နေတယ်ဆိုတဲ့ သဘောပဲပေါ့။ ဒါပေမဲ့ ဘာလို့လဲဆိုတာကို ကျွန်မနားမလည်နိုင်ဘူး။
သူ သေချာပေါက် တခြားအမျိုးသမီးတစ်ယောက်ကို ချစ်နေခဲ့တာလေ။ ဒါကြောင့် သူ ကျွန်မရဲ့ကမ်းလှမ်းချက်ကို ပျော်ပျော်ကြီးလက်ခံသင့်ပါရက်နဲ့ သူ့အမူအရာက ဘာလို့ ဒီလိုဖြစ်နေရတာပါလိမ့်။
“သဘောက မင်း ဒီတိုင်းကြီးထားသွားတော့မယ်ပေါ့”
သူ့ရဲ့အနိမ့်သံဟာ ငွေဖြူရောင်နှင်းစက်တွေလို အေးစက်နေတယ်။ သူ ဘာလို့ သိပ်ဒေါသထွက်နေလဲဆိုတာ ကျွန်မဖြင့် နားမလည်နိုင်ဘူး။
ဟူး…
အသက်ပြင်းပြင်းရှူရှိုက်ပြီး သူခေါင်းထောင်လာတယ်။ ပြီးတော့ သူ့မျက်ဝန်းလေးတွေကွေးညွတ်သွားတဲ့အထိ ပြုံးပြလာပြန်ရော။
“မယ်ရီ ငါ တကယ်ဒေါသထွက်မိတော့မယ်လို့ထင်တယ်”
“……”
အာ.. ဒါပေမဲ့ သူ ဒေါသထွက်ပြီးနေပြီလို့ ကျွန်မတော့ထင်တယ်နော်။
“ကျေးဇူးပြုပြီး ကိုယ့်ကိုအသက်ရှူခွင့်လေးတော့ ပေးပါဦး”
သူ ကျွန်မရှေ့ကိုတိုးကပ်လာတယ်။ သူ့မျက်နှာကို ကျွန်မရဲ့ပခုံးထက် အပ်လိုက်ပြီး ခပ်တိုးတိုးရေရွတ်နေရှာတယ်။
ချစ်စရာကောင်းအောင်လုပ်ပြနေတဲ့ ခွေးအကြီးကြီးတစ်ကောင်လိုပဲ သူ့ရဲ့မျက်နှာက ကျွန်မရဲ့ပခုံးနဲ့လည်ပင်းတစ်ဝိုက်ကို ပွတ်သပ်နေပြီး သူ့အသံကလည်း တစ်မျိုးတစ်မည် ဝမ်းနည်းနေတဲ့ပုံပေါက်နေတယ်။ ဘယ်လိုဖြစ်လို့ဖြစ်မှန်းတောင် သဘောမပေါက်ပေမဲ့ ကျွန်မ ဘယ်ဘက်လက်ကိုမြှောက်ပြီး သူ့ကျောပြင်ကိုခပ်ဖွဖွပုတ်ပေးရင်း နှစ်သိမ့်ပေးလိုက်မိတယ်။
ကျွန်မ ဘာလုပ်မိလို့လဲ။
‘စေ့စပ်ပွဲကိုဖျက်သိမ်းတာက သေချာပေါက် ရှင့်ဆန္ဒအတိုင်းလုပ်တာပဲလေ’
***
“ဝိုး.. သေစမ်း”
ရန်ဖြစ်ပြီးအော်ဟစ်နေကြတဲ့ ကလေးတွေကြားမှာ မတ်တတ်ရပ်နေရင်း ကျွန်မ တဒင်္ဂလောက် ကြက်သေသေနေမိတယ်။
‘ပြန်လည်မွေးဖွားလာတာတောင်မှ ငါက မိဘမဲ့တစ်ယောက်ဖြစ်နေတုန်းပဲ’
