Part-4
Type – Web Novel (Korea)
Genre – Comedy, Drama, Fantasy, Romance, Slice of Life
Author – 윤로체
Translator – Aurelia
“ဘုရင်ခံချုပ်ရဲ့ ပြဿနာအိုးသမီးတော်က
တစ်ကိုယ်တည်း ရွက်လွှင့်ချင်သတဲ့”
Chapter-4
‘နာလိုက်တာ…’
နာကျင်မှုကြောင့် ကျွန်မ အလိုလိုညည်းတွားလိုက်မိတယ်။ တစ်စုံတစ်ယောက်က ကျွန်မခေါင်းကို တယုတယပွတ်သပ်ပေးနေတာကိုလည်း ခံစားမိတယ်။ အဲ့ဒီအထိအတွေ့လေးကို သဘောကျလှတာကြောင့် ကျွန်မခေါင်းကိုပွတ်သပ်ပေးနေတဲ့ လက်ဖဝါးဆီကို ကျွန်မကိုယ်တိုင်တောင်မသိလိုက်ပါဘဲ ပိုတိုးသွားလိုက်မိတယ်။
ဝိုး.. ခေါင်းကိုပွတ်သပ်ခံရတဲ့ခံစားချက်မျိုးကို ကျွန်မ သဘောကျလိုက်တာ။
ကျွန်မရဲ့စိတ်အားထက်သန်မှုကြောင့် တစ်ဖက်လူအံ့သြသွားလို့ထင်ပါရဲ့။ ပွတ်သပ်ပေးနေတာကို တုံ့ခနဲရပ်တန့်ပစ်လိုက်တယ်လေ။
ထပ်ပွတ်ပေးပါဦး.. ထပ်ပြီးတော့..။
ထပ်ပွတ်သပ်ပေးပါဦးလို့ တောင်းဆိုနေသလိုဟန်အမူအရာမျိုးနဲ့ ကျွန်မ ခေါင်းကိုလက်နဲ့ပွတ်သပ်ပြလိုက်တော့ ခုနကရပ်သွားတဲ့လက်က ကျွန်မခေါင်းကို ညင်ညင်သာသာလေးပြန်ပွတ်ပေးလာတယ်။
ကြမ်းတမ်းသလိုလိုနဲ့ ညင်သာတဲ့ဒီအထိအတွေ့ကို ကျွန်မရင်းနှီးနေတယ်လို့ တွေးလိုက်မိတယ်။
“ဆိုဟီး..”
“အဘွား..”
ဒါပေါ့။ ကျွန်မ မှတ်မိပြီ။
ဧည့်ခန်းထဲမှာ ကျွန်မ တစ်ရေးအိပ်နေခဲ့တဲ့အချိန်တုန်းက အဲ့ဒီလက်တစ်စုံက ကျွန်မခေါင်းကို တိတ်တဆိတ်လာရောက်ပွတ်သပ်ပေးခဲ့ဖူးတယ်။ ဒီအထိအတွေ့ကို ကျွန်မ ပြန်သတိရမိလိုက်တဲ့အချိန်မှာပဲ ကျွန်မခေါင်းကို ပွတ်သပ်ပေးရင်း ညင်သာစွာပြုံးပြနေတဲ့အဘွားကို မြင်လိုက်ရတော့တာပါပဲ။ ကျွန်မအဘွားကိုမြင်လိုက်ရတော့ ကျွန်မ သေလွန်ပြီးလို့ ကောင်းကင်ဘုံကိုရောက်နေတာလို့ တွေးလိုက်မိတာပေါ့။
“အဘွားတောင်းပန်ပါတယ်ကွယ်”
“အဘွား..”
