Part-2
Type – Web Novel (Korea)
Genre – Comedy, Drama, Fantasy, Romance, Slice of Life
Author – 윤로체
Translator – Aurelia
“ဘုရင်ခံချုပ်ရဲ့ ပြဿနာအိုးသမီးတော်က
တစ်ကိုယ်တည်း ရွက်လွှင့်ချင်သတဲ့”
Chapter-2
ဘဝဆိုတာ တွေ့ဆုံကြုံကွဲ၊ ချစ်ကြိုက်ကွဲညားကြတာ ဓမ္မတာပဲလို့ လူတွေက ပြောကြတယ်။
လိုရမည်ရအနေနဲ့ ကျွန်မအတွက် အာမခံမှုတစ်ခုခုရှိတာ သေချာအောင်တော့ လုပ်ထားရမယ်။ အနာဂတ်မှာ အိမ်ရှေ့စံမင်းသမီးဖြစ်လာမဲ့ အက်(စ်)တီနာအပေါ် ကျွန်မ ကောင်းကောင်းဆက်ဆံမှဖြစ်မယ်။ ကျွန်မ နိုင်ငံခြားကိုသွားပြီး စီးပွားရေးလုပ်တဲ့အခါကျရင် ဘရိုင်တီနာအင်ပါယာရဲ့ဘုရင်မက ကျွန်မကိုမကူညီပေးလောက်ဘူးလို့ ဘယ်သူက အတပ်ပြောနိုင်မှာလဲ။
ကာယာတိုက်နယ်ကြီးမှာ ဘရိုင်တီနာနဲ့ လာဗီယန်အင်ပါယာနှစ်ခုရှိပြီး အင်ပါယာနှစ်ခုကို Lorqueတောင်တန်းက ပိုင်းခြားပေးထားတယ်။ နယ်မြေနှစ်ခုလုံးက အင်ပါယာနယ်မြေတွေဆိုပေမဲ့ အဆင့်အတန်းချင်းကတော့ ကွာပါသေးတယ်။ ဘရိုင်တီနာအင်ပါယာမှာ စစ်တပ်နဲ့ပြည်သူအင်အား အမြောက်အမြားရှိတဲ့အပြင် “ကွန်လာ”မိသားစုကလည်း သူတို့ဘက်မှာ ရှိနေပြန်တယ်လေ။
အက်(စ်)တီနာက အသက်ရှစ်နှစ်အရွယ်မှာပဲ ဘရိုင်တီနာအင်ပါယာရဲ့ ဘော်နီယိုတိုက်နယ်မင်းကြီးဆီမှာ မွေးစားခံခဲ့ရတယ်။ အဲ့ဒီလိုမွေးစားမခံရခင်မှာ သူ(မ)ဟာ ဒီမိဘမဲ့ဂေဟာမှာပဲ နေထိုင်ခဲ့ရပြီး မယ်ရီနဲ့သူ့အပေါင်းအပါတွေ အနိုင်ကျင့်နှိပ်စက်တဲ့ဒဏ်ကို ဆိုးဆိုးဝါးဝါးခံစားခဲ့ရရှာတယ်။
အသက်ငယ်ငယ်လေးနဲ့တောင် သူ(မ)က အကြင်နာမဲ့ရက်စက်ခဲ့တာပဲ။
အက်(စ်)တီနာကို သူတို့ စိတ်အနှောင့်အယှက်ပေးနေရတဲ့ အကြောင်းပြချက်ကတော့ သူ(မ)က မိဘမဲ့ဂေဟာမှာ ကောင်းကောင်းမွန်မွန်နေထိုင်ပြီး မြင့်မြတ်တဲ့သခင်မလေးလို ပြုမူနေတာကြောင့်ပါ။ အဲ့ဒီအကြောင်းပြချက်က တကယ်တမ်းတော့ အဓိပ္ပာယ်မရှိလှပါဘူး။
မယ်ရီ့ဘက်ကကြည့်မယ်ဆိုရင်လည်း သူ(မ) အက်(စ်)တီနာကို အနိုင်ကျင့်နေတာက ဒီဂေဟာမှာ ထင်ထင်ပေါ်ပေါ်ရှိလှတဲ့အက်(စ်)တီနာရဲ့ဖြစ်တည်မှုကြောင့် သိမ်ငယ်စိတ်ဝင်နေမိတာကြောင့်ပဲ ဖြစ်ပါလိမ့်မယ်။
