Part-3
Type – Web Novel (Korea)
Genre – Comedy, Drama, Fantasy, Romance, Slice of Life
Author – 윤로체
Translator – Aurelia
“ဘုရင်ခံချုပ်ရဲ့ ပြဿနာအိုးသမီးတော်က
တစ်ကိုယ်တည်း ရွက်လွှင့်ချင်သတဲ့”
Chapter-3
“မယ်ရီ နင် ရူးသွားပြီလား”
“မရူးပါဘူး”
နောက်ဆုံးတော့ ကျွန်မ အသက်ကိုးနှစ်ပြည့်ခဲ့ပြီ။ ပြီးတော့ ဂေဟာမှာရှိတဲ့ ကျွန်မရဲ့ တစ်ဦးတည်းသောသူငယ်ချင်းကောင်းကလည်း လီယိုဖြစ်နေတုန်းပါပဲ။
သိပ်မကြာခင်မှာ ဘုရင်ခံချုပ်က ကျွန်မကိုလာရှာတော့မယ်။ ဒါကြောင့် ကျွန်မ လီယိုနဲ့လမ်းခွဲနှုတ်ဆက်ရဖို့အတွက် ပြင်ဆင်ထားနှင့်ပြီးပါပြီ။ အစတုန်းကတော့ သူက ကျွန်မ ဘာလို့ ဒီလိုတွေထပ်လုပ်နေရလဲဆိုတာကို နားမလည်ခဲ့ဘူး။ ဒါပေမဲ့ ကျွန်မ ဘယ်လောက်လေးလေးနက်နက်ဖြစ်နေလဲဆိုတာကိုတော့ သူသတိထားမိရှာတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတို့တွေ နောက်ကျရင်ပြန်တွေ့ကြရမှာပါပဲလေ။
ဘုရင်ခံချုပ်က ပြန်ပေးဆွဲခံခဲ့ရတဲ့ကျွန်မကိုရှာဖို့ အချိန်ရော၊ ငွေရော အများကြီးပေးဆပ်ခဲ့ရတဲ့အတွက် လူတိုင်းက ကျွန်မကို စိတ်အနှောင့်အယှက်တစ်ခုလို သဘောထားနေကြတာကြောင့် ဘုရင်ခံချုပ်အိမ်တော်ကိုရောက်သွားရင်တော့ တိတ်တိတ်ဆိတ်ဆိတ်ကလေးပဲနေမယ်လို့ ဆုံးဖြတ်ထားတယ်။
မယ်ရီက ရှုပ်ရှုပ်ယှက်ယှက်တွေ လုပ်တတ်ခဲ့တာကြောင့် လူတွေက သူ(မ)ကို ပြဿနာအိုးမလေးလို့ သတ်မှတ်ခဲ့ကြတယ်။
ဒီတော့ မူမမှန်တာတစ်ခုခုလုပ်မိလို့ဆိုပြီး ကျွန်မရဲ့မုန့်ဖိုးတစ်ဝက်ကို အကြောင်းမဲ့ဖြတ်သွားတာမျိုးမဖြစ်ရလေအောင် ကျွန်မ တိတ်တိတ်ကလေးပဲနေသင့်တယ်ဆိုတာကို သဘောပေါက်ထားပါတယ်။
ဂေဟာမှာရှိတဲ့ အငယ်ဆုံးကလေးလေးပက်ပီ အဆာလွန်ပြီးဆုံးပါးသွားတော့ ဂေဟာရဲ့နောက်ဖေးမှာ ကျွန်မ ပက်ပီကိုမြေမြှုပ်ပေးနေရင်း ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်။
“ဒါရိုက်တာသိမ်းထားတဲ့ငွေတွေကို သွားခိုးရအောင်”
ကျွန်မရဲ့အစီအစဉ်တွေကို လီယို့ကိုပြောပြလိုက်တော့ သူက ကျွန်မကို ရူးသွားပြီလားလို့ မေးခွန်းထုတ်လာလေရဲ့။
“ငါတို့တွေ ဆက်ရှင်သန်ရဦးမယ်လေ လီယို”
