Part-5
Type – Web Novel (Korea)
Genre – Comedy, Drama, Fantasy, Romance, Slice of Life
Author – 윤로체
Translator – Aurelia
“ဘုရင်ခံချုပ်ရဲ့ ပြဿနာအိုးသမီးတော်က
တစ်ကိုယ်တည်း ရွက်လွှင့်ချင်သတဲ့”
Chapter-5
ဂေဟာအပြင်ဘက်က အခြေအနေအရပ်ရပ်ကို ကိုင်တွယ်ဖြေရှင်းနေတဲ့ လူးကပ်(စ်)က ကလေးတစ်ယောက်ကိုပွေ့လာတဲ့ ဘုရင်ခံချုပ်ကိုလည်းမြင်ရော အနားကို အပြေးသွားလေတော့တယ်။
ဘရိုင်တီနာအင်ပါယာနဲ့ လာဗီယန်အင်ပါယာမှာ မြင်ရခဲလှတဲ့ ရှားပါးအရောင်ဖြစ်တဲ့ ဆံနွယ်အနက်ရောင်တွေကိုကြည့်ရုံနဲ့တင် ဒီကလေးက ကွန်လာမိသားစုဝင်တစ်ယောက်မှန်း သူ တန်းသိလိုက်တယ်။ သွေးကိုတော့ လိမ်ညာလို့မရဘူးလေ။
အရုပ်လေးတစ်ရုပ်လို ငြိမ်ငြိမ်သက်သက်လေးအိပ်မောကျနေတဲ့ ဖြူဖပ်ဖြူရော်အသားအရောင်နဲ့ ကလေးမလေးမှာ အညိုအမည်းစွဲနေတဲ့ဒဏ်ရာတွေကလည်း ရှိနေပြန်တယ်။
တော်တော်လေးနာကျင်ခံစားထားရပုံပေါ်တဲ့ အဲ့ဒီဒဏ်ရာတွေကြောင့် လူးကပ်(စ်)တစ်ယောက် မျက်မှောင်ကြုတ်လိုက်မိတယ်။
“သူတို့တွေက သားရဲကောင်တွေထက်တောင် ပိုဆိုးဝါးတဲ့လူတွေပဲ”
တောလမ်းဟာ မှောင်မည်းပြီးကြမ်းတမ်းလှတာကြောင့် မိဘမဲ့ဂေဟာကိုရှာတွေ့ဖို့ အချိန်တော်တော်ယူလိုက်ရတယ်။ သူတို့သာ တစ်ရက်လောက်ဖြစ်ဖြစ် တစ်နာရီလောက်ဖြစ်ဖြစ် စောပြီးရောက်လာခဲ့မယ်ဆိုရင် ကလေးက ဒီလောက်ကြီး ထိခိုက်သွားမှာမဟုတ်လောက်ဘူး။
လူးကပ်(စ်)က ခပ်တိုးတိုးဆဲရေးနေပေမဲ့ ဘုရင်ခံချုပ်အက်(စ်)တင်ကတော့ သူ့လက်မောင်းတွေကြားမှာ ပွေ့ထားတဲ့ကလေးလေးကိုပဲ ငေးစိုက်ကြည့်နေရှာတယ်။ အဲ့ဒီမြင်ကွင်းကို လူးကပ်(စ်)က ခဏလောက်ငေးကြည့်နေပြီးတော့မှ စကားစလိုက်တယ်။
“ကလေးကို ကျွန်တော် ချီထားပေးရဦးမလား”
“အဆင်ပြေပါတယ်”
“သူနဲ့အတူရှိနေတဲ့ကလေးရဲ့ ပြောစကားအရဆိုရင် ဒါရိုက်တာက ဂေဟာရဲ့ရန်ပုံငွေတွေကို အလွဲသုံးစားလုပ်ခဲ့တဲ့ပုံပဲ။ ဒါကြောင့် သူတို့တွေက အဲ့ဒီငွေတွေကိုခိုးပြီး ကလေးတွေနဲ့အတူမျှဝေချင်ခဲ့တာတဲ့”
