Part-7
Type – Web Novel (Korea)
Genre – Comedy, Drama, Fantasy, Romance, Slice of Life
Author – 윤로체
Translator – Aurelia
“ဘုရင်ခံချုပ်ရဲ့ ပြဿနာအိုးသမီးတော်က
တစ်ကိုယ်တည်း ရွက်လွှင့်ချင်သတဲ့”
Chapter-7
အိုး.. တကယ်တော့ ကျွန်မက သူရဲဘောကြောင်တဲ့လူတစ်ယောက် မဟုတ်ရပါဘူးနော်။
လက်ရှိဘဝကိုရောက်တော့ ဂေဟာမှာ အတော်ဆုံးအကောင်းဆုံးဖြစ်လာတယ်ဆိုတာကလည်း အတိတ်ဘဝတုန်းက အနိုင်ကျင့်မှုတွေအများကြီး ခံစားခဲ့ရလို့ အတွေ့အကြုံရှိနေတာကြောင့်ပါ။
ဒါပေမဲ့လည်း ကွန်လာရဲတိုက်ကြီးထဲကို ရောက်လာပြီးကတည်းက ရဲတိုက်ကြီးရဲ့ ခမ်းနားထည်ဝါမှုနဲ့ အလှတရားတွေကြောင့် ကျွန်မမှာ ကူကယ်ရာမဲ့စွာနဲ့ပဲ ထူးဆန်းလှတဲ့စိတ်ပျက်အားငယ်မှုတွေကို ခံစားနေခဲ့ရတယ်။
ကျွန်မ ကောင်းကောင်းမွန်မွန်နေမှဖြစ်မှာပါ။
ဒီကမ္ဘာကြီးက ကျွန်မကိုဗဟိုပြုပြီး လည်ပတ်နေတာမဟုတ်သလို ကျွန်မက ဒီကမ္ဘာမှာ အဓိကဇာတ်လိုက်ကျော်မဖြစ်လာနိုင်ဘူးဆိုပေမဲ့လို့ ကျွန်မအနေနဲ့ နီကိုးဆိုတဲ့ အအေးပိုင်းနယ်မြေကြီးဆီကို အပို့ခံရတဲ့ ဇာတ်သိမ်းမျိုးကိုတော့ ရှောင်ရှားချင်သေးတာပေါ့။
ကျွန်မ ကိုယ့်ဘာသာပဲ အေးအေးလူလူနေတာ ပိုကောင်းလိမ့်မယ်။ ခင်ပွန်းလောင်းနဲ့ လက်ထပ်ဖို့ကတော့လား။ ကျွန်မ လုံးဝဆန္ဒမရှိပါဘူးနော်။
ကျွန်မ ဆိုလိုချင်တာက… ကျွန်မအဖေရဲ့ရှေ့မှာ မျက်နှာပန်းလှချင်တယ်လို့။ ဒါမှလည်း အမွေဆက်ခံဖို့ မျှော်လင့်ချက်ရှိမှာလေ။
တစ်ခုတည်းသောပြဿနာကတော့ ကျွန်မအဖေက ဘုရင်ခံချုပ်အက်(စ်)တင်ဆိုတဲ့ ဘရိုင်တီနာအင်ပါယာကြီးရဲ့ ရေခဲရိုက်ပန်းတစ်ပွင့်ဖြစ်နေတာပါပဲ။
ပိုနီတာ့ရဲ့စကားကိုကြားတော့ ကျွန်မ အဝတ်အစားလဲပြီးတာနဲ့ ရုံးခန်းထဲကိုသွားလိုက်ပါ့မယ်လို့ပဲပြောပြီး သက်ပြင်းခပ်ဖွဖွချလိုက်မိပါရဲ့။
ပိုနီတာက ကျွန်မကို ခဏလောက်ငုံ့ကြည့်နေပြီးမှ နွေးထွေးဖော်ရွေတဲ့အထိအတွေ့လေးနဲ့ ကျွန်မခေါင်းကို ပွတ်သပ်ပေးလေတယ်။
“ပိုနီတာ…”
“အဆင်ပြေပါတယ် မစ်(စ်)”
ဘာကြီးက အဆင်ပြေနေတာလဲဆိုတာ ကျွန်မ တကယ်သိမနေပါဘူး။