“ဘယ်တော့မှမငိုဖို့ပြောခဲ့မိတဲ့အတွက် အဘွားတောင်းပန်ပါတယ်။ သန်သန်မာမာကြီးပြင်းလာပေးဖို့ တောင်းဆိုခဲ့မိတဲ့အတွက်လည်း တောင်းပန်ပါတယ်ကွယ်”
“…”
“အခုကစပြီး ငိုချင်လာတဲ့အချိန်ကျရင် စိတ်ကြိုက်သာငိုချပစ်လိုက်။ ပြီးရင်တော့ ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ ဘဝကိုဖြတ်သန်းပါတော့”
ကျွန်မအဘွား နောက်ဆုံးမှာသွားခဲ့တဲ့စကားက ဘယ်တော့မှမျက်ရည်မကျဖို့ဆိုတာပါ။
အဲ့ဒါကြောင့်ပဲ ကျွန်မ အဘွားရဲ့စျာပနပွဲမှာတောင် ကျဆင်းချင်နေတဲ့မျက်ရည်တွေကို မျိုသိပ်ထားခဲ့ရတယ်။
ဒါကြောင့် မယ်ရီအဖြစ်နဲ့နေရတဲ့အချိန်မှာတောင် အရမ်းဝမ်းနည်းပြီး အထီးကျန်ရလွန်းတဲ့အချိန်တွေအပြင် ဒါရိုက်တာရိုက်နှက်နေတာတောင်မှ မျက်ရည်မကျခဲ့ဘူး။
လူတွေ ကျွန်မကို အထင်အမြင်သေးကြမှာမျိုး ကျွန်မ မလိုချင်လို့လေ။
ကျွန်မအဘွားပြောတဲ့စကားတွေကို ကျွန်မလက်ခံလိုက်တယ်။
ကျွန်မအဘွားရဲ့ အရေးအကြောင်းအပြည့်နဲ့ မျက်နှာလှလှလေးထက်မှာ စိတ်သက်သာရာရသွားတဲ့အရိပ်အယောင်တွေ ပေါ်ပေါက်လာတယ်။ နောက်တော့ အဘွား နေရာကနေပျောက်သွားတော့တာပါပဲ။
ဘေးပတ်ဝန်းကျင်ဟာ မှောင်မိုက်သထက် မှောင်မိုက်လာတယ်။ အဘွားမရှိတော့တာတောင်မှ ကျွန်မခေါင်းကိုပွတ်သပ်ပေးနေတဲ့အထိအတွေ့က ထူးဆန်းဖို့ကောင်းလောက်အောင် ပျောက်ကွယ်မသွားသေးပါဘူး။
ဒါသာ ကျွန်မအဘွားမဟုတ်ဘူးဆိုရင် နူးညံ့ညင်သာတဲ့ ဒီအထိအတွေ့က ဘယ်ကလာနေတာပါလိမ့်။
“ကျစ်”
တစ်စုံတစ်ခုကို သဘောမတွေ့ဟန်နဲ့ စုတ်သပ်လိုက်တဲ့အသံကို ကျွန်မ ကြားလိုက်ရတယ်။ သိချင်စိတ်တဖွားဖွားပေါ်လာမိပေမဲ့ ကျွန်မကိုလွှမ်းခြုံထားတဲ့ အမှောင်ထုက ထင်ထားတာထက် ပိုနွေးထွေးလွန်းနေပုံများ မျက်လုံးတောင် ဖွင့်မကြည့်ချင်လောက်အောင်ပါလေ။
အဲ့ဒီနွေးထွေးမှုလေးကြောင့်ပဲ ကျွန်မ နှစ်နှစ်ခြိုက်ခြိုက်ပြန်အိပ်မောကျသွားပြန်ပါလေရော။
***
ကျွန်မ ဘယ်လောက်တောင်များ အိပ်လိုက်မိပါလိမ့်နော်။