လူးကပ်(စ်)ရဲ့စကားကိုနားစွင့်နေတဲ့ အက်(စ်)တင်ဟာ ကလေးကိုလည်း ကျကျနနပွေ့ချီထားတယ်။ ကလေးကတော့ အက်(စ်)တင်ရဲ့လက်မောင်းကြားထဲမှာ ခွေခေါက်နေတာများ အသက်မရှိတော့တဲ့အတိုင်းပါပဲ။
စိတ်ထဲမှာ မကောင်းတဲ့နိမိတ်အာရုံတွေ ရုတ်ခြည်းလွှမ်းမိုးလာတဲ့အတွက် အက်(စ်)တင်တစ်ယောက် ကလေးရဲ့နားခေါင်းအောက်ကို လက်ညှိုးပို့ပြီး စမ်းကြည့်လိုက်တယ်။ အသက်ငွေ့ငွေ့လေးရှူရှိုက်နေတာကို ခံစားမိတော့မှပဲ မျက်နှာသေကြီးနဲ့ လက်ညှိုးကို ပြန်ရုပ်လိုက်တယ်။
“ဘယ်လိုလူမဆန်တဲ့ကောင်တွေလဲ..”
ကလေးလေးကိုငုံ့ကြည့်ရင်း အက်(စ်)တင် သက်ပြင်းတစ်ချက်နဲ့အတူ ရေရွတ်လိုက်လေရဲ့။
သူ(မ)ရဲ့အသက်က ဆယ်နှစ်ဝန်းကျင်လောက်ပဲရှိဦးမယ်ဆိုတာ သေချာတယ်။ အဲ့ဒါတောင်မှ သူ(မ)က အလွဲသုံးစားလုပ်ထားတဲ့ရန်ပုံငွေတွေကိုခိုးပြီး ကလေးတွေကိုပေးဖို့ ကြိုးစားခဲ့သေးသတဲ့။
မင်းလေးက ရွယ်တူတန်းတူတွေထက်တောင် ပိုအားနည်းတဲ့ သေးသေးကွေးကွေးခန္ဓာကိုယ်လေးနဲ့ သူရဲကောင်းကြီးလုပ်ချင်နေသေးတာလား။
သူ(မ)ရဲ့ဆံပင်နဲ့မျက်လုံးအရောင်ကို ကြည့်လိုက်ရုံနဲ့တင် ကွန်လာမိသားစုကမှန်း အတပ်သိနိုင်တယ်။
ညဉ့်နက်သန်းခေါင်ညကောင်းကင်နဲ့ အလားသဏ္ဌာန်တူလှတဲ့ အနက်ရောင်ဆံနွယ်တွေနဲ့ မဟူရာရောင်မျက်ဝန်းတစ်စုံအပြင် ကွန်လာမိသားစုဟာ မိစ္ဆာသွေးနှောမိသားစုဆိုတဲ့အကြောင်းကလည်း လူသိများကျော်ကြားတဲ့ဒဏ္ဍာရီတစ်ပုဒ်ပါပဲ။
အနက်ရောင်ဆံနွယ်နဲ့ မဟူရာရောင်မျက်ဝန်းတစ်စုံဆိုတာလည်း ပြင်ပလောကကြီးထဲက ဆင်းသက်လာတဲ့ ဒဏ္ဌာရီတစ်ပုဒ်သက်သက်မဟုတ်ပါဘူး။ ကွန်လာမျိုးရိုးမှန်ရင် သာမန်လူတွေ ချဉ်းကပ်ရခက်ပြီး သန်မာအားကောင်းလှတဲ့ ကိုယ်ရောင်ကိုယ်ဝါတွေနဲ့ မွေးဖွားလာကြတာပါ။