ဘရိုင်ယန်နဲ့ရန်ဖြစ်နေတုန်း မြေကြီးပေါ်ကိုတွန်းလှဲခံလိုက်ရတဲ့ကျေးဇူးကြောင့် ခေါင်းကွဲမတတ်ဖြစ်သွားပြီး အတိတ်ဘဝရဲ့မှတ်ဉာဏ်တွေက ရုတ်တရက်ကြီးပြန်ပေါ်လာတော့တာပါပဲ။
***
ကျွန်မတော့ ဒုက္ခပါပဲ။
စဉ်းစားကြည့်လိုက်ရင် ဟန်ဆိုဟီးဆိုတဲ့ကျွန်မက ဒီပုံစံအတိုင်း မွေးဖွားလာခဲ့တာပဲ။
ကျွန်မရဲ့မိဘတွေက ကျွန်မကိုမွေးပြီး တစ်နှစ်မပြည့်ခင်မှာပဲ မတော်တဆမှုတစ်ခုကြောင့် ဆုံးပါးသွားခဲ့တယ်။
ကျန်ရစ်ခဲ့တာဆိုလို့ ကျွန်မရဲ့ပထမဆုံးမွေးနေ့ပွဲအတွက် ကျွန်မမိဘတွေပြင်ဆင်ပေးထားတဲ့ ရွှေလက်စွပ်လေးတစ်ကွင်းပဲရှိတယ်။
နောက်တော့ ကျွန်မအသက်ခုနစ်နှစ်ပြည့်တဲ့အထိ ကျွေးမွေးစောင့်ရှောက်ပေးခဲ့တဲ့အဘွားကလည်း ဆုံးပါးသွားပြန်တယ်လေ။ ဆွေမျိုးတွေဆိုရင် ဘယ်သူမှ ကျွန်မကို မစောင့်ရှောက်ပေးချင်ကြဘူး။
ဘာကြောင့်လဲဆိုတော့ ကျွန်မက ကျွန်မအနားမှာရှိသမျှလူတိုင်းကို ကျိန်စာသင့်စေတဲ့ ကံဆိုးမလေးဖြစ်နေလို့ပေါ့လေ။
“သူ မျက်ခုံးပင့်ထားတဲ့ပုံစံကို ကြည့်ကြစမ်း။ ထင်ထားတဲ့အတိုင်း ကံဆိုးတဲ့ကလေးက သူများနဲ့ကိုမတူဘူးပဲ”
“နင်က ကျိန်စာသင့်နေတာ”
“မင်းက ကျက်သရေတုံးလေးမို့လို့လေ”
ကျွန်မ နာရေးအိမ်ရဲ့ထောင့်နားလေးမှာ ဆောင့်ကြောင့်ထိုင်နေပြီးတော့ နားထဲရောက်လာတဲ့ အတင်းအဖျင်းစကားသံတွေကို နားထောင်ရင်း တိတ်တိတ်လေးတွေးနေမိတယ်။
တကယ်ပဲ ကျွန်မက ကျိန်စာသင့်နေလို့ ကျွန်မမိဘတွေနဲ့အဘွားက သေသွားခဲ့ရတာဆိုရင် သူတို့အိမ်တွေဆီကိုပတ်သွားပြီး ကျိန်စာတိုက်ပစ်လိုက်ချင်ပါရဲ့။
မျက်ရည်တစ်စက်မကျဘဲ လေဟာနယ်ကိုပဲ ငေးနေတဲ့ကျွန်မကိုကြည့်ပြီး ကျွန်မရဲ့အမျိုးတွေက အသည်းမာတဲ့မိန်းမဆိုပြီး သမုတ်နေကြပြန်တယ်။
‘ငါငိုလိုက်တော့ရော သေသွားတဲ့ငါ့အဘွားက ပြန်ရှင်လာမှာလား’
ဒီလိုသာဆိုရင် ကျွန်မ အကြိမ်ငါးထောင်လောက် ငိုချပစ်လိုက်မယ်။
ဒီနာရေးအိမ်ကိုတောင် မျက်ရည်ပင်လယ်ဝေသွားအောင် ငိုလိုက်ချင်သေး။