အမြင်အာရုံက အမှောင်ထုနဲ့အသားကျနေတဲ့အတွက် အလင်းရောင်မစူးစေဖို့ မျက်လုံးကို ဂရုတစိုက်ဖွင့်လိုက်တယ်။
ကျွန်မရဲ့ခန္ဓာကိုယ်ပေါ်မှာ လွှမ်းခြုံထားတဲ့ပန်းရောင်ခြုံစောင်လေးက တောင့်တောင့်တင်းတင်းရှိလိုက်ပုံများတော့ နေပူထဲမှာ သေချာအခြောက်ခံထားပုံပါပဲ။ ဒါပေမဲ့ နူးညံ့အိစက်ပြီး နွေးလည်းနွေးထွေးနေပုံက အထဲမှာ ငှက်မွေးငှက်တောင်လေးတွေ သန်းပေါင်းများစွာရှိနေသလိုပါပဲ။
ဒီခြုံစောင်က သိပ်စျေးကြီးမှာပဲနော်။
ကျွန်မ လဲလျောင်းနေတဲ့နေရာကလည်း တိမ်လွှာတွေအပေါ်မှာ မှေးစက်ရသလို သက်သောင့်သက်သာရှိလှတယ်။
ကျွန်မလည်း လက်မောင်းကို အသာအယာမြှောက်ပြီး ခုတင်ကို တံတောင်ဆစ်နဲ့ ရိုက်ကြည့်လိုက်တယ်။
ဝိုး.. ကျွန်မကြားဖူးတာတော့ ခုတင်တွေက သိပ္ပံနည်းကျဖန်တီးထားတဲ့ အသုံးအဆောင်တွေတဲ့။ ဒီအိပ်ရာက အက်ဒီဆင်တီထွင်ခဲ့တာများလား။
“စကားမစပ် ငါ ဘယ်ကိုရောက်နေတာလဲ”
ဘရန်ဒွန်မိဘမဲ့ဂေဟာမှာတုန်းက ကလေးတွေနေရတဲ့အခန်းထက် နှစ်ဆပိုကြီးမားပုံရတဲ့အခန်းကြီးထဲမှာ ဆန်းဆန်းပြားပြားပရိဘောဂတွေ အစုံအလင်ပဲ။ အညိုရောင်နံရံကြီးထက်မှာတော့ ရှေးဟောင်းဒီဇိုင်းတွေနဲ့ အရောင်အသွေးစုံလှတဲ့ပန်းချီကားတွေကို ကြော့ကြော့မော့မော့ဘောင်ကွပ်လို့ထားထားလေရဲ့။
ပြတင်းပေါက်ကိုကာရံထားတဲ့ ဖြူလွလွတန်ဖိုးကြီးလိုက်ကာစဟာလည်း လေထဲမှာ တလွင့်လွင့်..။
မိဘမဲ့ဂေဟာမှာပဲ ကြီးပြင်းခဲ့ရပေမဲ့ ဒီနေရာမှာရှိသမျှအရာတိုင်းက အဖိုးတန်မှန်းတော့ ကျွန်မသိတယ်။
ဒီလိုအခန်းမျိုးထဲကို ကျွန်မ ဘယ်လိုဖြစ်ပြီးရောက်နေတာပါလိမ့်။
“ဟင်.. ငါ နောက်တစ်ခေါက် ထပ်မွေးဖွားလာတာလား”
ဒီအခန်းထဲကနေထွက်ပြီး ဘယ်ရောက်နေတယ်ဆိုတာကို စစ်ဆေးဖို့ပြင်လိုက်တယ်။
“အား”
ကြိုးစားကြည့်ပေမဲ့ ကျွန်မ ထလိုက်တယ်ဆိုရင်ပဲ ရင်ဘတ်အောင့်လာတာကြောင့် လက်နဲ့ဖိထားလိုက်ရတယ်။
ဟုတ်ပါရဲ့။ ဂေဟာမှာတုန်းက ဒါရိုက်တာ့ဆီက အရိုက်ခံခဲ့ရသေးတာပဲ။ ရှင် ဘယ်လောက်ပဲ ငွေမက်တယ်ဆိုဆို မိန်ကလေးတစ်ယောက်ကို ဒီလိုပုံစံဖြစ်အောင် ဘယ်လိုများရိုက်ရက်ရတာလဲ။