ဒါပေမဲ့ ကျွန်မ သူ(မ)ရဲ့လမ်းစဉ်ကိုတော့ မလိုက်နိုင်ပါဘူး။ အက်(စ်)တီနာကို အနိုင်ကျင့်နှိပ်စက်မဲ့အစား သူ(မ)နဲ့ ပြေပြေလည်လည်ပဲနေလိုက်ချင်တာပေါ့။
ဟင်း…သူ့ချစ်သူနဲ့ပြေလည်နေလို့ဆိုပြီး ဒုတိယမင်းသားက ကျွန်မကို တစ်နေရာရာပို့လိုက်ရင်ရော..။
ကျွန်မက ခပ်ဝေးဝေးကိုအပို့ခံရဖို့ကို ကံပါနေတာများလား။
ဒုတိယမင်းသားတစ်ယောက်တည်းက အက်(စ်)တီနာကို ချစ်မြတ်နိုးရုံလေးတင်ဆိုရင် သူ(မ)ကို ဒီီဇာတ်လမ်းရဲ့ဇာတ်လိုက်မင်းသမီးအစစ်အမှန်ဆိုပြီး သတ်မှတ်လို့ဘယ်ရမလဲ။
တိုက်နယ်မင်းကြီး၊ တိုက်နယ်မင်းကြီးကတော်၊ တိုက်နယ်မင်းကြီးရဲ့အကြီးဆုံးသားနဲ့ ဘော်နီယိုတိုက်နယ်မင်းကြီးဆီမှာခစားနေတဲ့ အမှုထမ်းတွေကအစ သူ(မ)ရဲ့အလှအပကြောင့် ဆွဲဆောင်ခံခဲ့ရတယ်။
ဘရိုင်တီနာအင်ပါယာထဲက သွေးအေးတဲ့ညီအစ်ကိုသုံးယောက်ဖြစ်တဲ့ မယ်ရီ့ရဲ့အစ်ကိုအရင်းတွေတောင်မှ ဇာတ်လိုက်အရှိန်အဝါတွေလွှမ်းခြုံထားတဲ့ သူ(မ)အပေါ် မေတ္တာစိတ်တွေပေါက်ဖွားလာကြပြီး အက်(စ်)တီနာသာ သူတို့ရဲ့ညီမလေးဖြစ်ရင် ကောင်းမှာပဲလို့တောင် ပြောကြသေးတယ်။
နောက်တော့ သူ(မ)ရဲ့ ဒုတိယအစ်ကိုက ဒုတိယဇာတ်လိုက်ဖြစ်လာခဲ့တယ်။ အက်(စ်)တီနာကို သူ့ညီမလေးဖြစ်ရင်ကောင်းမှာပဲလို့ ပြောခဲ့တာလည်း သူပဲ။ သူ(မ)ကို ကြိုက်မိသွားတာလည်း သူပဲ။ ရယ်တော့ ရယ်ရသား…။
တကယ်တမ်းတော့ ဝတ္ထုထဲက အရှိန်အဝါရှိတဲ့အမျိုးသားတွေအများစုက အက်(စ်)တီနာအပေါ် တစ်ဖက်သတ်စွဲလမ်းစိတ် ရှိကြတာချည်းပါပဲလေ။ ဘုရင်ခံချုပ်အိမ်တော်အတွက် ငြိုငြင်စရာကောင်းပြီး ရှက်ဖွယ်လိလိဖြစ်တဲ့မယ်ရီနဲ့တော့ တခြားစီပေါ့။
ဝတ္ထုကို ကျွန်မဖတ်နေတုန်းကတော့ “ဘယ်လိုအဓိပ္ပါယ်မရှိလိုက်တဲ့ ဇာတ်ကောင်စရိုက်တည်ဆောက်မှုကြီးလဲ”ဆိုပြီး တွေးခဲ့မိတယ်။ ဒါပေမဲ့ အက်(စ်)တီနာကို လူကိုယ်တိုင်တွေ့လိုက်ရတော့ ကျိုးကြောင်းဆီလျော်တယ်လို့ တွေးမိသွားပြန်ရော။