အထူးသဖြင့် ဘရိုင်တီနာအင်ပါယာကြီးကို အနှိုင်းမဲ့ကြွယ်ဝချမ်းသာမှုတွေ ဆောင်ကြဉ်းပေးခဲ့တဲ့ ဘုရင်ခံချုပ်အက်(စ်)တင်ကွန်လာဟာဆိုရင် လက်ရာမြောက်ဖန်တီးထုဆစ်ထားတဲ့ ရေခဲပန်းပွင့်လေးအလား ချောမောခံ့ညားပါသတဲ့။
ဘုရင်ခံချုပ်ကွန်လာက ချောမောခံ့ညားတဲ့ ခံစားချက်ကင်းမဲ့သူတစ်ယောက်ဖြစ်တဲ့အပြင် အင်ပါယာမိသားစုအတွက်လည်း ကြိုဆွဲရာကတဲ့ ရုပ်သေးရုပ်တစ်ရုပ်လိုပဲဆိုတဲ့ ကောလာဟလတွေလည်း ရှိပါသေးတယ်။
သဘာဝကျလှတဲ့ ကွန်လာမျိုးနွယ်တစ်ယောက်များလား။
“တကယ်စိတ်ဝင်စားစရာပဲ”
မျက်လုံးအရောင်ကို စစ်ဆေးရအောင်ဆိုပြီး သူ ဒီကလေးကို မျက်လုံးဖွင့်ခိုင်းခဲ့ပေမဲ့ တကယ်တမ်းတော့ မျက်လုံးဖွင့်မထားဘဲနဲ့တောင် ဒီကလေးက ကွန်လာမိသားစုဝင်ဆိုတာ သူ အတပ်ပြောနိုင်ပါရဲ့။
မျက်လုံးတွေဖွင့်မထားရင်တောင် မျက်လုံးနဲ့ဆံပင်အရောင်ကလွဲရင် သူ(မ)က ဟယ်လီနာနဲ့ချွတ်စွပ်ပါပဲ။
ဒီအဖြစ်တွေအားလုံးဟာ သူရိန်နေမင်းကို အာခံရဲခဲ့တဲ့အတွက် ထိုက်သင့်တဲ့အပြစ်ကြွေးကို ဆပ်နေရတာပါ။ ဘုရင်ခံချုပ်ကွန်လာက အင်ပါယာကြီးကို နေမဝင်အင်ပါယာကြီးတစ်ခုဖြစ်တဲ့အထိ ကြွယ်ဝချမ်းသာမှုတွေ ဆောင်ကြဉ်းပေးခဲ့ပေမဲ့ သူ့မိသားစုကတော့ နေရောင်ခြည်မရတဲ့ အမှောင်ထုထဲမှာရှင်သန်နေရတာနဲ့ မခြားပါဘူး။
သူ့ကလေး ပျောက်သွားခဲ့တဲ့အပြင် ဟယ်လီနာ့ကိုပါ ဆုံးရှုံးခဲ့ရတယ်။
ဖေဖေ…
ဘာလို့ အခုမှရောက်လာရတာလဲ။
ခုနကပဲ ဒီကလေးလေး သူ့ကိုပြောခဲ့တဲ့စကားတွေက နားထဲမှာ ပဲ့တင်ထပ်နေသလို ခံစားနေရတယ်။
ဒီအချိန်လေးအတွင်းမှာပဲ သူဟာ သူ(မ)ရဲ့အဖေဆိုတာကို သတိထားမိလိုက်တယ်လေ။
တခြားကွန်လာတွေနဲ့မတူတဲ့ ဒီကွန်လာမျိုးရိုးကလေးလေးရဲ့ကျေးဇူးကြောင့် သူ့တစ်သက် လုံးဝမခံစားခဲ့ဖူးတဲ့ ထူးထူးခြားခြားခံစားချက်တစ်ခုက သူ့ကို ရစ်ပတ်လွှမ်းခြုံထားတယ်။
သူ့လက်မောင်းထဲမှာ အပွေ့ခံထားရတဲ့ ကလေးပေါက်စလေးကို စိုက်ကြည့်နေတဲ့အက်(စ်)တင်ဟာ ပတ်ဝန်းကျင်လေထုကို အေးခဲသွားစေနိုင်တဲ့စကားကို ဆိုလာလေတော့တယ်။
“အဲ့ဒီကြွက်လိုကောင်စုတ် ဘယ်ရောက်သွားပြီလဲ”