နာကျင်မှုကို ကောင်းကောင်းခံစားမိနေတဲ့အတွက် ကျွန်မ မသေသေးဘူးလို့ ယူဆလို့ရတာပေါ့နော်။
“နိုးနေပြီပဲ သခင်မလေးမယ်ရီ”
သူ(မ)တစ်သက် မမြင်ဖူးခဲ့တဲ့ အခန်းကြီးရဲ့သားနားထည်ဝါမှုကြောင့် လက်ရှိအခြေအနေကို နားမလည်နိုင်ဖြစ်နေတဲ့အချိန်မှာပဲ ရံရွေတော်တစ်ယောက်လို ဝတ်စားထားတဲ့ အမျိုးသမီးတစ်ယောက်က လက်ဖက်ရည်ကရားတင်လာတဲ့ ငွေရောင်လင်ပန်းတစ်ခုနဲ့အတူ ကျွန်မနားကို ချဉ်းကပ်လာတယ်။
“မင်း နှစ်ရက်လောက်သတိမေ့နေလို့ ကျွန်မစိုးရိမ်နေတာ။ ဘုရင်ခံချုပ်ဆိုရင် ဘယ်လောက်တောင်မှ စိတ်ပူနေလိုက်သလဲလို့”
ဘုရင်ခံချုပ်လား..။
အဲ့ဒီအသုံးအနှုန်းကို ကျွန်မ သတိထားမိလိုက်တယ်။ သတိလစ်မေ့မြောနေတုန်းမှာပဲ ကျွန်မ ဘုရင်ခံချုပ်အိမ်တော်ကို ရောက်လာတယ်ပေါ့လေ။ ကျွန်မမျှော်လင့်ထားတဲ့ ပြန်လည်ဆုံဆည်းမှုက ဒီလိုသက်သောင့်သက်သာအခြေအနေမျိုးမှာ ပေါ်ပေါက်လာခဲ့တယ်ဆိုတာ ယုံတောင်မယုံနိုင်ဘူး။ ကျွန်မ ထူးထူးခြားခြားမျှော်လင့်ထားတာမျိုး မရှိပေမဲ့ ပထမဆုံးအမြင်ကိုတော့ ကောင်းမွန်အောင်လုပ်ဖို့အတွက် မှန်ထဲမှာတောင် ပြုံးပုံပြုံးနည်းတွေ လေ့ကျင့်ထားခဲ့တာလေ။
နှုတ်ခမ်းစူလျက်သားနဲ့ ငေးကြောင်ကြောင်စိုက်ကြည့်နေမိတဲ့ ကျွန်မပုံစံကြောင့် အမျိုးသမီးကြီးက သူ(မ)ယူလာတဲ့လင်ပန်းကို ခုတင်ဘေးက စားပွဲခုံပေါ်ကိုတင်လိုက်ရင်း ပြောလာလေတယ်။
“အိုး မင်း အခုထိမသိသေးဘူးပဲ။ သက်ရောသက်သာရဲ့လား”
“အိုး ဟုတ်သားပဲ..”
ကျွန်မ ရင်ဘတ်နည်းနည်းအောင့်နေသေးတယ်ဆိုပေမဲ့ ထင်ထားသလောက်လည်း မနာကျင်တာကြောင့် ခေါင်းညိတ်ပြရင်း တိတ်တဆိတ်ပြန်ဖြေလိုက်တယ်။
“ဘုရင်ခံချုပ်က နာမည်ကြီးသမားတော်ကိုတောင် ပင့်ပေးခဲ့တာ။ သမားတော်က မင်း အာဟာရချို့တဲ့မှုကို ခံစားနေရတာလို့လည်းပြောရော ဘုရင်ခံချုပ် ဘယ်လောက်ဒေါသူပုန်ထသွားလဲဆိုတာ မင်း သိမှာမဟုတ်ဘူး”
“အိုး..”
