Part-6
Type – Web Novel (Korea)
Genre – Comedy, Drama, Fantasy, Romance, Slice of Life
Author – 윤로체
Translator – Aurelia
“ဘုရင်ခံချုပ်ရဲ့ ပြဿနာအိုးသမီးတော်က
တစ်ကိုယ်တည်း ရွက်လွှင့်ချင်သတဲ့”
Chapter-6
အက်(စ်)တင်ကလည်း တွေဝေတုံ့ဆိုင်းမနေဘဲ သူ့ရဲ့မှော်စွမ်းအားတွေကိန်းဝပ်နေတဲ့ဓားကိုမြှောက်ပြီး အူ(ရ်)ဆာရဲ့ဝမ်းဗိုက်ကို ထိုးစိုက်ပစ်လိုက်တယ်။ ဝမ်းဗိုက်ကဒဏ်ရာ ပြန်သက်သာမလာခင်မှာပဲ ပညာသားပါပါနဲ့ ဓားကိုင်ထားတဲ့လက်ကောက်ဝတ်ကို ဘယ်ညာလှည့်ပြီး ဒဏ်ရာကိုထိုးမွှေပစ်လိုက်ဖို့လည်း မမေ့ခဲ့ဘူး။
အူ(ရ်)ဆာရဲ့သွေးနံ့က သူ့ရဲ့သွေးနံ့ကို ဖုံးလွှမ်းသွားတယ်။
သတ္တဝါကြီးရဲ့အလောင်းပေါ်ကို ခြေထောက်နဲ့တက်နင်းပြီး လည်ပင်းကို ဖြတ်ပစ်လိုက်တဲ့ အက်(စ်)တင်ရဲ့မျက်နှာထက်မှာ အမူအရာကင်းမဲ့နေလေတယ်။
တကယ်လို့ ဒီအကောင်ကြီးကသာ အကြောင်းစုံရှင်းပြပေးနိုင်တဲ့ အဆင့်မြင့်သတ္တဝါကောင်တစ်ကောင်ဖြစ်နေမယ်ဆိုရင် လျှို့ဝှက်ဖမ်းဆီးထားပြီး မေးမြန်းစစ်ဆေးဦးမှာပါ။
သားရဲလောကတည်ရှိရာနေရာမှာ မှော်ကျောက်တုံးတွေကိုသုံးပြီး မှော်အရံအတားတစ်ခုဖန်ဆင်းထားတဲ့အတွက် သားရိုင်းကောင်တွေအနေနဲ့ လူသားတွေရဲ့နယ်မြေထဲကို ကျူးကျော်ဝင်ရောက်လာဖို့ဆိုတာ ဖြစ်နိုင်ဖွယ်ရာမရှိပါဘူး။
ကိုယ်ပိုင်အသိဉာဏ်တောင်မရှိတဲ့ အူ(ရ်)ဆာတွေက အဲ့ဒီမှော်အရံအတားကို ဖြိုဖျက်နိုင်မှာမဟုတ်တာ အသေအချာပါပဲ။
ဒီတော့ တစ်စုံတစ်ယောက်က ဒီသားရိုင်းကောင်တွေ လွတ်ထွက်လာအောင် အရံအတားကို တမင်တကာဖယ်ရှားပေးလိုက်တာပဲဖြစ်ရမယ်။
“ဘာလို့ ဒီအချိန်ကျမှ ထဖြစ်ရတာလဲ”
ဒီစကားကို ဧကရာဇ်သာကြားရင် သံသယတွေသိပ်များလွန်းလိုက်တာဆိုပြီး လှောင်ရယ်ခံရဦးမှာပဲ။ ဒါပေမဲ့ အက်(စ်)တင်ကတော့ အချိန်ကိုက်ဖြစ်ပေါ်လာတဲ့ ဒီအခြေအနေကို မသင်္ကာလှဘူး။