ဒါပေမဲ့ ပိုနီတာ့ရဲ့ ရင်းနှီးဖော်ရွေတဲ့မျက်ဝန်းတစ်စုံကို ကြည့်နေရင်းနဲ့ပဲ ကျွန်မ သတ္တိတွေရှိလာသလိုပါပဲ။
“ဘယ်လိုဖြစ်လို့ ခြေထောက်တွေ ဒီလောက်တောင်တုန်ယင်နေရတာလဲ မစ်(စ်)ရယ်”
ကျွန်မ အရမ်းစိတ်လှုပ်ရှားနေတာမို့ ခြေတောင် မခိုင်ချင်တော့ဘူးလေ။
လမ်းပြပေးရင်း ကျွန်မရှေ့ကနေ ဦးဆောင်ပြီးသွားနေတဲ့ ပိုနီတာက ကျွန်မလက်ကို ဆုပ်ကိုင်ထားပေးရှာတယ်။ ကြည့်ရတာ ကျွန်မအတွက် စိတ်မကောင်းဖြစ်မိလို့ထင်ပါရဲ့…
ကျွန်မ ဘုရင်ခံချုပ်အက်(စ်)တင်နဲ့ တစ်ခါမှ လူချင်းမဆုံဖူးပါဘူး။ ဒါပေမဲ့ သူ့သမိုင်းကြောင်းကို ဝတ္ထုထဲကတစ်ဆင့် ကြိုသိထားပြီးသားဖြစ်နေတော့ ရင်တွေတုန်၊ စိတ်တွေလှုပ်ရှားလိုက်တာမှ ရင်ဘတ်ကြီးပေါက်ကွဲသွားတော့မတတ်ပါပဲ။
စိတ်လျှော့ထား…။ ရင်ဘတ်ကြီးက အဲ့လောက်လွယ်လွယ်လေး မပေါက်ကွဲတတ်ပါဘူး။
ထည်ဝါတောက်ပလှတဲ့ လင်းရောင်ခြည်ဟာ ပြတင်းပေါက်တစ်ဆင့် ဖြတ်သန်းဝင်ရောက်လာပြီး စကျင်ကျောက်သားစင်္ကြံလမ်းမထက် ဖြာကျနေလေတယ်။
ဒါကိုကြည့်ပြီးတော့ မယ်ရီတစ်ယောက် အစပိုင်းတုန်းက ဘာလို့ ဒီလောက်အာရုံပျက်ပြားသွားရသလဲဆိုတာ နားလည်နိုင်လာတယ်။
တကယ်ဆိုရင် သူ(မ) က ဒီလောက်ကြီးကျယ်ခမ်းနားတဲ့နေရာမျိုးမှာ အငယ်ဆုံးသမီးတော်လေးအဖြစ်နဲ့ မိသားစုဆီကအချစ်ခံခဲ့ရသင့်ပေမဲ့ မွေးပြီးပြီးချင်း ပြန်ပေးဆွဲခံလိုက်ရပြီး တောင်တန်းထူပြောလှတဲ့နေရာမျိုးမှာ လူမသိသူမသိဝှက်ထားခံခဲ့ရတယ်လေ။
အံ့ချီးဖွယ်ကောင်းတဲ့ စင်္ကြံလမ်းထဲမှာရှိတဲ့ လက်ရာမြောက်ပန်းချီကားတွေနဲ့ ပန်းပုရုပ်တုတွေက အနုပညာရှင်တစ်ယောက်မဟုတ်တဲ့ ကျွန်မလိုလူအတွက်တောင် မျက်စိပသာဒရှိလှတယ်လေ။
ဝိုး.. ဒီတစ်ခုကိုသာရောင်းလိုက်ရင် ပိုက်ဆံဘယ်လောက်တောင်ရမှာပါလိမ့်။
ရောင်စုံနံရံထက်မှာ ပုံတူပန်းချီတွေကိုလည်း ချိတ်ဆွဲထားပါသေးတယ်။
ပိုနီတာဆွဲခေါ်ရာနောက်ကို ဒရောသောပါးလိုက်နေရတဲ့ ကျွန်မမှာ လမ်းလျှောက်နေတာကို ခဏရပ်လိုက်ပြီး ငွေရောင်ဆံနွယ်တွေနဲ့အမျိုးသားတစ်ယောက်ရဲ့ပုံတူပန်းချီကားရှေ့မှာ တော်တော်ကြာအောင် ရပ်နေမိတယ်။