“မင်းရဲ့ပိန်ညှောင်ညှောင်လက်ကောက်ဝတ်လေးတွေကို ကြည့်စမ်းပါဦး။ ကျွန်မနာမည်က ပိုနီတာပါ။ ကွန်လာမိသားစုရဲ့အမှုထမ်းပေါ့။ အခုကစပြီး မယ်ရီ့ကို ကျွန်မပဲစောင့်ရှောက်ပေးမှာပါ”
ဒီလိုဖော်ရွေပြီး ချိုသာတဲ့စကားမျိုးကို အရင်က မကြားဖူးခဲ့တဲ့အတွက် နည်းနည်းတော့နေရထိုင်ရခက်သွားတယ်။ အဲ့ဒါကြောင့် ကျွန်မ ခပ်ဆိတ်ဆိတ်နေပြီး ပိုနီတာကို ခေါင်းပဲညိတ်ပြလိုက်တယ်။ ပိုနီတာကလည်း ကြင်ကြင်နာနာပြုံးပြပြီး ကျွန်မထိုင်နေတဲ့အိပ်ရာခင်းကို ပြန့်ပြန့်ပြူးပြူးဖြစ်အောင် လုပ်ပေးနေတော့တာပဲ။
“အိုး.. ကြည့်ပါဦး။ မင်း ဗိုက်ဆာနေမှာပဲ။ ကျွန်မ စားစရာတစ်ခုခုသွားစီစဉ်လိုက်မယ်နော်”
ဝိညာဉ်ကူးပြောင်းလာပြီးကတည်းက လူကြီးတစ်ယောက်ယောက်နဲ့ နှစ်ယောက်တည်းအတူနေဖြစ်တာရှားတဲ့အတွက် အတော်စိတ်လှုပ်ရှားနေမိတာကြောင့် ပိုနီတာထွက်သွားတာနဲ့ ကျွန်မ အသက်ကိုဝအောင်ရှူရှိုက်လိုက်ပြီး အနားယူနေလိုက်တယ်။ ကျွန်မ ပတ်ပတ်လည်ကို အကြည့်တစ်ချက်ဝေ့လိုက်ပြီး ဆံပင်အဖျားစလေးတွေကို လက်နှစ်ဖက်နဲ့ တို့ကာထိကာလုပ်နေမိတယ်။ အဲ့ဒါက ကျွန်မ နေရထိုင်ရခက်တိုင်း လုပ်လေ့ရှိတဲ့အကျင့်တစ်ခုပေါ့။
ဒီနေရာမှာရှိတဲ့ပစ္စည်းတစ်ခုခု ယူထားလိုက်ရင်ကို ကျွန်မ စီးပွါးရေးလုပ်ဖို့ ဖူလုံနေပြီ။
ကျွန်မ တတ်နိုင်သလောက် ကောင်းကောင်းမွန်မွန်နေဖို့ကြိုးစားရမယ်။ ဒါမှလည်း ပစ္စည်းတချို့တလေယူထားလို့ရမှာလေ။
သေချာစဉ်းစားကြည့်လိုက်တော့ ကျွန်မရဲ့အဝတ်အစားတွေကို တစ်ယောက်ယောက်လဲပေးထားတာပါလား။ ကျွန်မဝတ်ထားတဲ့ ညအိပ်ဝတ်စုံအဖြူရောင်လေး ပေါ့ပေါ့ပါးပါးရှိလိုက်ပုံများတော့ ဘာမှဝတ်မထားသလိုခံစားချက်မျိုးရနေတယ်လေ။
ကဲပါလေ.. ဆောင်းတွင်းဝတ်ညအိပ်ဝတ်စုံဖန်တီးပြီး စီးပွါးရေးတစ်ခု စလိုက်ကြတာပေါ့။ ဒါက ဘယ်လိုအထည်သားနဲ့ ရက်ထားတာပါလိမ့်။
ပိုနီတာတစ်ယောက် ခုနကသယ်လာတဲ့လင်ပန်းထက် ပိုကြီးတဲ့လင်ပန်းကြီးကိုသယ်ပြီး အခန်းထဲဝင်လာတဲ့အချိန်အထိ ကျွန်မမှာ တမေ့တမြောတွေးတောလို့မဆုံးနိုင်အောင် ဖြစ်နေဆဲပါ။