အခုဆိုရင် ကွန်လာအိမ်တော်ကနေ ပြန်ပေးဆွဲခံခဲ့ရတဲ့ အငယ်ဆုံးသမီးတော်လေးက ကိုးနှစ်အကြာမှာ အိမ်ပြန်ရောက်လာလေပြီ။ ပြီးတော့ သူ့အငယ်ဆုံးသမီးလေး နေခဲ့ရတဲ့ဂေဟာရဲ့ ဒါရိုက်တာကလည်း ခြေရာလက်ရာတောင်မကျန်ခဲ့ဘဲ ပျောက်ဆုံးသွားတယ်လေ။
သူတို့တွေလည်း ဂေဟာမှာရှိတဲ့ ဒါရိုက်တာ့ရဲ့ရုံးခန်းကို လိုရမည်ရဆိုပြီး ရှာကြည့်ခဲ့သေးတယ်။ ဒါပေမဲ့ မယ်ရီနဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတစ်ခုလေးတောင်မှ ရှာလို့မတွေ့ခဲ့ပါဘူး။ ဒါပေမဲ့ ဂေဟာကကလေးတွေကတော့ ဒီကလေးမလေးရဲ့နာမည်က မယ်ရီဆိုတာ သိနေကြတယ်လေ။
ဒီတော့ ပြန်ပေးသမားက မိဘမဲ့ဂေဟာကို ကလေးရဲ့နာမည်ကို ပြောပြခဲ့တယ်ဆိုတဲ့သဘောပေါ့။ ဒါက ကွန်လာမိသားစုကိုပဲလျှော့တွက်ပြီး အပြောင်အပြက်လာလုပ်နေတာလား။ ဒါမှမဟုတ် ပြန်ပေးသမားက ပြစ်မှုကျူးလွန်ရာမှာ သေသေသပ်သပ်မရှိတာပဲလား။
ဒါက ထင်ထားတာထက်ပိုပြီး စိတ်အနှောင့်အယှက်ဖြစ်ချင်စရာပဲ။ ဒါက ငါ့ကို သက်သက်မဲ့အာရုံပြောင်းသွားအောင် လှည့်စားတာဆိုရင်တော့ သေအောင်ဒေါသထွက်မိမှာ။
ဧကရာဇ်ထံ အခစားဝင်ဖို့ သေသေသပ်သပ်လှန်တင်ထားတဲ့ အနက်ရောင်ဆံပင်စတွေဟာဆိုရင် ချွေးတွေ ရွှဲရွှဲစိုနေပြီး နဖူးပေါ်မှာ ပရမ်းပတာပြန့်ကျဲလို့ ကျနေလေရဲ့။
နဖူးပေါ်ကျနေတဲ့ ဆံပင်တွေကို အက်(စ်)တင် ပြန်သပ်တင်လိုက်တယ်။
ဝက်ဝံသဏ္ဌာန်ရှိတဲ့ အူ(ရ်)ဆာရဲ့ဦးခေါင်းဟာ ဓားစာမိပြီး အဖြတ်ခံလိုက်ရပြီးတဲ့နောက် သွေးတွေဒလဟောစီးကျလာတယ်။ သူ့ရဲ့ဧရာမအစွယ်ကြီးတွေကလည်း ငေါထွက်လာတော့တာပေါ့။
အဲ့ဒီအစွယ်တွေက ကလေးတစ်ယောက်ရဲ့မျက်နှာအရွယ်အစားလောက် ရှိနေတော့ အဲ့ဒီတုန်းက လရောင်အောက်မှာ မေ့မြောနေခဲ့တဲ့ ကလေးမလေးရဲ့မျက်နှာကို မြင်ယောင်မိပြန်တယ်။
လူးကပ်(စ်)ဆီကတစ်ဆင့် ကလေးမလေး သတိရလာပြီဆိုတာကို သိလိုက်ရတုန်းက အမျိုးအမည်မသိတဲ့ စိတ်သက်သာရာရမှုတစ်မျိုးကို သူခံစားလိုက်ရတယ်။