ကွန်လာမျိုးရိုးထဲမှာ ငွေရောင်ဆံပင်နဲ့လူတစ်ယောက် ရှိတယ်ပေါ့။
“အိုး.. သူက ကွန်လာမျိုးနွယ်ရဲ့ ပထမဆုံးအကြီးအကဲလေ”
ပိုနီတာက ကျွန်မရဲ့ ပဟေဠိဆန်တဲ့အကြည့်တွေကို အဓိပ္ပာယ်ဖတ်မိတဲ့အလား ရှင်းပြလာတယ်။
အဲ့ဒီတော့မှပဲ ကျွန်မ သဘောပေါက်လိုက်တယ်။
တကယ်လို့ သူက ကွန်လာမျိုးနွယ်ရဲ့ ပထမဆုံးအကြီးအကဲဆိုရင် ဘရိုင်တီနာအင်ပါယာကြီးရဲ့ ကနဦးထောက်ပံ့သူဆိုလည်းဟုတ်၊ မိစ္ဆာတစ်ကောင်နဲ့ ထိမ်းမြားပြီး မိသားစုအတွက် မိစ္ဆာတွေဆီကကောင်းချီးကို ယူဆောင်လာပေးခဲ့တဲ့သူဆိုလည်း ဟုတ်ပါတယ်။
“ဒါကြောင့် သူ့မှာ ဆံပင်အနက်ရောင်မရှိတာကိုး”
ကျွန်မအဖေနဲ့အစ်ကိုတွေကို မတွေ့ရသေးတဲ့အတွက် သေချာတော့မသိပေမဲ့ ဒီလူကြီးလိုတော့ ချိုချိုသာသာရှိမှာမဟုတ်တာတော့ သေချာတယ်။
ပထမဆုံးအကြီးအကဲရဲ့သွေးက ဘယ်ကိုစီးဆင်းသွားတာလဲ။
ငွေရောင်ဆံပင်ပိုင်ရှင်တွေက အနက်ရောင်ဆံပင်ပိုင်ရှင်ကို ကျော်နိုင်ရိုးထုံးစံမရှိဘူးဆိုတာ ဒါကိုပြောတာများလား။
ကျွန်မရဲ့လက်ကိုကိုင်ထားရင်း ရှေ့ကနေ ဦးဆောင်ပြီးလျှောက်နေတဲ့ ပိုနီတာက ဧရာမသိမ်းငှက်ဖောင်းကြွရုပ်တုကြီးနဲ့ အလှဆင်ထားတဲ့တံခါးရှေ့မှာ ခြေလှမ်းတွေရပ်တန့်ပစ်လိုက်တယ်။
ရဲတိုက်ထဲက တခြားအခန်းတွေထက် အရောင်အသွေးပိုစုံလင်ပြီး ရှေးဟောင်းဆန်ပုံထောက်တော့ ဒါက ဘုရင်ခံချုပ်အက်(စ်)တင်ရဲ့ရုံးခန်းပဲ ဖြစ်ရမယ်။
ပိုနီတာက ကျွန်မကို နူးနူးညံ့ညံ့စိုက်ကြည့်ရင်း တံခါးခေါက်လိုက်တယ်။
“ဝင်လာခဲ့ပါ”
အထဲကနေ ရင်းနှီးနေပြီးသားဖြစ်တဲ့ လူးကပ်(စ်)ရဲ့အသံကို ကျွန်မကြားလိုက်ရတယ်။ ကျွန်မ ပိုနီတာ့ကို ကူကယ်ရာမဲ့နေတဲ့မျက်ဝန်းတစ်စုံနဲ့ မော့ကြည့်လိုက်တော့ ပိုနီတာက မြန်မြန်ဝင်ဖို့ အချက်ပြနေတော့တယ်။
“ကျွန်မ တစ်ယောက်တည်းဝင်သွားရမှာလား”
“ဝင်မှဖြစ်မှာပေါ့ ဟုတ်တယ်မလား”
“ရှင်ရော မလိုက်ဘူးလား”
“အထဲမှာ လူးကပ်(စ်)လည်း ရှိပါတယ်”
ဘယ်သူက လူးကပ်(စ်)ကို အရေးလုပ်နေလို့လဲ။ ကျွန်မ အခု ပိုနီတာ့ကိုပဲ လိုအပ်တယ်လို့…