ဒါပေမဲ့ အမြဲတမ်းငိုမနေသင့်ဘူးဆိုတဲ့ အဘွားရဲ့စကားကို ကျွန်မမှတ်မိသေးတယ်။ တကယ်လို့ ကျွန်မသာငိုခဲ့ရင် လူတွေက ကျွန်မကို ပျော့ညံ့တဲ့လူလို့ ထင်ကြလိမ့်မယ်။
ကျွန်မရဲ့ကြောင်မျက်ဝန်းတွေအကြောင်း အတင်းတုတ်နေကြတဲ့လူတွေ ဒါမှမဟုတ် ကျွန်မကို ကျိန်စာသင့်တဲ့ကလေးလို့ သမုတ်ပြီး ပြောနေကြတဲ့လူတွေရှေ့မှာတော့ ကျွန်မ ပျော့ညံ့တဲ့ပုံစံမပြချင်ဘူး။
အဲ့ဒီအချိန်မှာ ကျွန်မရဲ့ဦးလေးက ကျွန်မကိုစောင့်ရှောက်ပေးဖို့ဆိုပြီး ခေါ်သွားခဲ့တယ်။
ကျွန်မအဒေါ်ရဲ့ မလိုလားတဲ့အမူအရာကိုမြင်ရတော့ ကျွန်မဦးလေးက ဘာလို့ ကျွန်မကို တာဝန်ယူစောင့်ရှောက်ပေးချင်ခဲ့ရတာလဲဆိုတာကို နားမလည်နိုင်ခဲ့ဘူး။ ဒါပေမဲ့ ကျွန်မ ကျေးဇူးတင်တဲ့စိတ်လေး နည်းနည်းတော့ပေါ်လာမိတယ်။
ကျွန်မအဒေါ်ရဲ့မိသားစုမှာ ကျွန်မထက် တစ်နှစ်ပိုငယ်တဲ့ ဝမ်းကွဲတစ်ယောက်ရှိတယ်။ ကံဆိုးချင်တော့ ကျွန်မဝမ်းကွဲရဲ့မွေးနေ့က နှစ်အစပိုင်းမှာဖြစ်နေတဲ့အတွက် ကျွန်မတို့တွေ တစ်တန်းတည်းအတူတူသွားကျတယ်လေ။
ကျွန်မကိုသိပ်မုန်းနေတဲ့ အဲ့ဒီဝမ်းကွဲက အိမ်မှာရော ကျောင်းမှာပါ ကျွန်မကိုအနိုင်ကျင့်တော့တာပေါ့။ သူ(မ)က ကြိုက်တဲ့အချိန် လှိမ့်ချင်သလိုလှိမ့်လို့ရတဲ့ ကျောက်တုံးလေးမဟုတ်ဘူးလို့ ကိုယ့်ကိုယ်ကိုယ်ဖြေသိမ့်ပြီး နားလည်ပေးဖို့ ကြိုးစားခဲ့ပါသေးတယ်။
ကျွန်မမှာ သွားစရာနေရာမရှိတဲ့အတွက် ခဏမှီခိုမိရုံလေးပါ။ ခွဲခြားဆက်ဆံမှုတွေနဲ့ အနိုင်ကျင့်မှုတွေကို ကျွန်မ ဒီလိုမျိုး ဆယ်နှစ်လောက်သည်းခံရင်း ကြီးပြင်းခဲ့ရပါတယ်။
အခု ကျွန်မ အသက်ဆယ့်ရှစ်နှစ်ကိုရောက်လာတော့ ကျွန်မရဲ့အဒေါ်နဲ့ဝမ်းကွဲ အဝေးကိုရောက်နေတုန်းမှာ ဦးလေးက ကျွန်မကို အဝတ်အစားတွေချွတ်ခိုင်းပြီး ကျွေးမွေးစောင့်ရှောက်ပေးခဲ့ရတဲ့ကျေးဇူးကို ပြန်ဆပ်ရမယ်ဆိုပြီး ပြောလာတယ်လေ။ ကျွန်မလည်း ဦးလေးကို အားကုန်သုံးပြီးတွန်းလှဲပစ်လိုက်တော့ သူ့ခေါင်းက စားပွဲခုံကိုရိုက်မိပြီး မေ့လဲသွားတော့တာပါပဲ။