ကလေးမလေးကို အက်(စ်)တင် စတွေ့တဲ့အချိန်တုန်းက သူ(မ)လေးက သတိလစ်မေ့မြောနေဆဲပဲ..။
အိပ်မောကျနေတဲ့ကလေးမလေးကို ပြုစုပေးဖို့သွားတဲ့နေ့တုန်းကလည်း ပေါက်စလေးခမျာ သတိလက်လွတ်နဲ့ နာနာကျင်ကျင်ညည်းတွားနေရှာတာလေ။
သူ(မ)ရဲ့ခေါင်းလေးကို သူ ပွတ်သပ်ပေးခဲ့မိတယ်။ ပေါက်စလေးရဲ့နာကျင်မှုတွေ ပျောက်လိုပျောက်ငြားပေါ့။ သူ(မ)ရဲ့ခန္ဓာကိုယ်လေးက အကြီးအကျယ်နာကျင်ကိုက်ခဲနေတာမို့ ထိလိုက်မိတာနဲ့ ကွဲကြေသွားမယ်လို့တောင် စိတ်ထဲထင်နေမိတဲ့အထိပါပဲ။ အဲ့ဒီခံစားချက်က သိပ်မကောင်းလှပါဘူး။
ငါဇနီး ဟယ်လီနာကို မြင်တဲ့အချိန်မှာတောင် ဒီလိုခံစားချက်မျိုး တစ်ခါမှမဖြစ်ဖူးဘူးလို့ ငါထင်တာပဲ။
ကလေးက သူ့အထိအတွေ့ကို သဘောကျနေတဲ့ပုံနဲ့ နှုတ်ခမ်းထောင့်စွန်းလေးတွေကော့တက်လာပြီး သူ့လက်နားကိုတောင် ပိုတိုးလာလိုက်သေးတယ်။
သူ(မ)ရဲ့ပါးစပ်ဖျားကနေလည်း အဘွားလို့ တသသခေါ်နေရှာတာ။ အဲ့ဒါ ဂေဟာမှာရှိတဲ့တစ်ယောက်ယောက်များလား။
ဘယ်လိုပဲဖြစ်ဖြစ် ကလေးကို ဒီလိုပုံစံမျိုးနဲ့မြင်လိုက်ရတာ သူ့နှလုံးသားကို တစ်စုံတစ်ခုက တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားသလို ခံစားနေရတယ်။
သမီးမိန်းကလေးဖြစ်တဲ့အတွက် နည်းနည်းများထူးခြားသွားတာလား။
သူ ဒီကလေးကို ကိုးနှစ်လောက်ရှာဖွေခဲ့တာက ကလေးကို အရူးအမူးလွမ်းလွန်းလို့လည်း မဟုတ်သလို ဖခင်မေတ္တာစိတ်ကြောင့်လည်း မဟုတ်ပါဘူး။ ကွန်လာမိသားစုရဲ့သွေးသားကိုမှ လာထိပါးရဲတဲ့လူကို အမျက်ထွက်တဲ့စိတ်တစ်ခုကြောင့်ပါ။
ကွန်လာမျိုးရိုးဟာ မိစ္ဆာတွေဆီက ကောင်းချီးပေးခံထားရတဲ့အတွက် ရုပ်ပိုင်းဆိုင်ရာသန်မာတောင့်တင်းမှုနဲ့ ဉာဏ်ရည်ထက်မြက်မှုကို ဆုလာဘ်အနေနဲ့ ပိုင်ဆိုင်ထားရပေမဲ့ အလဲအလှယ်အနေနဲ့ လူသားတစ်ယောက်မှာရှိသင့်ရှိထိုက်တဲ့ စိတ်ခံစားချက်တွေကိုတော့ ဆုံးရှုံးခဲ့ရတယ်။