ကျွန်မက သူ(မ)ရဲ့အင်္ကျီလက်အနားစကို ဆုပ်ကိုင်ထားတဲ့အတွက် ပိုနီတာ့ခမျာ အကျပ်ရိုက်နေဟန်နဲ့ ပြုံးပြလာတယ်။
ပိုနီတာ့ကို ဆက်မနှောင့်ယှက်သင့်တော့ဘူးလို့ တွေးမိလိုက်တာကြောင့် ကျွန်မရဲ့အကြည့်တွေကို ပိုနီတာ့ဆီကနေ တံခါးရှေ့က သိမ်းငှက်ရုပ်ကြီးဆီကို ရွှေ့လိုက်တယ်။
ဒီလိုဆိုရင် ကျွန်မအဖေက အထဲမှာပေါ့နော်။
“မင်းက သူ့သမီးလေးပဲဟာကို။ အဆင်ပြေမှာပါ”
အိုး.. ကျွန်မက သူ့ရဲ့သမီးတော်လေးလေ။
ကျွန်မဘက်က ဘာမှပြန်မပြောတဲ့အတွက် ပိုနီတာစိတ်ပူသွားပုံရပြီး ကျွန်မကို ရှေ့ဆက်သွားဖို့ ပခုံးကနေတွန်းပို့နေလေတော့တယ်။
ကျွန်မလည်း ကိုးရိုးကားရားနဲ့ပဲ တံခါးတွန်းဖွင့်ပြီး ရုံးခန်းထဲကို လျှောက်ဝင်သွားလိုက်တယ်။
အရောင်အသွေးစုံလင်တဲ့ ပန်းချီကားတွေနဲ့အလှဆင်ထားတဲ့ အိမ်တော်ကြီးလိုမဟုတ်ဘဲ ဘုရင်ခံချုပ်ရဲ့ရုံးခန်းဟာ အနက်ရောင်တွေနဲ့ချည်း သေသေသပ်သပ်အလှဆင်ထားတယ်။
အိုး..ဒါက ကြားဖူးနားဝရှိထားတဲ့ စိတ္တဇသမားတွေရဲ့ရုံးခန်းအပြင်အဆင်ဆိုတာများလား။
နံရံတစ်ချပ်စာလောက် နေရာယူထားတဲ့ မှန်ပြတင်းကျယ်ကြီးထက်ကနေ အနက်ရောင်လိုက်ကာကြီးတွေက ဟီးလေးခိုနေလေရဲ့။ အမှောင်ချထားတဲ့ အဲ့ဒီလိုက်ကာတွေကိုကျော်ပြီးတော့ ဥယျာဉ်ဘက်ကိုမျက်နှာမူထားတဲ့ လက်ဆွဲမီးအိမ်လေးကိုတောင် ကျွန်မမြင်နေရတယ်။
ကျွန်မဘေးမှာရပ်နေတဲ့ လူးကပ်(စ်)က ကျွန်မကို တစ်ချက်အကဲခတ်လိုက်တယ်။ သူက ကျွန်မ စိတ်မတင်းကျပ်ရလေအောင် အပြုံးတစ်ပွင့်ကိုဆင်မြန်းရင်း လက်ပြနှုတ်ဆက်လာတယ်။
ကြိုးစားတာတော့ ကောင်းပါရဲ့။ ဒါပေမဲ့ အဲ့လိုလုပ်တာတောင်မှ ကျွန်မအတွက် အလုပ်မဖြစ်ပါဘူး။ ကျွန်မ စိတ်လျှော့ထားလို့မရဘူးဖြစ်နေတယ်။
ကျွန်မ လက်ချောင်းလေးတွေကို လိမ်ယှက်နေပြီး ဘုရင်ခံချုပ်ရဲ့ကျောပြင်ကို အမှတ်တမဲ့ငေးနေမိတယ်။ ခဏနေတော့ ဘုရင်ခံချုပ်အက်(စ်)တင်က ဒီဘက်ကိုလှည့်လာပြီး ကျွန်မရှေ့ကို ရောက်ချလာတော့တာပါပဲ။
ဒါက ကျွန်မအဖေနဲ့ ပထမဆုံးတွေ့ဆုံခြင်းပါ။ နေရောင်ခြည်ထဲမှာ လင်းလက်နေတဲ့ ဘုရင်ခံချုပ်အက်(စ်)တင်ဟာ သိပ်ကိုချောမောခံ့ညားလွန်းတယ်။ စင်္ကြံလမ်းမှာ ကျွန်မတွေ့ခဲ့တဲ့ ရုပ်တုတွေထက်တောင် ပိုအားစိုက်ထားရတဲ့ သက်ရှိအနုပညာလက်ရာတစ်ခုလိုပါပဲ။