မီးခိုးရောင်ကော်ဇောတစ်ခုလုံး သွေးချင်းချင်းနီလာတာကို ကြည့်နေရင်း ဒီအိမ်ကြီးထဲမှာ ကျွန်မ ဆက်နေလို့မရတော့ဘူးဆိုတာကို သဘောပေါက်လိုက်တဲ့အတွက် ခပ်ဝေးဝေးကို ထွက်ပြေးလာခဲ့လိုက်တယ်။ ကျွန်မဦးလေးသာသေသွားရင် ကျွန်မတော့ လူငယ်ထိန်းသိမ်းရေးစခန်းကို သွားရတော့မှာများလား။ အဲ့လိုဆိုရင် ပိုတောင်ကောင်းချင်ကောင်းနေဦးမှာ။
သူတို့တွေက ကျွန်မကို ကျိန်စာသင့်နေတဲ့ကလေးလို့ ထပ်ခေါ်ကြလိမ့်မယ်။ ဒါပေမဲ့ အခုဟာက ကျွန်မ သူသေအောင် တမင်တွန်းချပစ်လိုက်တာလေ။ ဒါက ကျိန်စာသင့်တာလို့ သတ်မှတ်လို့ရသေးလို့လား။
ကျွန်မ သန့်ရှင်းရေးနည်းနည်းပါးပါးလုပ်လိုက်ရတယ်။ အသက်ဝအောင်ရှူဖို့ ခဏလောက်အနားယူနေတဲ့အချိန်မှာပဲ မျက်နှာချင်းဆိုင်လမ်းကြားထဲကနေ ထွက်လာတဲ့ကားတစ်စင်းက ကျွန်မကို ဘန်းခနဲဝင်တိုက်သွားတော့တာပဲ။
ဒါကတော့ အရင်ဘဝရဲ့မှတ်ဉာဏ်တွေပါပဲ။ ကျွန်မ ဘယ်လောက်ပဲကျိန်စာသင့်နေပါတယ်ဆိုဆို ကျွန်မကိုယ်တိုင် သေရလိမ့်မယ်လို့တော့ လုံးဝထင်မထားဘူး။
ကျွန်မ ဝိုးတဝါးမှတ်မိတာတစ်ခုက ကျွန်မသေပြီးတဲ့နောက်မှာ အမြင်အာရုံတွေ မှောင်မိုက်လာပြီး မျက်လုံးကျိန်းချင်စဖွယ်အလင်းရောင်တွေ ရစ်သီနေတဲ့ အဖြူရောင်ဟင်းလင်းပြင်ကြီးဆီကို ရောက်သွားတယ်။
“အိုး အဲ့ဒီကလေးမှာ ကြောင်မျက်လုံးတွေရှိတယ်”
နောက်တော့ ငှက်မွှေးလေးလို ညင်သာပေါ့ပါးပြီး ပိုးသားလိုနူးညံ့တဲ့ အသံတစ်သံကို ကြားလိုက်ရတယ်။
ကြောင်မျက်ဝန်းတွေနဲ့ ကလေးတစ်ယောက်ကတော့ ကိုးကြိမ်မြောက်ပြန်လည်မွေးဖွားလာပြီ။
ဘုရားရေ
ဒီလိုစုတ်ပြတ်နေတဲ့ဘဝကြီးကို နောက်ထပ်ရှစ်ခါလောက်ထပ်ဖြတ်သန်းရမှာ ဆိုးဝါးလိုက်တာ..
“ဖူး!