အခုတော့ ကွန်လာမိသားစုရဲ့ လက်ရှိခေါင်းဆောင်ဖြစ်တဲ့ အက်(စ်)တင်ဟာ ဒီကလေးမလေးနဲ့ကျမှ ခံစားချက်အသစ်အဆန်းတွေ ခံစားနေရတော့တာပါ။ “ဖေဖေ ဘာလို့ အခုမှရောက်လာရတာလဲ”ဆိုတဲ့ ကလေးလေးရဲ့ညည်းညူသံလေးက မမြင်ရတဲ့ကြိုးတစ်ချောင်းနဲ့ သူ့ကိုချည်နှောင်ထားလိုက်သလိုပဲ။
ဂေဟာဒါရိုက်တာကို မြန်မြန်ဖမ်းဆီးပြီး ရှင်းထုတ်ပစ်မှဖြစ်တော့မယ်။ ဒါပေမဲ့ ငါ ဒီလိုကိစ္စမျိုးနဲ့ ရင်ဆိုင်နေရတယ်ဆိုတာ ယုံတောင်မယုံနိုင်ဘူး။
အူ(ရ်)ဆာရဲ့ရုပ်အလောင်းကို ငေးကြည့်ရင်း အတွေးယာဉ်ကြောထဲ အကြာကြီးပိတ်မိနေခဲ့တဲ့ အက်(စ်)တင်ဟာ တစ်ဖက်ကိုလှည့်ပြီး စစ်သည်သူရဲကောင်းတွေရှိရာဆီကို လျှောက်သွားလေတော့တယ်။
အခု သူ(မ)ကို သွားတွေ့လို့ရပြီလား။
ပါးပြင်ထက်ကသွေးစတွေကို သုတ်ဖယ်ရင်း အမှောင်ထဲမှာ လမ်းလျှောက်ထွက်သွားတဲ့ အက်(စ်)တင့်ကိုကြည့်ရင်း စစ်သည်တွေရဲ့စိတ်ထဲ အတွေးတစ်ခုပေါ်ပေါက်လာတယ်။
ဒီလူက သားရဲတွေထက်တောင်ပိုဆိုးတဲ့ သားရိုင်းကောင်ကြီးတစ်ကောင်ပါလား။
****
မွေးပွအိပ်ရာကြီးထက်မှာ ကျွန်မ ဝမ်းလျားမှောက်ပြီး လှဲနေလိုက်တယ်။
ဘုရင်ခံချုပ်အက်(စ်)တင် ပြန်လာတော့မယ်ဆိုတဲ့သတင်းကို ကြားပြီးကတည်းက ကျွန်မရဲ့စိတ်တွေ ကယောက်ကယက်ဖြစ်နေတာလေ။
မဟုတ်သေးဘူး။ တခြားအရာတွေထက်စာရင် အရင်ဘဝတုန်းက ကျွန်မမှာ “အဖေ”ဆိုတာရယ်လို့ မရှိခဲ့ဖူးပါဘူး။
ဒါကြောင့် “အဖေ”ဆိုတဲ့ဖြစ်တည်မှုတစ်ခုနဲ့ ရင်ဆိုင်ရမဲ့ကိစ္စမျိုးက ကျွန်မအဖို့တော့ ဒါ ပထမဆုံးအကြိမ်ပါပဲ။
အင်ပါယာရဲ့ဘုရင်ခံချုပ်ဟာ ခံစားချက်မရှိတဲ့ သွေးအေးလူသားဆိုပြီး နာမည်ကျော်ကြားတယ်မဟုတ်ဘူးလား။
“အား”
ပထမဆုံးအကြိမ်တွေ့ဆုံမှုမှာ ဘယ်လိုနှုတ်ဆက်ရမလဲဆိုတာ ကျွန်မ မသိတော့ဘူး။ ဒါကြောင့် ခေါင်းအုံးကိုဆွဲယူလိုက်ပြီး မျက်နှာပေါ်အုပ်ထားရင်း ခြေထောက်တွေကိုလည်း ယက်ကန်ယက်ကန်လုပ်နေမိတယ်။ ကြာလာတော့ ကျွန်မ အသက်ရှူကျပ်လာတော့တာပေါ့။ အဲ့ဒါနဲ့ပဲ ခေါင်းအုံးကို ဘေးနားမှာ အသာပြန်ချထားလိုက်ရတယ်။