“ငါ သတိထားမိနေတာ တော်တော်ကြာပြီ မယ်ရီ။ နင်က ဘ၀ရှင်သန်နေထိုင်ရေးနဲ့ပတ်သက်လာရင် အရမ်းအစွဲကြီးလွန်းတယ်”
“သိသာနေတာပဲမဟုတ်လား။ ငါလုပ်သမျှအရာအားလုံးက ငါ့အသက်ရှင်သန်ရေးအတွက်ပဲ”
အရင်ဘဝတုန်းကလည်း ဘဝမှာ ရုန်းကန်ရှင်သန်ရင်းနဲ့ ကျွန်မသေဆုံးခဲ့ရတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်တော့ ကျွန်မ ဒီအတိုင်း အချည်းနှီးသေဆုံးသွားတာမျိုး ထပ်မဖြစ်သင့်တော့ဘူးလေ။
ပြီးတော့ ပွင့်ပွင့်လင်းလင်းပြောရရင် ဒီဂေဟာမှာရှိတဲ့ကလေးတွေက သိပ်သနားဖို့ကောင်းလွန်းအားကြီးတယ်။
သူတို့အရွယ်ရောက်လာတဲ့အထိ အာဟာရမရှိတဲ့အစားအသောက်တွေကိုပဲ စားခဲ့ရပြီး အဲ့ဒီပုံစံအတိုင်းပဲ လျစ်လျူရှုခံထားခဲ့ရတယ်။ ဒါက အနိုင်ကျင့်နှိပ်စက်ခံနေရတယ်ဆိုတာ ရှင်းနေတာပဲလေ။
အစပိုင်းတုန်းကတော့ ဒါရိုက်တာရဲ့ကြားပေါက်ဝင်ငွေက ကလေးတွေဆီကအမြတ်ထုတ်ထားတဲ့ငွေတွေပါပဲ။
သမာသမတ်ကျသူ ဟုန်းဂီဒုန်ရဲ့မျိုးဆက်တစ်ယောက်အနေနဲ့ ကျွန်မ ဒါရိုက်တာကို ခွင့်မလွှတ်နိုင်ပါဘူး။
အစီအစဉ်ကတော့ ရှင်းရှင်းလေးပါ။ ပုံမှန်ဆိုရင် ဂေဟာကနေ ဘယ်မှမသွားတတ်တဲ့ ဒါရိုက်တာက သောကြာနေ့ညနေတိုင်းမှာ စိတ်အပန်းဖြေဖို့အတွက် ရွာဘက်ကိုထွက်သွားတတ်ပြီး စနေနေ့နေ့လယ်ပိုင်းမှ ပြန်လာတတ်တယ်။
အဲ့ဒီအချိန်ကို အခွင့်ကောင်းယူပြီး ကျွန်မတို့က သူ့ပိုက်ဆံတွေကိုခိုးမယ်။ ပြီးရင် ကလေးတွေကို ခွဲဝေပေးလိုက်မယ်။
“ရူးနေပြီပဲ..”
ကျွန်မထက် အသက်သုံးနှစ်ပိုကြီးတဲ့လီယိုက အဲ့ဒီလိုဟောင်ဖွာဟောင်ဖွာလုပ်တတ်ပေမဲ့ ကျွန်မဆန္ဒအတိုင်း အမြဲလိုက်လျောပေးတာချည်းပဲ။
တကယ်တော့ ကျွန်မတို့တွေ အစကတည်းက ဘရိုင်ယန်နဲ့ဘက်တော်သားတွေလုပ်ပြီး ဘဝကို ပိုပြီးသက်သောင့်သက်သာဖြတ်သန်းလို့လည်း ရတာပဲ။ ဒါပေမဲ့ ကျွန်မတို့တွေ ဒီလိုအထီးကျန်ဆန်တဲ့ဘဝကြီးကို ဘယ်လိုလုပ်ပြီးဖြတ်သန်းနိုင်မှာတဲ့လဲ။
အညိုရောင်ဖျော့ဖျော့မျက်ဝန်းတစ်စုံမှာ ကျွန်မအတွက် စိုးရိမ်ပူပန်မှုအငွေ့အသက်တွေ ကိန်းအောင်းနေရှာလေရဲ့။ အသက်ကိုဝအောင်ရှူရှိုက်လိုက်ပြီး ဆံနွယ်တွေကိုပွတ်သပ်ရင်း မယ်ရီ့ရဲ့အစ်ကိုတွေထက်စာရင် လီယိုကမှ ပိုသာသေးတယ်လို့ ကျွန်မတွေးလိုက်မိတယ်။