ဒီတစ်ခါတော့ သူ(မ)တစ်ယောက်တည်းမဟုတ်ပါဘူး။
အမျိုးသားတစ်ယောက်ကလည်း ပိုနီတာ့အနောက်ကနေ လိုက်ပါလာပါသေးတယ်။ သူ့ရဲ့ လိမ္မော်ရောင်ဆံပင်ဟာဆိုရင် ညနေဆည်းဆာချိန်မှာ တောက်ပတဲ့အရောင်အဆင်းနဲ့ဆင်တူလှတယ်။
သူက သတိရလာတာမကြာသေးတဲ့ကျွန်မကို လှမ်းကြည့်ပြီး တောက်ပတဲ့အပြုံးတစ်ခုနဲ့အတူ အနားကိုချဉ်းကပ်လာတယ်။
“သခင်မလေးမယ်ရီ မင်း သတိရလာပြီပဲ”
သူက မျက်လုံးတွေမှေးမှိတ်သွားတဲ့အထိ ပြုံးပြနေတဲ့အတွက် မျက်လုံးအောက်နားလေးက အဆီပိုတွေဟာ မို့ဖောင်းဖောင်းလေးဖြစ်သွားတာမို့ သူ့ပုံစံက အတော်ချစ်စရာကောင်းသွားတယ်။
ပိုနီတာက စားဖွယ်သောက်ဖွယ်တွေ အဆင်သင့်ပြင်နေတုန်းမှာ အဲ့ဒီလူကြီးကတော့ အိပ်ရာဘေးမှာ ဒူးထောက်ချထိုင်ပြီး ကျွန်မကို စိတ်ဝင်တစားကြည့်ရှုနေလေရဲ့။
စိတ်ဖိစီးဖို့ကောင်းတဲ့သူ့အကြည့်တွေကို ရှောင်ဖို့ကြိုးစားနေသလိုမျိုး ခြုံစောင်ကို ကျွန်မရဲ့လက်ချောင်းတွေနဲ့ ဆုပ်ထားမိတာကို သူမြင်တော့ ဝါးလုံးကွဲအော်ရယ်တော့တာပါပဲ။
“ဝိုး.. ဘုရင်ခံချုပ် အောင်မြင်သွားပြီပဲ”
“လူးကပ်(စ်) ကလေးလန့်သွားပြီလေ”
“ပိုနီတာ ကြည့်စမ်းပါဦးကွာ..။ ဒီလောက်ချစ်စရာကောင်းတဲ့ကြောင်ပေါက်ကလေးက ကွန်လာမိသားစုဝင်ဆိုတာ ယုံချင်စရာတောင်မရှိဘူး”
“တခြားသူတွေနဲ့ယှဉ်ရင် သူက နူးနူးညံ့ညံ့လေးနော်”
“သူက ကြောင်တောင်တောင်နဲ့တုံးအအပုံစံလေးကွ”
“လူးကပ်(စ်)”
‘တုံးအအလေး’
အဲ့ဒါ ကျွန်မကိုပြောနေတာလား။
ကျွန်မ သူ့ကို နာကြည်းသွားသလိုအကြည့်မျိုးနဲ့ ကြည့်လိုက်တော့ သူက ပိုလို့တောင်ဟားတိုက်ရယ်မောလိုက်ပြီး ကျွန်မရဲ့ပါးကို ဆွဲဖဲ့နေတော့တာပဲ။
ရုတ်တရက်ဆန်တဲ့အထိအတွေ့ကြောင့် ကျွန်မ သိပ်အံ့သြသွားပြီး ပါးနှစ်ဖက်ကို လက်နဲ့အုပ်ထားမိလိုက်တယ်။
ကျွန်မမျက်နှာထက်မှာ စိတ်ရှုပ်ထွေးနေဟန်ပြပေမဲ့ လူးကပ်(စ်)ကတော့ ပြုံးနေဆဲပါ။ ဒါပေမဲ့ ရုတ်တရက်ကြီးလေးလေးနက်နက်ဖြစ်လာပြီး ကျွန်မကို မေးတယ်။
“ကျွန်တော်က သခင်မလေးမယ်ရီကို မိဘမဲ့ဂေဟာကနေ ဘုရင်ခံချုပ်နဲ့အတူတူ ခေါ်ထုတ်လာခဲ့တဲ့သူပါ။ အဲ့ဒါတွေကို မင်း လုံးဝမမှတ်မိဘူးမလား”