အင်တာဗျူးဖြေရတာကတောင် ဒီလောက်စိတ်လှုပ်ရှားဖို့ မကောင်းပါဘူး။
ဝတ္ထုရဲ့ဇာတ်လမ်းအသွားအလာအရ ကျွန်မတို့တွေ ထပ်တွေ့ရဦးမယ်ဆိုတာ ကျွန်မ သိထားပြီးသားဆိုပေမဲ့ တကယ်တမ်း တွေ့ရတော့မယ်လည်းဆိုရော စိတ်လှုပ်ရှားလွန်းလို့ ရူးမတတ်ပါပဲလေ။
ဒါဟာ ဂေဟာမှာဖြစ်ပွားခဲ့တဲ့ မတော်တဆမှုကြီးအပြီး ပထမဆုံးပြန်လည်ဆုံဆည်းခြင်းဆိုလည်း မမှားပါဘူး။
အရင်ဘဝတုန်းက “ခွေးရူး”လို့ နာမည်ပြောင်ပေးခံထားရတဲ့ ဒါရိုက်တာတစ်ယောက်ရဲ့ သမီးတစ်ဖြစ်လဲ ကျွန်မသူငယ်ချင်းရဲ့အဖြစ်ကိုတောင် ပြေးသတိရမိလိုက်ပါရဲ့။
ကျွန်မတို့တွေ ဟော်ကီကစားပြီးအိမ်ပြန်လာတော့ လမ်းမှာ သူ(မ)ရဲ့အဖေနဲ့ ပက်ပင်းတိုးပါလေရော။ အဲ့ဒါကို သူ(မ)က အိမ်မပြန်ခင်မှာ “ငါအဖေတော့ ငါ့ကိုသတ်တော့မှာပဲ”လို့ ပြောသွားတယ်လေ။
သူ့အဖေက သတ်မှာတဲ့။
အဲ့ဒီခွေးရူးရဲ့အဖေက ငါ့အဖေနဲ့ယှဉ်နိုင်မှာမဟုတ်ဘူးလို့ ငါထင်တယ်ရော်…
အဲ့ဒီနေ့က ဂေဟာမှာဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို လူးကပ်(စ်)ဆီကတစ်ဆင့် ကျွန်မ သိထားတယ်။ ဘုရင်ခံချုပ်က ကျွန်မကို ဒါရိုက်တာရုံးခန်းထဲကနေ ရထားလုံးထဲအထိ ပွေ့ခေါ်လာပြီး ရဲတိုက်ထဲက ကျွန်မရဲ့အိပ်ရာပေါ်အထိတောင် သယ်သွားပေးတာတဲ့လေ။
ကျွန်မ.. ကျွန်မကတော့ ဘာတစ်ခုမှကို မမှတ်မိတာပါ။
သူ့ပုံပန်းသဏ္ဌာန်က ဘယ်လိုရှိပါလိမ့်။
လူးကပ်(စ်)နဲ့ ပိုနီတာပြောတာတော့ ဘုရင်ခံချုပ်ရဲ့ဆံပင်အရောင်နဲ့ မျက်လုံးအရောင်က ကျွန်မနဲ့အတူတူပဲတဲ့။ ပြီးတော့လည်း သူက သိပ်သွေးအေးတဲ့လူလို့လည်း ပြောကြသေးတယ်။
ဝတ္ထုထဲမှာရော ဘုရင်ခံချုပ်ကို ဘယ်လိုဖော်ပြထားပါလိမ့်နော်။ သူက အဓိကဇာတ်ဆောင်မဟုတ်တဲ့အတွက် အဲ့ဒီလိုမျိုးအသေးစိတ်ရှင်းလင်းချက် မပါလောက်ဘူးလို့တော့ ထင်တယ်။ ကျွန်မ လှဲနေရာကနေ ကုန်းရုန်းထလိုက်ပြီး မျက်လုံးကိုမှိတ်လို့ မှတ်ဉာဏ်တွေကို တူးဆွကြည့်လိုက်တယ်။