ကျွန်မကိုမုန်းတီးနေတဲ့မိသားစုဆီ ပြန်သွားရမှာကို ယုံတောင်မယုံနိုင်ဘူး။
“အဆင်ပြေပါတယ်”
“ဘာက အဆင်ပြေတာလဲ”
“ဖြစ်လာသမျှအရာအားလုံး ငါတာဝန်ယူမယ်”
“ဘာလို့ ဖြစ်သမျှအကုန် မင်းပဲတာဝန်ယူပါ့မယ်လို့ အမြဲတမ်းပြောနေရတာလဲ”
ဘာလို့လဲဆိုရင် ကျွန်မက အဲ့ဒီပုံစံအတိုင်းပဲ ဘဝကိုဖြတ်သန်းခဲ့တာမို့လို့လေ…
ကျွန်မရဲ့အဘွားဆုံးသွားပြီး အဒေါ့်အိမ်မှာလိုက်နေရကတည်းက ကျွန်မကသာ ကျွန်မရဲ့ကိုးကွယ်ရာဖြစ်ခဲ့တယ်။ မယ်ရီအဖြစ် ပြန်လည်မွေးဖွားလာပြီး ဘရန်ဒွန်မိဘမဲ့ဂေဟာကို ရောက်လာတော့လည်း ထိုနည်းလည်းကောင်းပါပဲ။ ပြီးတော့ အဲ့ဒီခံယူချက်က ဘုရင်ခံချုပ်အိမ်တော်ကိုရောက်တဲ့အထိ ဆက်ရှိနေဦးမှာပါ။
အဲ့ဒီမှာရှိတဲ့လူတွေက ကျွန်မအပေါ် စိတ်ဝင်စားမှုမရှိကြတဲ့အတွက် ကျွန်မအနေနဲ့ သင့်တော်သလို ခပ်တိတ်တိတ်လေးနေထိုင်ရင်း ကျွန်မရသင့်ရထိုက်တဲ့အမွေဝေစုကိုယူပြီး ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းလို့ရတာပေါ့။
လီယို.. အဲ့ဒီအချိန်ကျရင် ငါ နင့်ကိုလာရှာပြီး ဥက္ကဋ္ဌရာထူးပေးမယ်။
“ငါ စိတ်ကြည်မနေဘူးနော်။ ငါ့ကို အဲ့လိုကြောင်မျက်လုံးနဲ့လာမကြည့်နဲ့”
“ကောင်းပြီလေ”
ကျွန်မ သူ့ကို ဥက္ကဋ္ဌရာထူးအစား မန်နေဂျာအဆင့်လောက်ပဲ ပေးသင့်တယ်။
တောင်တန်းပေါ်မှာ ညတာက ကျွန်မထင်ထားတာထက် မှောင်တာစောသား..။ ထင်ထားတဲ့အတိုင်း ဒါရိုက်တာက ကျွန်မတို့ရဲ့ညစာအတွက် ဂျုံယာဂုကို ပြင်ဆင်ပေးခဲ့ပြီး ရွာဘက်ကိုထွက်သွားတော့တာပဲ။ ဒါရိုက်တာမရှိတဲ့ဂေဟာကြီးက ကလေးတွေအဖို့တော့ မင်းမဲ့တိုင်းပြည်အလားပဲ။ ပြေးလွှားအော်ဟစ်သံတွေနဲ့အတူ ဆူညံပွက်လောရိုက်သံတွေကလည်း မြည်လို့ဟိန်းလို့ရယ်ပါ…။
“ဘယ်လိုလဲ မယ်ရီ။ ဂိမ်းတစ်ပွဲလောက် ကစားချင်လား”
“ဘရိုင်ယန် ငါလည်း ကစားချင်ပေမဲ့ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက နင့်နှာခေါင်းကို ငါထိုးလိုက်မိတာ… အဆင်ပြေရဲ့လား။ အဲ့ဒီတုန်းက နင် နှာခေါင်းသွေးတောင် ယိုကုန်တာလေ”
ဘရိုင်ယန်က ဒီနေ့လို နေ့ကောင်းရက်မြတ်မျိုးကိုမှရွေးပြီး ရန်စလာတယ်လေ။ ဘုရင်ခံချုပ်ရဲ့သမီးတော်တစ်ယောက်အနေနဲ့ ကျွန်မက တခြားကလေးတွေနဲ့ယှဉ်ရင် ခွန်အားပိုင်းဆိုင်ရာရော ဉာဏ်ပညာပိုင်းဆိုင်ရာမှာပါ အများကြီးပိုသာတယ်။