ရွှေရောင်ခပ်ဖျော့ဖျော့ဆံနွယ်တွေနဲ့ မြစိမ်းရောင်မျက်ဝန်းတွေက အတော်ဆုံးလက်မှုပညာရှင်တစ်ယောက် အနုစိတ်ခြယ်မှုန်းထားတဲ့ အနုပညာလက်ရာတစ်ခုအလား ထင်မှတ်မှားစေတယ်။
မင်းရဲ့အဖေက သူခိုးတစ်ယောက်များလား။ မင်းရဲ့မျက်လုံးလေးက လှရက်လွန်းအားကြီးတော့ မင်းမိဘတွေက ရတနာတွေခိုးလာပြီး မင်းမျက်လုံးလေးထဲ ထည့်ပေးထားတယ်လို့တောင် ထင်နေတာ။ ကျွန်မသာ ယောက်ျားဖြစ်ခဲ့ရင် အဲ့လိုမျိုးမှတ်ချက်ချမိမှာ သေချာတယ်။
သူ(မ)က ရုပ်ရည်ရူပကာအရလည်း လှပပြီး စိတ်နေစိတ်ထားကလည်း ကောင်းမွန်တယ်။
“တစ်ယောက်အပေါ်တစ်ယောက် ကောင်းကောင်းမွန်မွန်ဆက်ဆံကြတာပေါ့”
ဒီကလေးကပဲ ဘရိုင်တီနာအင်ပါယာအတွက် ရွှေလမ်းငွေလမ်းဖောက်ပေးခဲ့တာလေ။ ပုဂ္ဂိလ်ရေးအရမဟုတ်ဘဲ စီးပွားရေးအရပေါ့။
“ကဲ အက်(စ်)တီနာရေ…”
“အိုး.. အိုး မယ်ရီ..”
အက်(စ်)တီနာက ကျွန်မ သူ(မ)ရဲ့နာမည်ကိုခေါ်လိုက်တာနဲ့ ပခုံးသေးသေးလေးနှစ်ဖက်ကို ကျုံ့ထားရှာတယ်။ ဒီလိုဖြစ်ရတာက အတိတ်ဘဝရဲ့မှတ်ဉာဏ်တွေကို ကျွန်မပြန်မရခင်တုန်းက အက်(စ်)တီနာအပေါ် အမျိုးမျိုးနှိပ်စက်ညှဉ်းပန်းခဲ့တာတွေကြောင့် ဖြစ်နိုင်တယ်။ အရင်ဘဝတုန်းက မှတ်ဉာဏ်တွေကို ပြန်ရလိုက်ပါပြီဆိုကတည်းက အတိတ်တုန်းကဖြစ်ခဲ့တာတွေက ကျွန်မရဲ့မှတ်ဉာဏ်ထဲ မပီဝိုးတဝါးဖြစ်သွားတာပေါ့။
အတိတ်ဘဝတုန်းကမှတ်ဉာဏ်ထဲမှာ တည်ရှိနေခဲ့တဲ့ ဝတ္ထုအကြောင်းအရာတွေကို ပြန်ဆန်းစစ်ကြည့်မယ်ဆိုရင် မယ်ရီဟာ ကလေးဘဝတုန်းက အက်(စ်)တီနာကို တော်တော်လေးအနှောင့်အယှက်ပေးခဲ့တယ်ဆိုတာ ခန့်မှန်းကြည့်လို့ရပါတယ်။
အနိုင်ကျင့်နှိပ်စက်မှုတွေဆိုတာ စိတ်အလိုမကျမှုကနေ ဆင်းသက်လာတာပါ။
ရိုးရိုးသားသားပြောရရင် မယ်ရီကလည်း အက်(စ်)တီနာလို ချစ်စရာကောင်းပြီး လှပါတယ်။
ချောမွေ့တောက်ပြောင်နေတဲ့ သူ(မ)ရဲ့ပိတုန်းရောင်ဆံနွယ်နဲ့ မှောင်မိုက်တဲ့ညကောင်းကင်ယံနဲ့ အလားသဏ္ဌာန်တူတဲ့ မျက်ဝန်းတစ်စုံက ဘုရင်ခံချုပ်ကွန်လာဆီကရထားတဲ့ ကျိန်စာသင့်အမွေတွေပါပဲ။
အရင်ဘဝတုန်းက ကျွန်မရဲ့ကြောင်မျက်ဝန်းတွေလိုပေါ့…။
‘အမှန်အတိုင်းပြောရရင် အဲ့ဒါက စိတ်ပျက်စရာပဲ..’