အနက်ရောင်ဆံပင်နဲ့ မျက်လုံးအရောင်အကြောင်း ပြောရမယ်ဆိုရင် ဒါဟာ ကွန်လာမိသားစုရဲ့အမှတ်သညာတစ်ခုလို့ ပြောလို့ရတယ်။ ဒီတော့ ဒါက…
သူက ဘရိုင်တီနာအင်ပါယာကြီးအတွက် ကြီးမားတဲ့စည်းစိမ်ချမ်းသာသုခကို ဆောင်ကြဉ်းပေးခဲ့တယ်လို့ ဆိုထားတယ်…
ကွန်လာမျိုးနွယ်နဲ့ပတ်သက်ပြီး စာအုပ်ထဲမှာ အသေးစိတ်ဖော်ပြထားတဲ့နောက်ထပ်အချက်တစ်ချက်ကတော့ ကွန်လာတွေက အင်ပါယာမိသားစုရဲ့ ရုပ်သေးရုပ်တွေဆိုတာပါပဲ။
အင်ပါယာမိသားစုက ဘုရင်ခံချုပ်ရဲ့စွမ်းအားတွေကို အသုံးချလေ့ရှိပြီး စေ့စပ်ကြောင်းလမ်းမှုတစ်ခုကို အကြောင်းပြပြီးတော့လည်း ဆက်ဆံရေးခိုင်မြဲဖို့ ချည်နှောင်ထားပါသေးတယ်။
အဲ့ဒါကြောင့်ပဲ သူ(မ)အနေနဲ့ ဒုတိယမင်းသားကို လက်ထပ်ရဖို့ဖြစ်လာခဲ့တာပေါ့။
ကျွန်မ အနီရောင်ရှူးဖိနပ်တွေကိုစီးထားရင်းနဲ့ ခြေထောက်တွေကို လိမ်ဖည်လိမ်ဖည်လုပ်နေမိတယ်။
သေချာတွေးကြည့်လိုက်မယ်ဆိုရင် မယ်ရီနဲ့ ဒုတိယမင်းသားရဲ့စေ့စပ်ပွဲက ဘယ်တော့ပါလိမ့်။ မိသားစုနဲ့ပတ်သက်ပြီး တစ်ချိန်လုံးပူပန်နေရတာနဲ့ပဲ အဓိကအမျိုးသားဇာတ်ဆောင်ရှိနေသေးတယ်ဆိုတာ မေ့နေမိပါရောလား။
မယ်ရီ့ရဲ့ကြားဝင်နှောင့်ယှက်မှုတွေကြောင့် အမျိုးသားဇာတ်လိုက်ဟာ သူ့ချစ်သူကို သူ့နည်းသူ့ဟန်နဲ့ ကာကွယ်ပေးခဲ့တာဆိုပေမဲ့ ခင်ပွန်းလောင်းဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့ မယ်ရီ့ဘက်ကကြည့်ရင်လည်း သိပ်မတရားလှပါဘူး။
ဒါပေမဲ့ ဂေဟာမှာတုန်းက အက်(စ်)တီနာနဲ့ သူငယ်ချင်းကောင်းတွေ ဖြစ်ခဲ့ကြတာမို့ အကာအကွယ်တော့ ရလောက်တယ်မဟုတ်လား။ ဒါ့အပြင် ကျွန်မအနေနဲ့လည်း အမျိုးသားဇာတ်လိုက်ကို ချစ်ကျွမ်းမဝင်ချင်ပါဘူး။
လူတိုင်းအတွက် ပျော်ရွှင်ဖွယ်ဇာတ်သိမ်းလေးဖြစ်ဖို့ဆိုတာ ဇာတ်ကြောင်းကို အဆိုးဘက်ရောက်မသွားအောင် ကျွန်မအနေနဲ့ နည်းနည်းချင်းစီကာကွယ်သွားမှဖြစ်မှာပါ။