ဘုရင်ခံချုပ်ကွန်လာရဲ့မိသားစုက မိစ္ဆာတွေဆီက ကောင်းချီးပေးခံထားရသူတွေပါ။ သူတို့က လူသားတွေနဲ့မိစ္ဆာတွေ ရောနှောနေထိုင်ခဲ့တဲ့အချိန်ကာလတုန်းက အခြေခိုင်ခိုင်မာမာဖွဲ့စည်းတည်ထောင်ခဲ့တဲ့ ဘရိုင်တီနာအင်ပါယာကြီးရဲ့ ပထမဆုံးသောကူညီထောက်ပံ့သူတွေလည်း ဖြစ်နေပြန်တယ်လေ။
အဲ့ဒီလုပ်ငန်းစဉ်အတောအတွင်းမှာ ကွန်လာမိသားစုရဲ့ပထမဆုံးမျိုးဆက်က ဆင်းသက်လာတဲ့သားဖြစ်သူဟာ မိစ္ဆာမျိုးနွယ်မင်းသမီးကို လက်ထပ်ထိမ်းမြားခဲ့တဲ့အတွက် သူတို့မိသားစုက မိစ္ဆာတွေရဲ့ကောင်းချီးပေးခြင်းကို ခံခဲ့ရတာပေါ့။ ဒါကတော့ ယုတ္တိမတန်တဲ့ဒဏ္ဍာရီတစ်ခုပါပဲ။
မိစ္ဆာမျိုးနွယ်ဆီက ကောင်းချီးတစ်ခုတဲ့လေ။ ဘယ်လောက်တောင်ထူးဆန်းလိုက်သလဲ။
မိစ္ဆာတွေဆီကကောင်းချီးဖြစ်တဲ့အတွက် အဲ့ဒီကောင်းချီးက မျိုးရိုးစဉ်ဆက်ဆက်ခံရတာမျိုး မဟုတ်ပါဘူး။ ပြီးတော့ ပြစ်ဒဏ်တချို့လည်း ရှိနေသေးပါတယ်။
ပြစ်ဒဏ်ဆိုတာ ဘာလဲ။
ဝတ္ထုအကြောင်းအရာက ဒုတိယမင်းသားနဲ့ အက်(စ်)တီနာရဲ့အချစ်ဇာတ်လမ်းကို အဓိကဦးတည်ထားတာကြောင့် ဘုရင်ခံချုပ်ကွန်လာရဲ့ဇာတ်ကြောင်းကို အတွင်းကျကျဖော်ပြမထားပါဘူး။ သူတို့က အဲ့ဒီအကြောင်းအရာတွေကို ဒုတိယအမျိုးသားဇာတ်လိုက်နဲ့ ဗီလိန်တို့ရဲ့မိသားစုအတွက် ဇာတ်ကောင်တည်ဆောက်ဖို့ပဲ ထည့်ထားတာပါ။
ပြစ်ဒဏ်က ဘာလဲဆိုတာ ကျွန်မလည်း တိတိကျကျမသိပါဘူး။ ဒါပေမဲ့ မိစ္ဆာတွေရဲ့သွေးကိုဆက်ခံခဲ့ရတဲ့ ကွန်လာမိသားစုကတော့ သာမန်လူသားတွေထက်စာရင် မှော်ပညာစွမ်းအားနဲ့ ကိုယ်ကာယစွမ်းအားမှာ သာလွန်မှုရှိတာတော့ မုချပဲပေါ့။
သူတို့ဆီကအစွမ်းတွေက သိပ်ကိုအားကောင်းလွန်းပုံများတော့ သူတို့ဆီမှာခစားကြတဲ့ အမှုထမ်းတွေတောင် သူတို့ရှေ့တည့်တည့်မှာ ကောင်းကောင်းမွန်မွန်အသက်မရှူနိုင်တဲ့အထိပါပဲ။
ဒါပေမဲ့ ဒီကလေးတွေကတော့ ကျွန်မရှေ့မှာ ကောင်းကောင်းကြီးကို အသက်ရှူနေနိုင်တယ်လေ။
ထင်ထားတဲ့အတိုင်း ဒဏ္ဍာရီလာပုဂ္ဂိုလ်တွေကတော့ စံပါပဲ။
အဲ့ဒါက တစ်လင်တစ်မယားစနစ်ကျင့်သုံးတဲ့ဒဏ္ဍာရီတွေထဲကလို မျိုးနွယ်စုမတူညီကြတဲ့လူတွေက အချင်းချင်းထိမ်းမြားလက်ထပ်ပြီး ရင်သွေးယူကြတာကြောင့်ပေါ့။