ညကောင်းကင်ယံအလား မည်းနက်နေတဲ့ သူ့မျက်လုံးတွေဟာ နက်မှောင်လှတဲ့ သူ့ရဲ့ပိတုန်းရောင်ကေသာနဲ့ တထေရာတည်းပါ။ အဲ့ဒီအသွင်အပြင်တွေက ကျွန်မ ခုနကတွေ့ခဲ့တဲ့ ပထမဆုံးအကြီးအကဲရဲ့ပုံတူနဲ့ လားလားမှမအပ်စပ်ပါဘူး။
ဘုရင်ခံချုပ်အက်(စ်)တင်ရဲ့ စိတ်ရှုပ်ထွေးစေတဲ့အကြည့်ကို ကျွန်မ ရင်ဆိုင်နေတုန်းမှာပဲ သူက ကျွန်မနားကို ချဉ်းကပ်လာတယ်။ သူက ကျွန်မနဲ့အကြည့်ချင်းဆုံနိုင်အောင် ဒူးတစ်ဖက်ထောက်ချလိုက်လေတော့တယ်။
ကြယ်ရောင်တဖိတ်ဖိတ်လက်နေတဲ့ ညကောင်းကင်ယံနဲ့ အလားသဏ္ဌာန်တူတဲ့ မျက်ဝန်းတစ်စုံက ကျွန်မကို ဖမ်းစားထားတယ်။ နဂါးငွေ့တန်းကြီးကိုမွှေနှောက်ပစ်လိုက်သလိုမျိုး မှောင်လွန်းမက မှောင်မိုက်နေတဲ့ မျက်ဝန်းအစုံပေါ့လေ။
အဲ့ဒီမျက်ဝန်းထဲမှာ ရောင်ပြန်ဟပ်နေတဲ့ ကျွန်မရဲ့ပုံရိပ်ကိုကြည့်ရင်း လည်ချောင်းကို တစ်စုံတစ်ရာသောဖိအားတစ်ခုက ဖျစ်ညှစ်ထားသလိုမျိုး ခံစားလိုက်ရတယ်။
ဘာစကားတစ်ခွန်းမှမပြောဘဲ မျက်ဝန်းတွေထဲက ကိုယ့်ပုံရိပ်ကိုယ် ပြန်ကြည့်နေမိတဲ့ ဒီအခိုက်အတန့်လေးမှာ အရာအားလုံး နှုတ်ဆိတ်နေလေရဲ့။
ကျွန်မမှာတော့ အကြောင်းမဲ့ အသက်ရှူတောင်အောင့်ထားမိတဲ့အထိပါပဲ။ ပြီးတော့ ကျွန်မမျက်လုံးတွေက တစ်ဖက်လူရဲ့အကြည့်ကို ပြန်တုံ့ပြန်ဖို့ကြိုးစားကြည့်ပေမဲ့ ကျွန်မ သူ့ကို ရင်မဆိုင်ဝံ့တာကြောင့် သူ့နှုတ်ခမ်းအထက်နားလေးကိုပဲ ငေးနေမိတယ်။
အိုး.. သူ့အထက်နှုတ်ခမ်းနားက အတွန့်လေးကလည်း သိပ်ကြည့်ကောင်းတာပါလားနော်။ သူများတွေပြောကြတာကတော့ အဲ့ဒီအတွန့်လေးက နတ်ဘုရားတစ်ပါးက ကလေးတစ်ယောက်ရဲ့နှုတ်ခမ်းပေါ်ကို လက်ညှိုးလေးတင်ပြီး “ကမ္ဘာမြေပေါ်ကိုရောက်ရင်ကောင်းကင်ဘုံရဲ့လျှို့ဝှက်ချက်ကို ထုတ်မပြောနဲ့နော်”လို့ မှာကြားလိုက်ရာကနေ ဖြစ်ပေါ်လာတာလို့တော့ ကြားဖူးတယ်။
ကြည့်ရသလောက်တော့ နတ်ဘုရားက သူ့စိတ်ဝိညာဉ်ကိုပါပုံအောပြီး ဖန်ဆင်းလိုက်ပေမဲ့ ဒီလူကတော့ ဒီလောက်ကြောက်ဖို့ကောင်းတဲ့အမျိုးသားအဖြစ် ကြီးပြင်းလာလိမ့်မယ်လို့တော့ ထင်ထားမှာမဟုတ်ဘူး။