ကျွန်မရဲ့အမွေဆက်ခံပိုင်ခွင့်ကိုလည်း လက်လျှော့မှာတော့ မဟုတ်ဘူးပေါ့။
“မစ်(စ်)မယ်ရီ”
အော်သံအကျယ်ကြီး ကြားလိုက်ရပြီးတဲ့နောက် ပိုနီတာတစ်ယောက် တခြားအစေခံတွေနဲ့အတူ အခန်းထဲကို သုတ်ခြေတင်ပြီး ပြေးဝင်လာတာများ ဟောဟဲကိုဆိုက်လို့ရယ်ပါ။
အလောတကြီးဖြစ်နေတဲ့ သူတို့ပုံစံကြောင့် အမျိုးအမည်မဖော်နိုင်တဲ့ ရတက်မအေးမှုတစ်ခုကို ကျွန်မခံစားလိုက်ရပြီး အလိုလိုမတ်တတ်ထရပ်မိသွားတော့တယ်။
“မြန်မြန်အဆင်သင့်ပြင်ကြရအောင်။ ဘုရင်ခံချုပ်က ခဏနေရင် ပြန်ရောက်လာတော့မှာ”
အဲ့လောက်တောင်မြန်သလား။
အိပ်ရာဘေးမှာ ကြောင်ပြီးရပ်နေတဲ့ကျွန်မကို ပိုနီတာကဆွဲခေါ်သွားပြီး မှန်တင်ခုံရှေ့မှာ ဝင်ထိုင်ခိုင်းတယ်။
နောက်တော့ ကျွန်မဆံပင်ကို မြန်မြန်သွက်သွက်ဖြီးသင်ပေးပြီး စေ့စပ်မြန်ဆန်တဲ့လက်ဟန်နဲ့ ကျစ်ဆံမြီးနှစ်ဖက်ခွဲပုံစံလေးကို လှလှပပကျစ်ပေးနေတော့တယ်။
ဆံကျစ်ကျစ်ထားတာ နည်းနည်းတင်းနေပေမဲ့ ကျွန်မ အသာငြိမ်ခံနေလိုက်ပါတယ်။
” မင်းမှာ လက်ဝတ်ရတနာနဲ့ အဝတ်အစားတွေ ကောင်းကောင်းကန်းကန်း ဘာတစ်ခုမှမရှိသေးဘူးပဲ။ ဘယ်လိုလုပ်ကြမလဲ။ ဟုတ်ပြီ…မြို့စားပြန်လာရင်တော့ မင်းအတွက် တစ်ခုခုစီစဉ်ပေးလောက်မှာပါ”
” တကယ်လား”
“ဒါပေါ့”
ကျွန်မ သိပ်ပြီးစိတ်လှုပ်ရှားနေတဲ့ပုံမပေါက်အောင် ကြိုးစားပေမဲ့ ဝတ္ထုထဲမှာပါတဲ့ မယ်ရီ့အကြောင်းကို သတိရလိုက်မိတော့ ပါးစပ်ကို အသာပိတ်ထားလိုက်တော့တာပေါ့။
မယ်ရီတစ်ယောက် သူ(မ)အဖေ ဘုရင်ခံချုပ်နဲ့အစ်ကိုတွေဆီကနေ အမုန်းခံရဖို့ဖြစ်လာတဲ့ အကြောင်းအရင်းက သူ(မ)ရဲ့အလွန်အမင်းဖြုန်းတီးမှုတွေကြောင့်ပါ။
သူ(မ) မပိုင်ဆိုင်ခဲ့ရတာတွေအတွက် အစားပြန်ဖြည့်ဆည်းနေတဲ့သဘောမျိုးနဲ့ တန်ဖိုးကြီးအဝတ်အစားနဲ့ လက်ဝတ်ရတနာတွေချည်းပဲ ဗုံးပေါလအောဝယ်နေခဲ့တာလေ။