“သိပ်နောက်မကျခင် သွားရအောင်.. မယ်ရီ”
“ကောင်းပြီ”
လီယိုက ကျွန်မရဲ့ပခုံးကို ခပ်ဖွဖွတို့ထိရင်း ပြောလာမှပဲ ကျွန်မ သတိပြန်ဝင်လာပြီး ခေါင်းညိတ်ပြလိုက်တော့တယ်။
ကျွန်မနဲ့လီယိုတို့နှစ်ယောက် ကစားနေကြတဲ့ကလေးတွေကြားကနေ မှင်သေသေမျက်နှာထားတွေနဲ့ ဖြတ်လျှောက်ပြီး ဒါရိုက်တာ့အခန်းဆီကို ခပ်မြန်မြန်ထွက်လာခဲ့လိုက်တယ်။ ဒါရိုက်တာက သူ့ကိုယ်ပိုင်နေရာကို ကလေးတွေ ပိုင်စိုးပိုင်နင်းကျူးကျော်တာကို လုံးဝမကြိုက်တဲ့အတွက် သူ့အခန်းရှေ့မှာ ကြွက်တစ်ကောင်တောင် မမြင်ရပါဘူး။
ဘရိုင်ယန်တောင်မှ ဒီလမ်းကိုလာဖို့သတ္တိမရှိဘူး။ တစ်ခါတုန်းက သူ့အမိန့်ကိုဖီဆန်ပြီး စည်းကမ်းဖောက်တဲ့ကလေးတစ်ယောက်ကို ဒါရိုက်တာက ရိုက်နှက်ဆုံးမနေတာကို ကျွန်မ မြင်ဖူးတယ်။
“ဝိုး…”
“မင်း အဆင်ပြေရဲ့လား”
ကျွန်မ တံခါးလက်ကိုင်ဖုကိုဆုပ်ကိုင်ထားပြီး ခဏလောက်တွေဝေနေတာကြောင့် လီယိုက စိုးရိမ်တကြီးမေးခွန်းထုတ်လာတယ်။ ကျွန်မ လီယို့ကိုပြန်မကြည့်ဘဲ ခေါင်းညိတ်ပြလိုက်တယ်။ ဘာလို့လဲဆိုတော့ ကျွန်မသာ သူ့ရဲ့အညိုဖျော့ရောင်မျက်ဝန်းတွေကိုကြည့်လိုက်မိရင် စိတ်ပျော့သွားမှာစိုးလို့ရယ်ပါ။
ပြီးတော့ ကျွန်မ ပက်ပီအကြောင်းကိုလည်း တွေးမိတယ်။ တစ်ခါတုန်းက သူ(မ) အက်(စ်)တီနာလိုမျိုးပဲ မိဘကောင်းတွေဆီမှာ မွေးစားခံချင်တယ်လို့ ပြောခဲ့ဖူးတယ်။
ဘယ်သူကများ ကလေးမွေးစားဖို့ဆိုပြီး တောင်တန်းအလယ်တည့်တည့်က မိဘမဲ့ဂေဟာဆီကို တကူးတကလာမှာတဲ့လဲ။
အက်(စ်)တီနာအတွက်ကတော့ အာမခံချက်တစ်ခုရှိထားပြီးသားလေ။ ဘာလို့လဲဆိုတော့ သူ(မ)က အဓိကဇာတ်လိုက်ဖြစ်နေတာကိုး။
ကျွန်မ မွန်းကျပ်နေတဲ့စိတ်အစဉ်နဲ့ တံခါးလက်ကိုင်ကို ဆွဲလှည့်လိုက်ပေမဲ့လည်း တံခါးက ပွင့်မသွားခဲ့ပါဘူး။ ကြည့်ရတာ ဒါရိုက်တာက သူမသွားခင် တံခါးလော့ချခဲ့ပုံပဲ။
“သူ တံခါးလော့ချသွားတာ”
“ငါ ဘာလုပ်သင့်လဲ”
လီယိုမေးခွန်းထုတ်လာတဲ့အချိန်မှာပဲ ကျွန်မ အိတ်ကပ်ထဲကနေ ဆံညှပ်တစ်ခုကို ထုတ်ယူလိုက်တယ်။ ဒီပစ္စည်းက ဂေဟာကမိန်းကလေးတွေမှာ ရှိတတ်တဲ့အသုံးအဆောင်တစ်ခုပါ။ ကျွန်မလည်း အဲ့ဒီဆံညှပ်ကို ဖြောင့်သွားအောင်ပြန်ဆန့်လိုက်ပြီး သော့ပေါက်ထဲကို ထိုးထည့်လိုက်တာပေါ့။