အဲ့ဒီအသံက ကျွန်မရဲ့စိတ်ကို ဖတ်နိုင်သလိုမျိုး ခပ်တိုးတိုးရယ်လိုက်တယ်။
ဘယ်လို.. ကျွန်မ ရှင့်ကိုရယ်အောင်မလုပ်မိပါဘူးနော်။
‘အချစ်ကလေးရယ် နောက်ဘဝကတော့ ထူးခြားမှာပါ’
နှစ်သိမ့်ပေးနေသလိုမျိုး ရင်းနှီးဖော်ရွေတဲ့အဲ့ဒီအသံကြောင့်
ကျွန်မအဘွားဆုံးသွားတုန်းကတောင် မျက်ရည်မကျတဲ့ကျွန်မ ငိုမိတော့မလိုပါပဲ။
***
ရှင်ပြောတော့ နောက်ဘဝမှာတော့ ထူးခြားမှာပါဆို…
ကျွန်မနေရတဲ့ ဘရန်ဒွန်မိဘမဲ့ဂေဟာက လာဗီယန်နဲ့ ဘရိုင်တီနာအင်ပါယာနယ်နိမိတ်ကြားက Lorqueတောင်တန်းအတွင်းမှာ တည်ရှိတယ်။ ဒီနေရာမျိုးက အစိုးရရဲ့အထောက်အပံ့ကိုရော ပုဂ္ဂလိကအဖွဲ့အစည်းတစ်ခုခုဆီက အထောက်အပံ့ကိုရော များများစားစားရတဲ့နေရာမျိုး မဟုတ်ပါဘူး။
နိမ့်ပါးတဲ့လူနေမှုအဆင့်အတန်းနဲ့ ဆင်းရဲချို့တဲ့တဲ့ပတ်ဝန်းကျင်မှာ ရှင်သန်နေထိုင်ကြရတဲ့ကလေးတွေက အရွယ်ရောက်ကြီးပြင်းလာတဲ့အခါ သူတို့ရဲ့ပင်ကိုစိတ်ထဲမှာ သူတစ်ပါးကိုဒုက္ခပေးတတ်တဲ့ညဉ်ဆိုးလေး ကိန်းအောင်းနေကြတယ်။ ဂေဟာမှူးကိုယ်တိုင်ကတောင် ကျွန်မတို့ကို ဂရုမစိုက်ဘဲပစ်ထားတဲ့အတွက် ကလေးတွေက ကိုယ့်အားကိုယ်ကိုးပြီးတော့ပဲ ရုန်းကန်ရှင်သန်ကြရတာပေါ့လေ။
ကျွန်မကိုယ်တိုင်လည်း တိုက်ခိုက်သတ်ပုတ်တဲ့ပညာရပ်ကို ကိုယ့်ဘာသာပဲ သင်ယူတတ်မြောက်ခဲ့တယ်။
သေချာတာပေါ့။ ဒီလိုဆိုးသွမ်းညစ်နွမ်းတဲ့ပတ်ဝန်းကျင်ကြီးမှာတောင် အချစ်ခံရင်းကြီးပြင်းလာရတဲ့တစ်စုံတစ်ယောက် အမှန်တကယ်ရှိနေပြီးတော့ သူ(မ)က ကောင်းမွန်တဲ့မွေးစားအိမ်ထောင်တစ်ခုဆီမှာ မွေးစားခံလိုက်ရတဲ့အပြင် အဲ့ဒီမိသားစုဆီကလည်း ချစ်မြတ်နိုးခံရသလို သူ(မ)ကို နှစ်နှစ်ကာကာချစ်မြတ်နိုးပါတယ်ဆိုတဲ့ အမျိုးသားနဲ့လည်း တွေ့ဆုံရပြီး ထာဝရသက်ဆုံးတိုင် ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားရတဲ့ဇာတ်လမ်းမျိုးလည်း ရှိတော့ရှိတာပေါ့လေ။
ကံဆိုးတာကတော့ အဲ့ဒီဇာတ်လမ်းက ကျွန်မနဲ့မသက်ဆိုင်တဲ့အရာတစ်ခုပါပဲ။
အဲ့ဒါက.. အဲ့ဒါက ဟိုးထောင့်နားမှာရှိတဲ့ အက်(စ်)တီးနားရဲ့ဇာတ်လမ်းလေးပါ။
ဒါတွေကို ကျွန်မ ဘယ်လိုလုပ်သိတာများလဲ။
ဘာလို့လဲဆိုတော့ အရင်ဘဝတုန်းက စာသင်ချိန်အတွင်း ကျွန်မ ခိုးဖတ်ခဲ့တဲ့ စိတ်ကူးယဉ်အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်တဲ့ “အရပ်ထဲကအမျိုးသမီး”ဆိုတဲ့ဇာတ်လမ်းထဲကို ကျွန်မ ဝိညာဉ်ကူးပြောင်းလာတာမို့လို့လေ။
“သေစမ်း..”