ကြီးနိုင်ငယ်ညှဉ်းပြုမူတတ်တဲ့ မယ်ရီဟာ ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်သလဲလေ။
အတိတ်ဘဝရဲ့မှတ်ဉာဏ်တွေကို ကျွန်မပြန်ရလိုက်တဲ့အချိန်တုန်းကတောင် အဲ့ဒီအချက်ကိုသက်သေပြဖို့ ယောက်ျားတွေနဲ့အပြိုင် တစ်ယောက်ချင်းယှဉ်ချနေခဲ့ရသေးတာပဲ။
ကျွန်မ အတိုက်အခိုက်ပညာကို ဆက်ပြီးလက်ရည်သွေးဖို့စီစဉ်ထားတယ်။ နောက်လာမဲ့နေ့တွေအတွက် အကူအညီရလိုရငြားပေါ့လေ။ အင်ပါယာသူရဲကောင်းတွေကို ကျွန်မ အလဲမထိုးနိုင်လောက်ဘူးလို့ ဘယ်သူက အတပ်ပြောနိုင်မှာတဲ့လဲ။
အဲ့ဒါက ဘာကြောင့်လဲဆိုရင် ကျွန်မက ဘုရင်ခံချုပ်ကွန်လာရဲ့အငယ်ဆုံးသမီးတော်ဖြစ်နေတာမို့လို့ တခြားကလေးတွေနဲ့ယှဉ်ရင် ကျွန်မက နည်းနည်းပိုသန်မာနေတာပဲဖြစ်ရမယ်။ တကယ်တမ်းကျတော့ နည်းနည်းပိုသန်မာတာမဟုတ်ဘဲ တော်တော်ကြီးကိုသန်မာနေတာပါ။
“ရော့.. ဒါလေး စားလိုက်”
“……”
ကျွန်မ ပြောထားခဲ့သလိုပဲ။ ဘရန်ဒွန်မိဘမဲ့ဂေဟာက အင်ပါယာနယ်မြေနှစ်ခုကြားမှာတည်ရှိပြီး တောင်တန်းရဲ့အလယ်တည့်တည့်မှာလည်း ဖြစ်တာကြောင့် ကူညီထောက်ပံ့မှုတွေမရဘူး။ မဟုတ်သေးဘူး။ ကျွန်မ အမှန်ပြန်ပြင်ပေးပါရစေ။
ရရှိလာတဲ့ထောက်ပံ့ငွေတွေက ဂေဟာကဒါရိုက်တာရဲ့အိတ်ကပ်ထဲကို ခုန်ဆင်းသွားတာပါ။
အဲ့ဒီကျေးဇူးကြောင့်ပဲ မိဘမဲ့ဂေဟာက ကလေးတွေက အမြဲတမ်း အစာရေစာငတ်ပြတ်နေကြရတာပေါ့။
ဂေါ်ဖီစွပ်ပြုတ်နဲ့ ဂျုံယာဂုကိုပဲစားရတာက ပုံမှန်လိုဖြစ်နေတဲ့အတွက် ပေါင်မုန့်ခြောက်တွေ ဝေပေးတဲ့နေ့များဆိုရင် ကလေးတွေက တပျော်တပါးကြီးအပြေးရောက်လာကြတော့တာပဲ။
ဒီနေရာနဲ့ရင်းနှီးသွားအောင်ဆိုပြီး ကျွန်မ လမ်းလျှောက်ထွက်တဲ့အချိန်တုန်းက ဂေဟာရဲ့မလှမ်းမကမ်းမှာ အာလူးခင်းတစ်ခင်းကို ရှာတွေ့ခဲ့တယ်။ အာလူးခင်းမှန်း ကျွန်မ ဘယ်လိုသိလဲဆိုရင် ကျွန်မငယ်ငယ်တုန်းက အဘွားနဲ့အတူ ကျေးလက်ဒေသဘက်မှာနေခဲ့ဖူးလို့လေ။
အဲ့လိုမျိုး လုံးဝမလုပ်သင့်ဘူးဆိုတာကို ကျွန်မ သေချာပေါက်သိပါတယ်။ ဒါပေမဲ့ တစ်ခုရှိတာထက် နှစ်ခုရှိတာက ပိုအဆင်မပြေဘူးလား။