ဒီပြဿနာတွေအားလုံးက သူ(မ) လည်ဆွဲတစ်ကုံးကို ငမ်းငမ်းတက်ဝယ်ယူဖို့ကြိုးစားရာကနေ စတင်လာခဲ့တာပါပဲ။
“ပြီးသွားပြီ ”
“ကျွန်မပုံစံက မင်းသမီးလေးတစ်ပါးလိုပါလား”
“ကျွန်မက ဆံကျစ်လေးပဲကျစ်ပေးရုံပါနော်။ မယ်ရီက လှရက်လွန်းလို့သာ အခုလိုမင်းသမီးလေးနဲ့တူသွားတာပေါ့”
မယ်ရီက တကယ်ကိုပဲ.. လှရက်လွန်းပြီး ချစ်စဖွယ်ကောင်းလှတယ်။ ဒါပေမဲ့ သူ(မ)က သိပ်ပြီးပြင်ပြင်ဆင်ဆင်မရှိတော့ တစ်ပါးသူတွေရဲ့အမြင်မှာ အကြည်ဓာတ်လေးမဖြစ်တော့တာလေ။ အခုလို ဆံပင်ကိုသေချာပြင်လိုက်တော့လည်း အတော်လေးလှပသွားတာပါလား။
အင်း….ဒီလိုပုံစံနဲ့သာဆိုရင် အိုင်ဒေါလ်လုပ်လို့တောင် ရနေပြီလို့ ကျွန်မထင်တယ်။
ကျစ်ဆံမြီးနှစ်ဖက်ကို ကိုင်မြှောက်ထားရင်း မှန်ထဲကပုံရိပ်ကို ကျွန်မ သေချာစိုက်ကြည့်လိုက်တယ်။
အရင်ဘဝတုန်းက ကျွန်မ ကိုယ့်ဆံပင်ကိုယ် ဒီလိုပုံစံမျိုး တစ်ခါမှ မပြင်ဖူးဘူး။
အခုလိုအရွယ်တင်နုပျိုနေဆဲအရွယ်လေးကို ပြန်ရောက်နေတဲ့အတွက် ဒီလိုစည်းလိုက်တော့လည်း လှသားပဲ။
“ဘုရင်ခံချုပ်မြင်ရင်လည်း ချစ်ဖို့ကောင်းတယ်လို့ပဲ တွေးနေမှာ သေချာတယ်။
သူ့မှာ သားတွေပဲရှိတာဆိုတော့ အကြာကြီးနေမှပြန်တွေ့တဲ့ သူ့သမီးလေးက ဘယ်လောက်တောင်ချစ်ဖို့ကောင်းတယ်လို့ ထင်နေလိုက်မလဲနော်”
တကယ်ပဲ အဲ့လိုထင်တာလားလို့ ပိုနီတာ့ကိုမေးလိုက်ချင်ပေမဲ့ အဆုံးမှာတော့ နှုတ်ခမ်းကိုကိုက်လို့ ပါးစပ်ပြန်ပိတ်ထားလိုက်ပြီး ပိုနီတာနဲ့အတူတူ လိုက်ပဲပြုံးနေမိတော့တယ်။
အားလုံးပြင်ဆင်လို့ပြီးသွားတော့ ကျွန်မ မတ်တတ်ထရပ်လိုက်ပြီး မှန်ထဲက မယ်ရီ့ပုံရိပ်ကိုကြည့်ရင်း တစ်ကိုယ်တည်းစကားတွေဆိုနေမိတယ်။
ကျွန်မ လုပ်နိုင်လောက်တယ်မလား။
သေချာပေါက်လုပ်နိုင်တာပေါ့။
တကယ်တမ်းကျတော့လည်း သေချာမသိတော့ပါဘူးလေ။
ဘုရားသိကြားမလို့ ကျွန်မ အမုန်းမခံရပါစေနဲ့…။
Aung Aung
ဘယ်နေ့တွေတင်တာလဲ