“မင်း ဘာလုပ်နေတာလဲ”
“တံခါးဖွင့်နေတာလေ”
ကျွန်မ အဘွားနဲ့အတူနေခဲ့တုန်းက အိမ်မှာရှိတဲ့အိမ်သာက အိမ်အပြင်ဘက်မှာ ထားထားတာလေ။ ပြီးတော့ အဲ့ဒီအချိန်တုန်းက တံခါးကလည်း ယိုယွင်းနေလိုက်ပုံများ ကျွန်မ ဒီလိုမျိုးသော့ဖွင့်ပြီးမှပဲ ဝင်လို့ရတာမျိုးပေါ့။
ကျွန်မ အတော်ကြာအောင် ဆံညှပ်ကို ဟိုလှည့်ဒီလှည့်လုပ်ပြီးတဲ့နောက်တော့ တံခါးကပွင့်သွားတယ်။
“ဖွင့်လို့ရသွားပြီ”
ကျွန်မနဲ့လီယိုလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်ရင်း ပြိုင်တူအော်လိုက်မိကြတယ်။
“မယ်ရီ မင်းက တကယ့်ကိုအံ့သြစရာကောင်းလိုက်တာ။ အဲ့လိုလှည့်ကွက်မျိုး ဘယ်ကတတ်လာတာလဲ”
“အတွေ့အကြုံကနေ ပညာရလာတာပဲမဟုတ်လား”
“ငါက မင်းထက် အသက်သုံးနှစ်ပိုကြီးတယ်နော်”
“သုံးနှစ်စာပိုစားထားသမျှ အလကားပဲ”
ကျွန်မ ပခုံးတွန့်ပြရင်းပြောလိုက်တော့ လီယိုက တစ်ယောက်ယောက်ကို လက်သီးနဲ့ထိုးတော့မလိုမျိုး လက်သီးဆုပ်ကို မြှောက်ပြလာတယ်။ ကျွန်မကလည်း အနိုင်မခံအရှုံးမပေးဘဲ လျှာထုတ်ပြောင်ပြလိုက်တာပေါ့။
စဉ်းစားကြည့်လိုက်တော့လည်း ကျွန်မရဲ့အတိတ်ဘဝမှာတုန်းက ဆယ့်ရှစ်နှစ်ကျော်ကျော်လောက်ပဲ နေခဲ့ရတာပါလား။
ဘယ်လိုပဲဖြစ်ဖြစ် ပထမဆုံးအကြိမ်အဖြစ် ကျွန်မမြင်လိုက်ရတဲ့ ဒါရိုက်တာ့ရဲ့အခန်းက သိပ်ဇိမ်ကျတာပဲ။ ကျွန်မတို့တွေက ကျဉ်းကျပ်ပြီးစွတ်စိုထိုင်းမှိုင်းတဲ့အခန်းတွေထဲမှာ နေနေရပေမဲ့ သူကျတော့ ဒီလိုနေရာမျိုးမှာ တစ်ယောက်တည်းဇိမ်ခံနေသတဲ့လေ။
“သူ တော်တော်တရားလွန်လိုက်တာ”
“ဝိုး.. ဒီစောင်က နွေးနေတာပဲ။ ပက်ပီအအေးမိတုန်းကသာ ဒီလိုစောင်မျိုးနဲ့ သူ့ကိုခြုံထားပေးနိုင်ခဲ့ရင် သိပ်ကောင်းမှာ”
လီယိုနဲ့ကျွန်မ မကျေမနပ်ညည်းတွားလိုက်ရင်း အခန်းထဲကို မွှေနှောက်ရှာဖွေပါတော့တယ်။ သိပ်မကြာလိုက်ခင်မှာပဲ စားပွဲခုံအောက်ကနေ ပိုက်ဆံအိတ်တစ်လုံးကို ရှာတွေ့လိုက်တယ်။
ပိုက်ဆံအိတ်ကြီး ကြီးလိုက်ပုံများတော့ လီယို့မျက်နှာလောက်ကို ရှိတယ်။ အထဲမှာလည်း ရွှေဒင်္ဂါးတွေအပြည့်ပဲ..။
“ရွှေဒင်္ဂါးတွေပဲ။ ဒါတွေက ငါတို့အတွက်ဖြစ်ရမဲ့ဒင်္ဂါးတွေ..”