“သူ ထွက်ပြေးသွားပါပြီ။ မှောင်လည်းမှောင်နေတဲ့အပြင် ဘေးပတ်ပတ်လည်မှာ တောင်တန်းထူလွန်းတဲ့အတွက် ရှာဖို့တော့ခက်ပါလိမ့်မယ်”
“မဖြစ်ဖြစ်တဲ့နည်းနဲ့ရအောင်ရှာပြီး ငါ့ဆီခေါ်လာခဲ့”
“ကောင်းပါပြီ”
“သူ ဘာပုံစံပေါက်ပေါက် ကိစ္စမရှိဘူး။ အသက်ရှင်ရင်ပြီးရော”
သူ့မျက်လုံးတွေကို နှိုက်ထုတ်၊ ခြေလက်အင်္ဂါတွေကို ဖြတ်ပစ်ပြီး တောကောင်တွေကိုကျွေးပစ်လိုက်ရင် ပိုတောင်ကောင်းသေးတယ်။ ဒါရိုက်တာက ပြန်ပေးသမားဖြစ်နေနိုင်တယ်ဆိုတဲ့ဖြစ်နိုင်ခြေကိုလည်း ဖယ်ထုတ်ထားလို့ မရတဲ့အပြင် သူ့နောက်ကွယ်မှာ ကြိုးကိုင်ခြယ်လှယ်နေတဲ့ တရားခံအစစ်တစ်ယောက်ရှိနေတာမျိုးလည်း ဖြစ်နိုင်တာမို့လို့ သူနဲ့စကားပြောကြည့်ဖို့လိုတယ်။
သူ့အနားပတ်ပတ်လည်က အရာတိုင်းကို အေးခဲသွားစေနိုင်တဲ့ ခက်ထန်ကြမ်းတမ်းလှတဲ့ကိုယ်ရောင်ကိုယ်ဝါတွေကြောင့် အက်(စ်)တင်ရဲ့အနားကို ဘယ်သူမှမကပ်ဝံ့ကြဘူး။
ငယ်ငယ်ကတည်းက သူနဲ့အတူပညာသင်ခဲ့တဲ့ ဝမ်းကွဲညီအစ်ကိုဖြစ်သူ လူးကပ်(စ်)တစ်ယောက်တည်းကသာ အဲ့ဒီစွမ်းအားတွေကို ခံနိုင်ရည်ရှိတယ်။
အခုလိုမျိုး မင်းရဲ့စွမ်းအားတွေ လွတ်ထွက်သွားတာမျိုး အရင်က ငါ လုံးဝမမြင်ဖူးခဲ့ဘူး။
“စကားမစပ် အငယ်ဆုံးသမီးတော်လေးက တကယ့်ကွန်လာမျိုးရိုးစစ်စစ်ပဲ”
“ဘာရယ်”
“သူက သူ့စိတ်ထဲရှိတဲ့အတိုင်း ဖြစ်အောင်လုပ်တာ”
“မင်းဆိုလိုချင်တာ သူက ခေါင်းမာတယ်ပေါ့လေ”
“အိုး.. ဖြစ်ကောင်းဖြစ်နိုင်ပါတယ်”
အဲ့ဒီစကားကိုကြားတော့ အက်(စ်)တင် ခပ်ဖွဖွပြုံးလိုက်မိတယ်။ လူးကပ်(စ်)ကလည်း အတူလိုက်ပြုံးလေတယ်။
“ကလေးတွေကို ငါတို့နယ်မြေထဲကမိဘမဲ့ဂေဟာကို ပို့လိုက်”
“သဘောပေါက်ပါပြီ”
လရောင်ဟာ ကလေးရဲ့ခန္ဓာကိုယ်ပေါ်ကို ဖြာကျနေတဲ့အတွက် သူ့အဆင်းသဏ္ဌာန်လေးက ပိုလို့တောင်ကွဲအက်လွယ်နေသလို သူ ခံစားနေရတယ်။
ကွန်လာမျိုးရိုးက ဆင်းသက်လာရိုးမှန်ရင် အရုပ်လေးတစ်ရုပ်လို လှပတင့်တယ်တယ်ဆိုတာ အမှန်တရားတွေများလား။