လောကကြီးက ကျွန်မအပေါ် အကြွေးတင်နေတာ ဒီလောက်တောင်များတာကို…။
ကျွန်မ ကိုယ့်ကိုယ်ကိုယ် ကြံဖန်ပြီးအကြောင်းပြချက်ပေးနေရင်းနဲ့ပဲ ဘုရင်ခံချုပ်အိမ်တော်က ကျွန်မကိုလာခေါ်တဲ့အချိန်ကျရင် အကြွေးပြန်ဆပ်ပါ့မယ်လို့ တတွတ်တွတ်ရေရွတ်ရင်း အာလူးခင်းကြီးကို ဦးညွှတ်လိုက်တယ်။
တောင်းပန်ပါတယ်။ တောင်းပန်ပါတယ်ရှင်…
ဘယ်ကလေးမှမလုပ်ချင်တဲ့ မီးဖိုချောင်သန့်ရှင်းရေးကို ကျွန်မလုပ်နေရင်းနဲ့ ယူလာတဲ့အာလူးတွေကို ဘယ်သူမှမသိအောင် တိတ်တိတ်လေးဖုတ်လိုက်တယ်။
အခုဆိုရင် ကြိုးစားပမ်းစားလုပ်ယူထားရတဲ့ အာလူးနှစ်လုံးထဲကတစ်လုံးဟာ အက်(စ်)တီနာဆီကို ရောက်သွားပြီ။
လူတစ်ယောက်ကို ဆွဲဆောင်ချင်ရင် အစားအသောက်နဲ့ ဆွဲဆောင်ရမယ်တဲ့။
အရင်ဘဝတုန်းကဆိုရင် စာသင်နှစ်အသစ်တစ်ခုစတိုင်း တစ်ယောက်နဲ့တစ်ယောက် ပိုရင်းနှီးလာအောင်ဆိုပြီး ကျွန်မသူငယ်ချင်းကို သကြားလုံးတွေပေးလေ့ရှိတယ်။
ကျွန်မရဲ့ဝမ်းကွဲကြောင့် ကျွန်မ မိတ်ဆွေဖွဲ့ဖို့ကြိုးစားလိုက်တိုင်း ကျရှုံးခဲ့တာချည်းပဲဆိုပေမဲ့ပေါ့…။
“ဒါ ဘယ်ကရတာလဲ..”
“တကျည်ကျည်လုပ်မနေဘဲ တိတ်တိတ်လေးစားလိုက်”
“နင် ငါ့ကို ဘာလို့ ရုတ်တရက်ကြီး ဒါတွေလာပေးနေတာလဲ”
ကျွန်မ သူ(မ)ကို စားစရာပေးလိုက်တာတောင် သူ(မ)က သတိထားနေတုန်းပဲ။
မယ်ရီရဲ့လုပ်ရပ်တွေကို ပြန်စဉ်းစားကြည့်မယ်ဆိုရင် မယ်ရီ့အနေနဲ့ ဒီစားစရာထဲမှာ အဆိပ်ခတ်မခတ်စစ်ဆေးဖို့ သူ(မ)ကို အသုံးချလိုက်တာလို့ပြောရင်တောင် ဒါဟာ ချဲ့ကားပြီးပြောနေတယ်လို့ လုံးဝမထင်ရပါဘူး။
“ကောင်းပြီ။ ငါပြောတာ နားထောင် အက်(စ်)တီနာ.. သေချာတွေးကြည့်မယ်ဆိုရင် ဒီဂေဟာမှာရှိတဲ့မိန်းကလေးတွေထဲမှာ နင်နဲ့ငါက အသက်အရွယ်ချင်းအတူတူပဲလေ။ ငါ နင့်ကို အနှောင့်အယှက်ပေးခဲ့မိတဲ့အတွက် တောင်းပန်ပါတယ်”
ရိုးရိုးသားသားဝန်ခံရရင် ကျွန်မ သူ(မ)ကို အနှောင့်အယှက်မပေးခဲ့ပါဘူး။
မဟုတ်သေးဘူး။ ပိုပြီးတိတိကျကျပြောရရင် အတိတ်ကိုပြန်သတိမရခင်တုန်းက”ကျွန်မ”ကပဲ သူ(မ)ကို နှောင့်ယှက်ခဲ့တာပါ။