“ဘာဖြစ်တာလဲ မယ်ရီ”
ကျွန်မရဲ့စကားတွေကို လီယိုတုံ့ပြန်တဲ့ပုံစံက သဘာဝကျပါတယ်။
ဒါပေါ့လေ။ သေချာပေါက်ပါပဲ။ အရင်ဘဝတုန်းက ကျွန်မ အဲ့လိုပုံစံမျိုးကြီးနဲ့ သေဆုံးခဲ့ရတယ်ဆိုတာ ကျွန်မအတွက် အသစ်အဆန်းလိုဖြစ်နေတာကိုး။
ဒါပေမဲ့ စိတ်လွတ်သွားတဲ့လူတစ်ယောက်လိုမျိုး ကျွန်မ တစ်ချိန်လုံးထပ်ခါထပ်ခါဆဲရေးနေမိတာ အကြောင်းရှိပါတယ်။
အဲ့ဒါကတော့ ကျွန်မ ပြန်လည်ဝင်စားရတဲ့ ခန္ဓာကိုယ်ပိုင်ရှင်မယ်ရီဟာ ဇာတ်လိုက်မအက်(စ်)တီနာကို အနိုင်ကျင့်နှိပ်စက်တဲ့ ဗီလိန်သမီးတော်တစ်ယောက်ဖြစ်ပြီး အဆုံးသတ်မှာ တိုင်းပြည်ကနေ နယ်နှင်ဒဏ်ပေးခံခဲ့ရသူဖြစ်နေတဲ့အတွက်ပေါ့။
မယ်ရီ ကွန်လာ
အစတုန်းကတော့ သူ(မ)က ဘရိုင်တီးနားအင်ပါယာရဲ့ မျိုးရိုးမြင့်အထက်တန်းလွှာက ဘုရင်ခံချုပ်ရဲ့ တစ်ဦးတည်းသောသမီးဖြစ်တယ်။
ဒါပေမဲ့ သူ(မ)ကိုမွေးပြီးပြီးချင်းမှာပဲ သူတို့ရဲ့သြဇာအာဏာကို မနာလိုသူတချို့ရဲ့အကောက်ကြံမှုကြောင့် သူ(မ)ပြန်ပေးဆွဲခံခဲ့ရပြီး ဘရန်ဒွန်မိဘမဲ့ဂေဟာကို အပို့ခံခဲ့ရတယ်။
ကံကောင်းတယ်ပဲဆိုရမလား၊ ပြန်ပေးသမားရဲ့တုံးအမှုပဲဆိုရမလား။ ပြန်ပေးဆွဲသမားက သူ(မ)ကိုထားရစ်ခဲ့တဲ့နေရာမှာ “မယ်ရီ”ဆိုတဲ့နာမည်အစစ်ကို စာရွက်ထဲမှာ ရေးပေးသွားခဲ့တယ်တဲ့လေ။ နောက်တော့ ဘုရင်ခံချုပ်ရဲ့ မနားမနေပိုက်စိပ်တိုက်ရှာဖွေမှုကြောင့် မယ်ရီဟာ သူ(မ) အသက်ကိုးနှစ်ပြည့်တဲ့အချိန်မှာပဲ ဘုရင်ခံချုပ်အိမ်တော်ကို ပြန်ရောက်သွားခဲ့တယ်။
သူ(မ)ကို စောင့်မျှော်နေခဲ့ကြတဲ့မိသားစုကရော…။
မယ်ရီ့ရဲ့အမေက သူ(မ)ကိုဆုံးရှုံးလိုက်ရတဲ့အတွက် နောင်တကြီးစွာရပြီး အဲ့ဒီစိတ်နဲ့ပဲ ဆုံးပါးသွားရရှာတယ်။ ရဲတိုက်ထဲမှာကျန်ခဲ့တာက သူ(မ)ရဲ့အဖေနဲ့အစ်ကိုတွေပါပဲ။
သူတို့ကရော သူ(မ)ကို တကယ်စောင့်နေခဲ့ကြသလား။