လရောင်အောက်က ကလေးမလေးရဲ့ ရှည်လျားကော့ညွတ်တဲ့မျက်တောင်တွေကိုကြည့်ရင်း အဲ့ဒီကောလာဟလတွေက မှားတော့မမှားဘူးလို့ သူ တွေးလိုက်မိတယ်။
*****
“သခင်မလေး.. အောက်ကျသွားတဲ့အစားအသောက်တွေကို ပြန်ကောက်မစားရဘူးလို့ ပြောထားတယ်လေ”
သုံးစက္ကန့်စည်းမျဉ်းက ဒီကမ္ဘာမှာတော့ အလုပ်မဖြစ်ပါလားနော်။
ကြမ်းပြင်ပေါ်ကျသွားတဲ့မုန့်ကို တိတ်တိတ်လေးခိုးကောက်နေတဲ့ကျွန်မကို ပိုနီတာက မြင်သွားတယ်လေ။
ပြုတ်ကျသွားတာ သုံးမိနစ်တောင်မရှိသေးလို့ စားလို့ရသေးတာပဲကို..။ ကျွန်မဘက်က အတွန့်တက်ချင်သလိုဟန်အမူအရာပြလိုက်တော့ ပိုနီတာက စိတ်ဆိုးမာန်ဆိုးနဲ့စိုက်ကြည့်နေတော့တာပေါ့။
“မင်းသာ ထပ်တောင်းရင် ကျွန်မ ပေးမှာပေါ့”
“အဲ့ဒါက စျေးကြီးတယ်လေ…”
ကျွန်မပါးစပ်ထဲကိုထည့်လိုက်တာနဲ့ အဲ့ဒီမုန့်က တန်းအရည်ပျော်သွားလောက်အောင်ကို နူးညံ့တဲ့အတွက် စျေးကြီးပေးရလိမ့်မယ်ဆိုတာ သေချာတယ်လေ။
သမားတော်က ကျွန်မကို အစားအများကြီးစားလို့မရသေးဘူးလို့ မှာထားတဲ့အတွက် နေ့လယ်စာနဲ့ညနေစာကို ရိုးရိုးရှင်းရှင်းစားသောက်ပြီးတိုင်းမှာ ပိုနီတာ ကျွန်မအတွက် ယူလာပေးတဲ့အချိုပွဲလေးတွေက ကျွန်မရဲ့တစ်ခုတည်းသောပျော်ရွှင်မှုလေးပေါ့။
အခုတော့ ကျွန်မရဲ့ပျော်ရွှင်မှုတွေထဲကတစ်ခုလည်း ပိတ်ပင်ခံလိုက်ရပါပြီလေ။
သူတို့တွေ ကျွန်မကိုရှာတွေ့ဖို့ ကိုးနှစ်တောင်အချိန်ယူခဲ့ရတဲ့အတွက် “အနှောင့်အယှက်ဖြစ်လိုက်တာ”ဆိုတဲ့စကားမျိုးကို ထပ်နားထောင်ပြီး ကိုယ့်ကိုယ်ကိုယ်စိတ်ဒုက္ခထပ်မပေးချင်တော့ဘူး။
အဲ့ဒီမုန့်က တကယ်တော့ ကြမ်းပြင်ပေါ်ကိုကျသွားတာမဟုတ်ဘဲ ရှေးဟောင်းကော်ဇောကြီးပေါ်ကိုကျသွားတာမို့လို့ ကျွန်မ တိတ်တိတ်လေးပြန်ကောက်ပြီး စားပစ်လိုက်ချင်ရုံပါ။ ဒီလောက်အထိ စိတ်ဆိုးသွားလိမ့်မယ်လို့ ထင်မထားရိုးအမှန်ပါလေ။