ဒါပေမဲ့လည်း ကျွန်မ စိတ်မကောင်းဖြစ်မိတာကတော့ အမှန်ပဲမို့ ရိုးရိုးသားသားပဲ တောင်းပန်လိုက်ပါတယ်။
“ကျေးဇူးပဲ”
အရင်ဘဝတုန်းက ကျွန်မဖတ်ခဲ့ဖူးတဲ့ “မင်းတို့အိမ်မှာ ဒါမျိုးမရှိဘူးမလား”ဆိုတဲ့စာအုပ်ထဲက ကမ်မလီယာရဲ့အာလူးဖုတ်စွမ်းရည်က ကျွန်မထင်ထားတာထက် ပိုကောင်းနေတာကြောင့်ပဲဖြစ်လိမ့်မယ်။ အက်(စ်)တီနာက ကျွန်မထင်ထားတာထက် ပိုတောက်ပတဲ့အပြုံးတစ်ပွင့်ကိုဆင်မြန်းထားပြီး အာလူးကို လက်ခံလိုက်တယ်လေ။
ဒီမိန်းကလေးရဲ့သဘောထားကြီးမှုက ဘယ်အတိုင်းအတာအထိများ ဆက်သွားနိုင်သလဲ။
ကျွန်မက သူ(မ)ကို ဒီလောက်နှိပ်စက်ခဲ့တာတောင် သူ(မ)ကတော့ ရွှန်းရွှန်းစားစားပြုံးပြပြီးတော့တောင် ကျွန်မ တောင်းပန်တာကို အလွယ်လေးလက်ခံလိုက်တယ်တဲ့။
သူ(မ)က ကျေးဇူးတောင်တင်လိုက်သေးတယ်။
“ဒီလောက်နဲ့ပဲ နင် ငါ့ကိုခွင့်လွှတ်လိုက်တော့မှာပေါ့”
“ဘာလို့လဲဆိုတော့ မယ်ရီ .. နင် ငါ့ကိုတောင်းပန်လိုက်တယ်လေ..ပြီးတော့ ငါ့ကို ဒီလိုစားစရာတွေလည်း ပေးသေးတယ်”
“အက်(စ်)တီနာ ငါပြောတာနားထောင်”
“ဟင်”
“ငါ ဒီလိုပြောဖို့မရည်ရွယ်ထားပါဘူး။ ဒါပေမဲ့ နင် ငါ့ကို ဒီလောက်လွယ်လွယ်လေးနဲ့ ခွင့်မလွှတ်သင့်ဘူး။ အဲ့လိုဆိုရင် တခြားလူတွေက နင့်ကို အထင်သေးကြလိမ့်မယ်”
“ကောင်းပြီ..”
ကျွန်မ သဘောထားကြီးလွန်းတဲ့ အက်(စ်)တီနာကို လောကကြီးထဲမှာ ဘယ်လိုရှင်သန်ရမလဲဆိုတာကို သင်ပြပေးချင်တာကြောင့် သူ(မ)ကို အကြံတချို့ပေးလိုက်တယ်။
ငါပြောတာတွေကို နင် အခုတော့ နားလည်ဦးမှာမဟုတ်ဘူး။ ဒါပေမဲ့ နင် အရွယ်ရောက်လာရင်တော့ နင့်ရဲ့သူငယ်ချင်းအစစ်အမှန်က မယ်ရီဆိုတာ သဘောပေါက်လာမှာပါ။
တစ်ချိန်လုံး ကြမ်းပြင်ကိုပဲငုံ့ကြည့်နေတဲ့ အက်(စ်)တီနာရဲ့ပခုံးထက်ကို ကျွန်မ လက်တင်လိုက်တဲ့အခါ သူ(မ)က ခေါင်းထောင်လာပြီး ကျွန်မကို ပြန်ကြည့်လာတယ်။
“တစ်ချက်လောက်ရိုက်လိုက်”
“ဟင်”
“အက်(စ်)တီနာ.. ငါ နင်နဲ့ပြေပြေလည်လည်ပဲနေချင်တယ်။ ဒါပေမဲ့ အရင်တုန်းက ငါလုပ်ခဲ့တဲ့ကိစ္စတွေကိုကျတော့ ဘယ်လိုလုပ်မလဲ။ ငါက အဲ့ဒီပုံစံကြီးအတိုင်းပဲ ဆက်သွားကြဖို့ပြောနေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ တစ်ယောက်ယောက်က ပြန်ပြေလည်ကြရအောင်လို့ပြောရုံနဲ့ နင် ဒီအတိုင်းလက်ခံလိုက်လို့မရဘူးလေ”