လုံးဝပါပဲ။ တကယ်တော့ သူတို့က မယ်ရီ့ကို လုံးလုံးဂရုမစိုက်ကြပါဘူး။
သူတို့ မယ်ရီ့ကို နယ်လှည့်ရှာဖွေနေခဲ့ရတဲ့ အကြောင်းအရင်းကတော့ တစ်စုံတစ်ယောက်က ဘုရင်ခံချုပ်ရဲ့သမီးတော်ကို အတင့်ရဲစွာနဲ့ ပြန်ပေးဆွဲရဲခဲ့ပြီး ကွန်လာမိသားစုကို ထိခိုက်စေခဲ့တဲ့အတွက် သူတို့ရဲ့ဂုဏ်သိက္ခာကို ပြန်အဖတ်ဆည်ချင်ခဲ့ရုံပါပဲ။
ဒါပေမဲ့လည်း အရင်ဘဝကထက်စာရင် မိသားစုတစ်ခုရှိနေတာက ပိုမကောင်းဘူးလား။
မိဘမဲ့ဂေဟာမှာနေခဲ့ရတုန်းက စိတ်ဓာတ်ပိုင်းဆိုင်ရာပျက်ပြားခဲ့ပြီဖြစ်တဲ့ မယ်ရီဟာ ဘုရင်ခံချုပ်ဆီကိုသွားပြီး သူ(မ) မပျော်မရွှင်ဖြစ်ခဲ့ရတဲ့နေ့တွေအတွက် အလျော်တောင်းတော့တာပေါ့။
ဘုရင်ခံချုပ်အိမ်တော်က ရှိသမျှလူတိုင်းကလည်း အဲ့ဒီလိုနိုင်ထက်စီးနင်းပြုမူမှုတွေကို စိတ်ကုန်လာပြီး မယ်ရီ့ကို လျစ်လျူရှုထားလိုက်ကြတော့တယ်။
အပေါ်မှာ ပြောခဲ့သလိုပဲ။
မိဘမဲ့ဂေဟာမှာ သူ(မ)အနိုင်ကျင့်နေကျဖြစ်တဲ့ အက်(စ်)တီနာက သူ(မ)ရဲ့သတို့သားလောင်း ဒုတိယမင်းသားနဲ့ ချစ်ကျွမ်းဝင်နေကြတာကို သိသွားတဲ့အခါမှာ အက်(စ်)တီနာကို သူ(မ)လုပ်ကြံဖို့ကြိုးစားတော့တာပေါ့။ ဒါပေမဲ့ သူ(မ)ကို လူမိသွားတယ်လေ။
ဘုရင်ခံချုပ်ကွန်လာက အင်ပါယာမိသားစုအတွက် ဆူးငြောင့်ခလုတ်တစ်ခုဖြစ်တဲ့အတွက် သူ(မ)ကို ခုံရုံးတင်ပြီး စုံစမ်းစစ်ဆေးကြတော့တယ်။
မယ်ရီကတော့ သူ(မ)ရဲ့မျိုးရိုးက ကွန်လာဖြစ်နေတဲ့အတွက် ယုံကြည်မှုတွေယိုဖိတ်နေတာပေါ့။
ဒါပေမဲ့ မယ်ရီ့အပေါ် ချစ်ခင်ကြင်နာမှုတွေမရှိတော့တဲ့ ကွန်လာမိသားစုက ကူညီနိုင်တဲ့အာဏာရှိတာတောင် သူ(မ)ကို စွန့်လွှတ်လိုက်ကြတယ်လေ။
ဝတ္ထုရဲ့အဆုံးသတ်မှာတော့ မယ်ရီဟာ မြောက်ပိုင်းဒေသရဲ့အအေးဆုံးနေရာဖြစ်တဲ့ နီကိုးကို နယ်နှင်ခံလိုက်ရတယ်။
ကျွန်မ ဆိုလိုချင်တာက.. ဒါဟာ ဝတ္ထုထဲကအဆုံးသတ်လို့ ပြောချင်တာပါ။