“ကျွန်မ သခင်မလေးကို အများကြီးမပေးရတဲ့အကြောင်းအရင်းက သခင်မလေးရဲ့အစာအိမ်က အများကြီးလက်မခံနိုင်သေးလို့ပါ။ သခင်မလေးသာ သက်သာလာရင် ကျွန်မ တောင်းသလောက် အကုန်ပေးမှာပေါ့။ အောက်ကိုပြုတ်ကျသွားသလောက်ကို ပြန်ပေးနိုင်တာမို့လို့ ဒီလိုမျိုးတွေမလုပ်ပါနဲ့နော်”
တစ်စုံတစ်ယောက်က ကျွန်မကို ကရုဏာဒေါသတွေနဲ့ ဆူပူတာမျိုးက ဒါ ပထမဆုံးအကြိမ်ပါပဲ။ ဒီလိုကိစ္စမျိုးက ကျွန်မအတွက်တော့ သိပ်အကျွမ်းတဝင်မရှိလှပါဘူး။
ပိုနီတာ့ရဲ့မျက်ဝန်းတစ်စုံနဲ့ စကားတွေက ကျွန်မကို ပိုလို့တောင်မချင့်မရဲဖြစ်စေတယ်။
ကျွန်မ လက်တစ်ဖက်ကိုမြှောက်ပြီး ပိုနီတာ့ရဲ့လက်ညှိုးကို ဆုပ်ကိုင်ထားလိုက်မိတော့တယ်။ ကျွန်မရဲ့လက်တွေက တခြားရွယ်တူတန်းတူတွေထက်တောင် ပိုသေးလွန်းနေတာများလေ သူ(မ)ရဲ့လက်ညှိုးလေးကို ဆုပ်ထားနိုင်ရုံလောက်လေးပဲ ရှိတာပေါ့။
“ကျွန်မ မှားသွားပါတယ်။ မဆူပါနဲ့နော်”
“ဘာကိုဆိုလိုချင်တာလဲ။ ကျွန်မ ဘယ်လောက်တောင်များ ဆူလိုက်မိလို့လဲ”
“ဂေဟာမှာတုန်းက အဆူခံရတာနဲ့ဆိုရင် အကြိမ်ပေါင်းထောင်ချီရောပေါ့”
“သခင်မလေးရယ်..”
ပိုနီတာက ကျွန်မကို ခပ်တင်းတင်းပွေ့ဖက်ထားပေးပြီး ကျောပြင်ကို အသာအယာပွတ်သပ်လို့ နှစ်သိမ့်ပေးနေလေရဲ့။
နွေးထွေးလှတဲ့ အဲ့ဒီပွေ့ဖက်မှုအကြား ကျွန်မ မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်နေမိတယ်။
ပိုနီတာရဲ့ကိုယ်သင်းရနံ့လေးဟာ မုန့်အချိုပွဲအနံ့လေးနဲ့ သေချာလျှော်ဖွပ်မီးပူတိုက်ထားတဲ့ အဝတ်အစားရနံ့သင်းသင်းလေး ရောထွေးနေတာကြောင့် အကြောင်းပြချက်မရှိပါဘဲ သူ(မ)ရဲ့ရင်ခွင်ထဲမှာ နေလို့ထိုင်လို့ပိုကောင်းလာသလို ခံစားလိုက်ရတယ်။
ဘုရင်ခံချုပ်အိမ်တော်ကို ကျွန်မရောက်နေတာဟာ တစ်ပတ်လောက်ရှိနေပါပြီ။
ထူးဆန်းတဲ့အချက်ကတော့.. ဘုရင်ခံချုပ်အိမ်တော်ကို ရောက်ပါပြီဆိုကတည်းက ကျွန်မ တောက်လျှောက်ဖျားနာနေခဲ့တာကြောင့်များ ဖြစ်လေမလား။ ပိုနီတာနဲ့လူးကပ်(စ်)အပြင် အိမ်တော်မှာရှိသမျှအမှုထမ်းတွေအားလုံးက ကျွန်မကိုဆိုရင် ကွဲအက်လွယ်တဲ့ဖန်ထည်လေးလို သဘောထားနေကြတော့တာပဲ။