ကျွန်မရဲ့စကားတွေကြောင့် အက်(စ်)တီနာတစ်ယောက် အံ့အားသင့်သွားပြီး ကျွန်မကို အကြောင်သားငေးကြည့်နေရှာတယ်။
တကယ်တမ်းတော့ တစ်ကိုယ်ကောင်းဆန်သလိုဖြစ်နေပေမဲ့ ကျွန်မ စိတ်သက်သက်သာသာနဲ့ပဲ နေချင်တာကြောင့် နောက်ပိုင်းကျမှ ဘာစကားသံမှထွက်လာအောင်လို့ တစ်ချက်လောက်အရိုက်ခံဖို့ ဆုံးဖြတ်လိုက်တာပါ။ အဲ့လိုမှသာ အက်(စ်)တီနာလည်း စိတ်ပေါ့ပါးသွားမှာပေါ့။
အက်(စ်)တီနာက ကျွန်မကိုမရိုက်ခင် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်တယ်။
ဒါက လုံးဝ ဟာသမဟုတ်ဘူးပဲ။
“ဟင်း”
“ငါတောင်းပန်ပါတယ်။ အရမ်းနာသွားလား”
ကျွန်မ ကိုးရိုးကားရားသက်ပြင်းချလိုက်တာကို နာသွားတယ်လို့ထင်သွားတဲ့ အက်(စ်)တီနာက ငိုချတော့မတတ်ဖြစ်သွားပြီးတော့ ကျွန်မကိုပဲအရိပ်တကြည့်ကြည့်နဲ့ တောင်းပန်နေရှာတယ်။
‘ဒီလောက်သဘောကောင်းတဲ့ကောင်မလေးကို သူ ဘာလို့ဒီလောက်တောင်အနှောင့်အယှက်ပေးခဲ့ရတာလဲ…’
အဲ့ဒါကြောင့်ပဲ ကျွန်မ အက်(စ်)တီနာကို ပိုလို့တောင်သနားမိလာပြီး သူ(မ)အပေါ် ကောင်းကောင်းဆက်ဆံပေးမိတော့တာပေါ့။
ကျွန်မရဲ့ညာလက်ရုံးလီယိုက အစပိုင်းတော့ ကျွန်မကိုနားမလည်နိုင်တဲ့ပုံစံနဲ့ ရုတ်တရက်ကြီး ဒေါသထွက်နေလေရဲ့။ ဒါပေမဲ့ အဆုံးကျတော့ သူလည်း ကျွန်မဆန္ဒကို လိုက်လျောပေးရှာပါတယ်။
ကျွန်မနဲ့တစ်ယောက်ချင်းယှဉ်ချခဲ့တဲ့ဘရိုင်ယန်က စိတ်အနှောင့်အယှက်ပေးတတ်ပေမဲ့ နည်းနည်းလောက်ထိုးကြိတ်ခံရပြီးတဲ့နောက်မှာ သူ အပြတ်အသတ်အလဲထိုးခံလိုက်ရတာပါပဲ။
ဒါပေမဲ့ ကျွန်မက အက်(စ်)တီနာကို အနိုင်မကျင့်တော့ဘဲ သဘောထားပြောင်းလဲသွားတာကိုသဘောမကျတဲ့ ကျွန်မရဲ့နောက်လိုက်အပေါင်းအပါတွေက အဖွဲ့ထဲကနေခွဲထွက်သွားကြပြီး ဘရိုင်ယန်နဲ့ပဲ သွားပူးပေါင်းကြတော့တယ်။ တတ်တော့ မတတ်နိုင်ဘူးပေါ့။ ကျွန်မ နားလည်ပါတယ်လေ။ ဒီကလေးတွေရဲ့ ရှင်သန်ရုန်းကန်ရေးနည်းလမ်းတွေကို ကျွန်မ ဘာများလုပ်နိုင်မှာမို့လို့လဲ။ ကျွန်မကိုယ်တိုင်လည်း ရှင်သန်ဖို့အတွက် ကိုယ့်နည်းကိုယ့်ဟန်နဲ့ကြိုးစားနေရတာပဲလေ။