“ကလေးတစ်ယောက်ကို ဒင်္ဂါးငါးပြားစီ ပေးရမယ်”
ကလေးတွေ မိဘမဲ့ဂေဟာကထွက်ခွာပြီး ဘဝအသစ်ထူထောင်တဲ့အခါ ဒီငွေတွေနဲ့ အရင်းအနှီးလုပ်ပြီး လုပ်ကိုင်စားသောက်လို့ရတာပေါ့။ ဒါရိုက်တာကတော့ အဲ့ဒါတွေအထိ လိုက်ဂရုစိုက်ပေးနေမှာမဟုတ်ဘူးလေ။
တကယ်လို့ ကျွန်မကံကောင်းပြီး အဖမ်းမခံရဘူးဆိုရင်လည်း ဒီကိုထပ်လာပြီး ဒင်္ဂါးတွေကို နည်းနည်းချင်းစီ ထပ်ခိုးရမယ်။
“လာတော့.. ဒီကနေ ထွက်သွားကြရအောင်”
“ကြွက်တွေကိုမိပါပြီဗျာ”
ဒင်္ဂါးပြားတွေကိုယူပြီး ကျွန်မထွက်သွားဖို့ပြင်နေတုန်းမှာပဲ ဒါရိုက်တာက ကြောက်ဖို့ကောင်းအောင်ပြုံးထားရင်း ကျွန်မတို့ရှေ့မှာ ပိတ်ရပ်လိုက်တယ်။
ကျွန်မရဲ့နှလုံးခုန်သံတွေလည်း ဝုန်းဒိုင်းကြဲကုန်တော့တာပေါ့။ ကျွန်မ ဘယ်လောက်ပဲသန်မာပြီး ရန်ဖြစ်တာတော်တယ်ပဲဆိုဆို ဒါရိုက်တာကတော့ ထွားကျိုင်းသန်မာတဲ့ အရွယ်ရောက်ပြီးသားယောက်ျားတစ်ယောက်လေ။
ဒါပေမဲ့ ဘယ်လိုလုပ်ပြီး… ဒါရိုက်တာက ဘာလို့ ပြန်လာရတာလဲ။
“ငါ သူခိုးတွေကိုပျိုးထောင်ခဲ့မိတာပဲ”
“ကျွန်တော် မပြောခဲ့ဘူးလား ဆရာ။ သူတို့နှစ်ယောက်လုံး သံသယဖြစ်စရာကောင်းပါတယ်လို့”
ဘရိုင်ယန်တစ်ယောက် ဒါရိုက်တာရဲ့ကျောဘက်ကနေ ပေါ်လာခဲ့တယ်။ ကြည့်ရတာ လီယိုနဲ့ကျွန်မတို့ရဲ့အစီအစဉ်ကို သူ နားစွန်နားဖျားကြားသွားပြီး ဒါရိုက်တာကိုတိုင်ပြောလိုက်ပုံပဲ။
ကျွန်မ သူနဲ့နောက်မှပဲစာရင်းရှင်းတော့မယ်….