တွေ့ခါစတုန်းက ကျွန်မကို ငတုံးမလေးဆိုပြီး စနောက်ခဲ့တဲ့လူးကပ်(စ်)ဆိုရင် ကျွန်မကိုလှမ်းကြည့်တိုင်း ဂနာမငြိမ်ဖြစ်နေတဲ့အကြည့်တွေနဲ့ချည်း ကြည့်နေတော့တာလေ။
ကျွန်မရဲ့အဖေ ဘုရင်ခံချုပ်ကတော့ နန်းတော်မှာ အရေးကြီးကိစ္စတွေကို ဖြေရှင်းစရာရှိနေတဲ့အတွက် အိမ်တော်မှာရှိမနေပါဘူး။
ကျွန်မရဲ့အစ်ကိုသုံးယောက်ကလည်း အထူးတက္ကသိုလ်မှာ ကျောင်းတက်ရောက်နေကြရတယ်လေ။
ဟား.. ကျွန်မ ကြည့်ကောင်းနေမှဖြစ်မယ်။
မဟုတ်သေးဘူး။ တကယ်တမ်းတော့ သူတို့ဘက်က ကျွန်မကို အကောင်းမြင်စေချင်တာမျိုးမဟုတ်ဘဲ ကျွန်မကို သူတို့ မုန်းတီးနေတာမျိုး မဖြစ်စေချင်ရုံပါ။
နောက်ပိုင်း သူတို့ အက်(စ်)တီနာကို ချစ်ကျွမ်းဝင်သွားကြရင်တောင်မှ ကျွန်မကို အလွယ်တကူပထုတ်လိုက်လို့ မရစေရဘူး။
ပထမဆုံးအနေနဲ့ လီယိုနဲ့ ဘရန်ဒွန်မိဘမဲ့ဂေဟာမှာရှိတဲ့ကလေးတွေကို တခြားဂေဟာတစ်ခုကို ပြောင်းရွှေ့ပေးလိုက်တယ်တဲ့။ ဒါလည်း တစ်မျိုးကောင်းတာပါပဲ။ ဒီလိုဆိုတော့ ကျွန်မရဲ့အနာဂတ်အတွက် အစီအစဉ်ဆွဲဖို့ပဲ လိုတော့တာပေါ့။
သိပ်မကြာခင်အချိန်အတွင်းမှာပဲ စီးပွါးရေးစလုပ်ဖို့ အစီအစဉ်ဆွဲသင့်နေပါပြီ။
ပိုနီတာ့ရဲ့ရင်ခွင်ထဲမှာ တောင်တွေးမြောက်တွေးလျှောက်စဉ်းစားနေတုန်း ထမင်းစားခန်းထဲကို လူတစ်ယောက်ဝင်လာလေတယ်။
“မင်းတို့နှစ်ယောက် ဘာလို့ ဒီလောက်တောင်ပူးကပ်နေကြတာလဲ။ ငါ့ကိုလည်း ဖက်ထားပေးကြပါဦး”
“လူးကပ်(စ်) ရှင်ရောက်လာတာပဲ”
“စားလို့သောက်လို့ကောင်းရဲ့လား ကြောင်ပေါက်လေး”
“ကျွန်မ စားနေတုန်းပဲရှိသေးတယ်”
“မကြာခင် မင်း အသားဟင်းစားလို့ရတော့မှာပါ”