“…”
“အဲ့ဒီလိုအကြံမျိုး မင်း ဘယ်လိုများရလာခဲ့တာလဲ”
ရုတ်ခြည်းဆိုသလို လူးကပ်(စ်)က ကျွန်မကို လေးလေးနက်နက်စိုက်ကြည့်ရင်း မေးလာလေတယ်။
ကြည့်ရတာ ဒါရိုက်တာရဲ့ရုံးခန်းထဲကနေ ကျွန်မ ငွေတွေခိုးဖို့လုပ်တာကို သူသိထားပုံပဲ။ အဲ့ဒါနဲ့ပတ်သက်ပြီး ကျွန်မမှာ ဘာမှပြောစရာမရှိပါဘူးလေ။
ကျွန်မ လူးကပ်(စ်)ဆီကနေ အကြည့်လွှဲလိုက်ပြီး မွေ့ရာကိုဆုပ်ကိုင်ထားတဲ့လက်ကိုပဲ စိုက်ကြည့်နေမိပြန်တယ်။ ကျွန်မ ဘာများပြောရဦးမှာတဲ့လဲ။ တကယ်တမ်းတော့ ပြောစရာစကားရယ်လို့လည်း မရှိပါဘူး။ ရိုးရိုးသားသားဆိုရရင် ရွှေဒင်္ဂါးတွေကို မိဘမဲ့ကလေးတွေကို ဝေပေးဖို့လို့ပြောရမှာကိုလည်း ရှက်နေမိတယ်လေ။
လီယိုရော ဘယ်လိုဖြစ်သွားပြီလဲ။ ဒါရိုက်တာ…
“သခင်မလေး ဗိုက်ဆာနေလောက်ပြီ”
ပိုနီတာက ကျွန်မ အခက်တွေ့နေတာကို သဘောပေါက်တဲ့အလား လက်ခုပ်တစ်ချက်တီးလိုက်ရင်း စကားလမ်းကြောင်းလွှဲပေးရှာတယ်။
ကျွန်မပေါင်ပေါ်မှာတင်ထားတဲ့ လင်ပန်းထဲမှာတော့ ပူပူနွေးနွေးစွပ်ပြုတ်တွေအပြည့်ရယ်ပါ။
ကျွန်မကိုခွံ့ကျွေးဖို့ပြင်နေတဲ့ ပိုနီတာကို ယဉ်ယဉ်ကျေးကျေးငြင်းလိုက်ပြီး ဘေးနားက ငွေရောင်ဇွန်းတစ်ချောင်းကိုယူပြီး တစ်လုတ်ခပ်သောက်ကြည့်လိုက်တယ်။
“သခင်မလေး အစာခပ်မာမာတွေစားနိုင်ဦးမှာမဟုတ်ဘူးလို့ထင်လို့ စွပ်ပြုတ်လေးပြင်ပေးထားတာ။ တကယ်လို့ ခံတွင်းမတွေ့ဘူးဆိုရင်….
“အရသာရှိလိုက်တာ”
ပူပူနွေးနွေးအသားစွပ်ပြုတ်တစ်လုတ် လည်ချောင်းထဲရောက်သွားတယ်ဆိုရင်ပဲ ကျွန်မခန္ဓာကိုယ်တစ်ခုလုံး လန်းဆန်းသွားတော့တာပဲ။ ဒါက ကျွန်မစားဖူးတဲ့ဂျုံယာဂုလို ကြမ်းကြမ်းကြီးလည်း ဖြစ်မနေဘူး။ ကျွန်မ နှစ်ထောင်းအားရဖြစ်နေတဲ့ပုံစံကိုကြည့်ပြီး ပိုနီတာနဲ့လူးကပ်(စ်)တို့က ကြင်ကြင်နာနာပြုံးနေလေရဲ့။
“ကြိုက်တယ်ဆိုလို့ ကျွန်မ ဝမ်းသာမိပါရဲ့”
“ဒီလောက်အရသာရှိတာမျိုး ကျွန်မ လုံးဝမစားဖူးဘူး”
“ခုနက ငါ စကားပြောနေတုန်းကတော့ မင်း ဘာမှပြန်မပြောဘူး။ အခု အစားအသောက်လေးလည်းဝင်သွားရော စကားစပြောနေပြီပေါ့လေ”