ကျွန်မ ကြမ်းပြင်ပေါ်ကို ဒူးထောက်ချလိုက်ပြီး အံကိုတင်းတင်းကြိတ်ထားလိုက်တယ်။ ဘယ်လောက်ပဲတွေးကြည့်ကြည့် ကျွန်မနဲ့လီယိုအဖို့ လွတ်လမ်းမမြင်တော့ဘူးလေ။
“ဒင်္ဂါးတွေခိုးဖို့ သူ့ကို ကျွန်မခိုင်းခဲ့တာပါ။ လီယိုက မဟုတ်တာဘာတစ်ခုမှ မလုပ်ခဲ့ပါဘူး”
“မယ်ရီ”
“လီယို ဒီကနေထွက်သွား”
“သူခိုးတွေက အချင်းချင်းသံယောဇဉ်တော့ကြီးကြသားပဲ”
ဒါရိုက်တာက လှောင်ရယ်ရင်း ကျွန်မနားကိုတိုးကပ်လာပြီး ကျွန်မလက်ထဲကရွှေဒင်္ဂါးတွေကို လှမ်းယူဖို့ပြင်လိုက်တယ်။ ပါမသွားအောင် ကျွန်မကြိုးစားကြည့်ပေမဲ့ ဒါရိုက်တာက အားသန်လွန်းနေတော့ ပိုက်ဆံအိတ်ကိုဆုပ်ထားတဲ့ ကျွန်မရဲ့လက်ကလွတ်ထွက်သွားပြီး ကျွန်မကိုယ်တိုင်လည်း နံရံနဲ့ဝင်ဆောင့်မိတော့တာပေါ့။
“မင်းကိုနာခံဖို့ ငါပြောထားတယ်လေ”
အိုး.. တကယ်နာလိုက်တာ..။
နံရံနဲ့ရိုက်မိသွားတဲ့ ကျွန်မရဲ့ခန္ဓာကိုယ်က တဆစ်ဆစ်နာကျင်နေတဲ့အတွက် ကလေးတစ်ယောက်လို ခန္ဓာကိုယ်ကို အလိုအလျောက်ကွေးထားမိလိုက်တော့တယ်။ မလှမ်းမကမ်းမှာ လီယိုငိုနေတဲ့အသံကိုလည်း ကြားနေရတယ်။
ရှင်ပြောတော့ နောက်ဘဝမှာတော့ ထူးခြားမှာပါဆို…
မိဘမဲ့ဂေဟာမှာ သေရမဲ့နည်းလမ်းထူးခြားတာကို ပြောနေတာလား။
ဒါပေမဲ့ ကျွန်မက ဘုရင်ခံချုပ်ရဲ့သမီးတော်လေ…
ဘုရင်ခံချုပ်အိမ်တော်ကိုတောင် မရောက်နိုင်လောက်တော့ဘူးဆိုတာ ယုံတောင်မယုံနိုင်ဘူး။
ဘုရင်ခံချုပ်က မယ်ရီ့ကိုရှာတွေ့ဖို့ကြာဦးမယ်လို့တော့ ကျွန်မမထင်ဘူး။
မကြာခင်အချိန်အတွင်းမှာပဲ ကိစ္စတွေစတင်လာပါတော့တယ်။
စင်္ကြံလမ်းတစ်လျှောက်ဟာ တစ်စုံတစ်ယောက်ရဲ့ခြေသံတွေနဲ့ ဆူညံသွားတယ်။ အသံလာရာကိုစစ်ဆေးဖို့အတွက် ဒါရိုက်တာက ကျွန်မကိုမရိုက်တော့ဘဲ ရပ်လိုက်တယ်။
မှုန်ဝါးနေတဲ့အမြင်အာရုံကတစ်ဆင့် အခန်းထဲကို လူတွေအပြေးဝင်ရောက်လာပြီး ဒါရိုက်တာ့ရဲ့လက်မောင်းကို ဖမ်းဆုပ်လိုက်တာကို မြင်လိုက်ရတယ်။ ပြီးတော့ လဲကျနေတဲ့ ကျွန်မရဲ့ခန္ဓာကိုယ်ကို တစ်စုံတစ်ယောက် ထူမလိုက်တာကိုလည်း ခံစားမိလိုက်တယ်။
“သူက ပေါ့ရွှတ်နေတာပဲ”
နွေးလိုက်တာ…
“မျက်လုံးဖွင့်လိုက်.. အဲ့ဒါမှ မင်းက ငါ့သမီးလားဆိုတာ သေချာအောင်စစ်ဆေးလို့ရမှာ”
သမီးတဲ့လား။
အဲ့ဒီစကားလုံးကြောင့် ကျွန်မမျက်လုံးတွေကို ဖွင့်လိုက်မိတယ်။ မဟူရာရောင်မျက်ဝန်းတစ်စုံက ကျွန်မ အထီးကျန်တိုင်း မော့ကြည့်နေကျ ညကောင်းကင်ကြီးကို မြင်နေရတဲ့အလား မည်းမှောင်လို့နေတယ်။ အဲ့ဒီမျက်ဝန်းတွေကို မြင်မြင်ချင်းမှာပဲ ကျွန်မ သဘောပေါက်လိုက်တယ်။
ဒီနွေးထွေးလွန်းတဲ့အနွေးဓာတ်ကလေးက ကျွန်မအဖေဆီကပဲ။
“ဖေဖေ…”
“…”
“ဘာလို့ အခုမှရောက်လာရတာလဲ”
အဲ့ဒီနောက်တော့ ကျွန်မ သတိလစ်မေ့မြောသွားတော့တာပါပဲ။
***
Swara Webnovel Translation