အခု ကျွန်မရဲ့အသက်က ခုနစ်နှစ်ရှိနေပြီဆိုတော့ ဘုရင်ခံချုပ်အိမ်တော်ကိုသွားရဖို့ နှစ်နှစ်ပဲလိုတော့တယ်။
ဖြစ်နိုင်တာကတော့ ကျွန်မ ကွန်လာဘုရင်ခံချုပ်အိမ်တော်ကိုရောက်သွားပြီး ဒုတိယမင်းသားနဲ့စေ့စပ်၊ ပြီးရင် မင်းသားက အက်(စ်)တီနာနဲ့ချစ်ကြိုက်သွားမယ်ဆိုတဲ့ ဇာတ်ကြောင်းကို မရှောင်နိုင်လောက်ဘူး။ ဒီဖြစ်စဉ်ကြီးမှာ သူ့ရဲ့သတို့သမီးလောင်းဖြစ်နေတဲ့ ကျွန်မက အနှောင့်အယှက်တစ်ခုလို ဖြစ်နေတာကတော့ သဘာဝကျပါတယ်။ တကယ်လို့ အက်(စ်)တီနာကို ကျွန်မ သတ်ဖို့မကြိုးစားခဲ့ရင်တောင် သူက ကျွန်မကို နီကိုးကိုပို့ဖို့ အသည်းအသန်ဖြစ်နေမှာပဲ။
အခု ကျွန်မ ဘာလုပ်ရတော့မလဲ…
သူတို့နှစ်ယောက်ရဲ့ မြင့်မြတ်ဖြူစင်ပြီး လှပတဲ့အချစ်ရေးမှာ ကျွန်မ ဘေးဖယ်နေလိုက်တာက သင့်တော်လိမ့်မယ်ထင်တယ်။ အာရုံနောက်ဖို့ကောင်းအောင် ပြုမူနေမဲ့အစား သူတို့ရဲ့အချစ်ကိုဂုဏ်ပြုပေးပြီး ဘေးဖယ်နေလိုက်တာက ကျွန်မအတွက် ပိုကောင်းပြီး ပိုမမိုက်ဘူးလား။ တကယ်တမ်းပြောရရင်လည်း ကျွန်မသာ သူတို့ကြားမှာ ကာဆီးကာဆီးလုပ်နေရင် ဒုတိယမင်းသားက ကျွန်မကို မဖြစ်ဖြစ်တဲ့နည်းနဲ့ သတ်ပစ်လိမ့်မယ်လို့ ထင်နေတယ်ရော်။
ကောင်းပြီလေ။ သွားကြတာပေါ့။
ဘုရင်ခံချုပ်ရဲ့အိမ်တော်ကို အရင်ချီတက်မယ်။ ပြီးရင် ငွေနည်းနည်းလောက်ရှာမယ်။ ဒါပြီးရင်တော့ နယ်နှင်ဒဏ်ပေးခံရအောင်လုပ်မဲ့အစား နိုင်ငံရပ်ခြားကို တရားနည်းလမ်းကျကျနဲ့သွားပြီး စီးပွါးရေးလုပ်မယ်။ တောက်ပတဲ့ရွှေရောင်အနာဂတ်နဲ့အမျိုးသမီးတစ်ယောက်အဖြစ် ပျော်ရွှင်ဖွယ်ဘဝလေးတစ်ခုကို ထူထောင်မယ်။
ကျွန်မရဲ့အရင်ဘဝတုန်းက နာမည်ကြီးသီချင်းတစ်ပုဒ်ထဲက သီချင်းစာသားလိုပေါ့။
“တစ်ကိုယ်တည်း တောက်ပပစ်လိုက်”
ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မက တစ်ကိုယ်တည်းနေရတာကို ကျင့်သားရနေပြီးသားပဲလေ။