လူးကပ်(စ်)က ကျွန်မခေါင်းကို ပွတ်သပ်ပေးတယ်။ လူးကပ်(စ်)ပဲဖြစ်ဖြစ် ဘယ်သူဖြစ်ဖြစ် ကျွန်မခေါင်းကို တစ်ယောက်ယောက်ပွတ်သပ်ပေးတဲ့အချိန်ဆို သိပ်သဘောကျတာကြောင့် ကျွန်မလည်း ခပ်ဆိတ်ဆိတ်ပဲ ငြိမ်နေလိုက်တာပေါ့။ အဲ့ဒီအကြောင်းကို သိပြီးကတည်းက လူးကပ်(စ်)တစ်ယောက် ကျွန်မကို ကြောင်ပေါက်လေးလို့ စနောက်နေတော့တာပါ။
သေချာစဉ်းစားကြည့်လိုက်တော့လည်း ကျွန်မ အိပ်ပျော်နေတုန်းက ကျွန်မရဲ့ခေါင်းကိုပွတ်သပ်ပေးနေခဲ့တဲ့လူက လူးကပ်(စ်)များလား။
“ဘာလို့ ခေါင်းကို အဲ့လောက်စောင်းထားရတာလဲ”
“ဘာမှမဟုတ်ပါဘူး”
“ဝိုး.. မင်းက ဒီမိသားစုဝင်အစစ်ပါပဲကွာ”
ပိုနီတာက အချိုပွဲတွေထပ်ယူဖို့ မီးဖိုချောင်ထဲကိုဝင်သွားတယ်။ လူးကပ်(စ်)ကတော့ သူ့ဘေးမှာ ကျွန်မကိုထိုင်ခိုင်းပြီး နွားနို့ထိုင်သောက်နေလေရဲ့။
တကယ်တမ်းတော့ ပိုနီတာအပြင် ကျွန်မနဲ့စကားအပြောဖြစ်ဆုံးလူက လူးကပ်(စ်)ဖြစ်တာကြောင့် သူနဲ့အတူရှိတဲ့အချိန်မျိုးမှာ ကျွန်မ ပိုပြီးသက်သောင့်သက်သာဖြစ်လာတယ်။
နွားနို့ကိုမော့သောက်လိုက်ပြီး လူးကပ်(စ်)ကိုကြည့်မိတော့ သူက ထပ်ပြုံးနေပြန်ရော။
သူ ဘာလို့ ထပ်ပြုံးနေရပြန်တာလဲ။
“အိုး.. ငါ့ကြောင်ပေါက်လေးက နှုတ်ခမ်းမွေးနဲ့ပါလား”
လူးကပ်(စ်)ရဲ့ ကျီစယ်စကားကြောင့် ကျွန်မ လက်မြှောက်ပြီး နှုတ်ခမ်းပေါ်မှာပေကျံနေတာတွေကို သုတ်လိုက်ရတယ်။
အိုး.. လက်ကိုင်ပဝါရှိရဲ့သားနဲ့ အဝတ်အစားတွေနဲ့သုတ်နေလို့ ပိုနီတာတော့ ကျွန်မကို ထပ်ဆူတော့မှာပဲ။
ကံကောင်းလို့ ပိုနီတာ အနားမှာမရှိဘူးပဲ။
“ဒါပေမဲ့ ရှင်က ဘယ်လိုဖြစ်လို့ ဒီကိုရောက်လာရတာလဲ”
“ဟင်”
“..”
“ဘုရင်ခံချုပ်က မနက်ဖြန်ဆိုရင် ပြန်လာချင်ပြန်လာတော့မှာလေ”
အဲ့ဒီစကားကိုလည်းကြားရော ကိုင်ထားတဲ့ကွတ်ကီးတောင် လက်ထဲက လွတ်ကျကုန်တော့တာပဲ။ မစားလိုက်ရတဲ့ကွတ်ကီးလေးကတော့ ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲလို့…။
ကျွန်မမှာ အံ့သြရလွန်းလို့ သုံးမိနစ်မပြည့်ခင် ကွတ်ကီးကိုပြန်ကောက်ဖို့တောင် အာရုံမရပါဘူး။
ကျွန်မ အဆင်သင့်မဖြစ်သေးဘူးလို့။