အစာစားနေတဲ့အချိန်မှာ ခွေးတစ်ကောင်ကိုတောင် သွားထိလို့မရဘူးဆိုတဲ့စကားလည်း ရှ်တယ်မဟုတ်လား။ ကျွန်မ လူးကပ်(စ်)ကို စိန်းစိန်းဝါးဝါးစိုက်ကြည့်ပစ်လိုက်တော့ သူက ထပ်ပြုံးပြနေပြီး ပြီးအောင်စားပါတော့ဆိုတဲ့သဘောနဲ့ ခေါင်းတညိတ်ညိတ်လုပ်ပြနေတော့တယ်။
အခု ကျွန်မရှေ့မှာ အစားအသောက်တွေရှိနေတာဖြစ်တဲ့အတွက် စိတ်ကိုထိန်းထားလိုက်တယ်။ ဝိညာဉ်ကူးပြောင်းလာပြီးကတည်းက အခုလိုစားကောင်းသောက်ဖွယ်တွေကိုမြင်ရတာ ဒါ ပထမဆုံးပါ။ ကျွန်မဖြင့် မျက်ရည်တောင်ဝဲမိပါရဲ့။ ဒီစွပ်ပြုတ်လေးက ဒီလောက်တောင်အရသာရှိလိမ့်မယ်လို့ ထင်တောင်ထင်မထားဘူး။
“မင်းနေကောင်းလာရင် ဒီ့ထက်ပိုအရသာရှိတာတွေတောင် စားရဦးမှာ။ ဒီကအမှုထမ်းတွေက သိပ်တော်တာလေ”
“လူးကပ်(စ်)ပြောတာမှန်တယ်။ မင်း အခုအရမ်းပိန်နေတော့ များများစားပေးမှဖြစ်မယ်။ ကျွန်မအထင် မင်း အခုမှအသက်ခုနစ်နှစ်ပဲရှိသေးတာမလား”
“ကျွန်မခန့်မှန်းထားပြီးသားဆိုပေမဲ့ စွပ်ပြုတ်လေးတစ်ပန်းကန်လောက်သောက်ရတာနဲ့တင် သိပ်ပျော်နေလိမ့်မယ်လို့တော့ ထင်မထားဘူး။ ဘုရင်ခံချုပ်ပြန်လာရင် ဒီအကြောင်းတင်ပြမှဖြစ်မယ်”
ဘုရင်ခံချုပ်က အိမ်တော်မှာမရှိဘူးလား။
ကျွန်မ ဇွန်းကိုငုံထားရင်းတန်းလန်းနဲ့ လူးကပ်(စ်)ကိုလှည့်ကြည့်လိုက်တော့ သူက ထပ်ရယ်နေပြန်ရော။ ပြီးတော့ လေးလေးနက်နက်စကားစလာတယ်။
“ဘုရင်ခံချုပ်က မကြာခင်ပြန်လာတော့မှာပါ။ မင်း စိတ်ရှုပ်ထွေးနေမယ်ဆိုတာ ငါသိပေမဲ့ နောက်မှပဲ အကုန်ရှင်းပြပါတော့မယ်။ လောလောဆယ်တော့ ကောင်းကောင်းစားပြီး ကောင်းကောင်းအနားယူဖို့ အဓိကပါ”
ဘုရင်ခံချုပ်က ကျွန်မအဖေဖြစ်လာတော့မှာလေ။
ကျွန်မ အကြမ်းဖျင်းတော့သိပြီးသားပဲဟာကို..။ ဒါပေမဲ့ ကျွန်မ ဘယ်လိုများမသိချင်ယောင်ဆောင်နေရပါ့။
သိထားပြီးသားအရာတစ်ခုကို ဘယ်လိုတုံ့ပြန်မှုပေးရမလဲဆိုတာ သင်ထားမှဖြစ်တော့မယ်။ ကျွန်မ သက်ပြင်းတစ်ချက်ချရင်း စွပ်ပြုတ်ကိုပဲ ဆက်သောက်နေလိုက်တယ်။
ထင်ထားတဲ့အတိုင်း သိပ်အရသာရှိတာပဲ…။