သူ(မ)ကြောင့် ဒီဂေဟာမှာရှိတဲ့ကလေးတွေကြားမှာ ကျွန်မရဲ့သြဇာအာဏာ မှေးမှိန်လာတာကိုသိသွားတော့ အက်(စ်)တီနာတစ်ယောက် အားတုံ့အားနာဖြစ်နေတော့တာပေါ့။ ကျွန်မရယ်၊ လီယိုရယ်၊ အက်(စ်)တီနာရယ် သုံးယောက်သားရဲ့ဆက်ဆံရေးက အက်(စ်)တီနာတစ်ယောက် တိုက်နယ်မင်းကြီးဘော်နီယိုနဲ့အတူလိုက်သွားရမဲ့နေ့အထိ ပြေပြေလည်လည်ပါပဲ။
ထွက်သွားရတော့မဲ့နေ့ကိုရောက်တော့ အက်(စ်)တီနာက ကျွန်မနဲ့နဖူးချင်းကပ်ထားပြီး မျက်ရည်တွေ မိုးလိုပြိုတော့တာပေါ့။ အက်(စ်)တီနာခမျာ ဝမ်းပန်းတနည်းငိုကြွေးနေရှာတော့ ကျွန်မလည်း ငိုမိတော့မတတ်ပဲ။ ဒါပေမဲ့ ကျွန်မ မငိုမိအောင်သည်းခံထားလိုက်ပါရဲ့။ အက်(စ်)တီနာကတော့ မျက်ရည်လည်ရွဲနဲ့ပဲ ကျွန်မကို သူ(မ)ရဲ့လည်ဆွဲလေး ထုတ်ပေးလာတယ်။
“ငါ့ကို မေ့မသွားနဲ့နော် မယ်ရီ”
‘ငါတို့တွေ တစ်ယောက်နဲ့တစ်ယောက် ထပ်ဆုံကြရဦးမှာပါ..’
ကျွန်မ ဘာစကားတစ်ခွန်းမှမဆိုဘဲ ခေါင်းညိတ်ပြလိုက်တယ်။ အက်(စ်)တီနာထွက်မသွားခင်မှာ သူ(မ)က လီယို့ကို မျက်နှာသာပေးဖို့တောင်းဆိုလိုက်တယ်။
တစ်ယောက်နဲ့တစ်ယောက်ထိလိုက်ရင်ပဲ ပျားတုပ်ခံရတော့မလိုမျိုး ပခုံးချင်းတောင်ထိလေ့မရှိတဲ့ ကျွန်မနဲ့လီယိုက ပထမဆုံးအကြိမ်အဖြစ် လက်တွဲထားလိုက်ကြတယ်။
“မယ်ရီ နင်ငိုနေတာလား”
“အိုး နင်သာငိုတာ”
“မဟုတ်ဘူး နင်ငိုတာလေ”
“နင်သာ ငိုနေတာပါ”
ကျွန်မနဲ့လီယိုတို့နှစ်ယောက် ရထားလုံးထွက်သွားတဲ့အထိ လက်ချင်းတွဲထားကြပြီး ဂေဟာဆီကို ငြင်းရင်းခုံရင်းပြန်လာခဲ့ကြတယ်။
မကြာခင် ကျွန်မရဲ့အဖေလည်း ကျွန်မကိုလာရှာတော့မှာပဲ။
မေတ္တာတွေတစ်ပွေ့တစ်ပိုက်ကြီးတောင်းဆိုဖို့စိတ်ကူးမျိုး ကျွန်မမှာမရှိပါဘူး။ ဒါပေမဲ့ ကျွန်မ ဘယ်တုန်းကမှ မပိုင်ဆိုင်ခဲ့ဖူးတဲ့မိသားစုဆိုတာကိုတော့ နည်းနည်းလောက်တောင့်တမိပါရဲ့။
ရှင်တို့တွေခပ်မြန်မြန်လေး လာရှာပေးလို့ရမလား။