“မင်း”
“ဟုတ်.. ဟုတ်ကဲ့”
လက်တွေ့ကိုရင်မဆိုင်ရဲတော့ ကျွန်မ ဟိုဟိုဒီဒီလျှောက်စဉ်းစားနေမိပေမဲ့ အနီရောင်နှုတ်ခမ်းတစ်စုံက ပွင့်ဟသွားပြီး “မင်း”ဆိုတဲ့ စကားလေးတစ်ခွန်းကိုပဲ ပြောလာလေတယ်။
ကျွန်မ ရင်ထိတ်သွားပြီး အထစ်ထစ်အငေါ့ငေါ့ပြန်ဖြေလိုက်မိတယ်။ လူးကပ်(စ်)ကတော့ ဗိုက်နှိပ်ပြီး ဘုရင်ခံချုပ်အက်(စ်)တင်ရဲ့နောက်မှာ ကျိတ်ရယ်နေလေရဲ့။
ဒီလူကတော့ တကယ်ပါပဲ။
ကျွန်မ အဲ့ဒီလူကို လက်သီးနဲ့ထိုးပစ်လိုက်ချင်ပေမဲ့ ဘုရင်ခံချုပ်အက်(စ်)တင်က ကျွန်မကို စိုက်ကြည့်နေလို့ လုပ်လို့မရခဲ့ပါဘူး။
“မယ်ရီကွန်လာ”
မယ်ရီကွန်လာတဲ့…
တစ်စုံတစ်ယောက်ဆီက နာမည်အပြည့်အစုံအခေါ်ခံရတာ ပထမဆုံးပါပဲ။ ဒါပေမဲ့ ကျွန်မထင်ထားသလို စိမ်းသက်သက်ကြီးတော့ ဖြစ်မနေဘူးပဲ။
ဘာလို့လဲဆိုတော့ ကျွန်မကို အဲ့လိုခေါ်တာ ကျွန်မရဲ့အဖေအရင်းဖြစ်နေလို့ပေါ့။ ကြင်နာမှုအရိပ်အယောင်တွေ မပါဘူးဆိုရင်တောင် ဒါ ကျွန်မအဖေရဲ့အသံပဲမဟုတ်လား။
သူ့ရဲ့မဟူရာရောင်မျက်ဝန်းတစ်စုံက အဖြေကို ငံ့လင့်နေတဲ့ပုံပါ။ ဒါကြောင့် ကျွန်မလည်း သတိကြီးကြီးထားပြီး ပြန်ဖြေလိုက်တယ်။
“ဟုတ်ကဲ့”
“မင်းက အဲ့လောက်တောင်များ သန်မာနေတာလား”
ဘာအကြောင်းကို ပြောနေတာလဲ။
ဘုရင်ခံချုပ်အက်(စ်)တင်ပြောတဲ့စကားရဲ့ နောက်ကွယ်က အဓိပ္ပာယ်အစစ်ကို ကျွန်မဖော်ထုတ်ဖို့ ကြိုးစားလိုက်တယ်။ ကျွန်မ မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်နေတဲ့အချိန်အတွင်းမှာ ဘုရင်ခံချုပ်အက်(စ်)တင်ကတော့ လုံးဝမျက်တောင်ခတ်မဲ့ပုံမပေါ်ပါဘူး။
ရှင့်မျက်လုံးတွေက တကယ်အားကောင်းတာပဲရော်။
ဒါနဲ့ ရှင်က ကျွန်မ ကွန်လာမိသားစုဝင်စစ်မစစ်မေးချင်နေတာများလား။
ကျွန်မ သူ့မျက်လုံးတွေကို ခဏငေးကြည့်နေပြီးမှ သတိကြီးကြီးစွဲထားရင်း ခေါင်းညိတ်ပြလိုက်တယ်။
“အရွယ်ရောက်ပြီးသား လူကြီးတစ်ယောက်ကိုတောင် အာခံရဲတဲ့အထိလေ”
“အဲ့ဒါက…”
မဖြစ်နိုင်လိုက်တာ…
သူ့ဘက်က ဘယ်လိုအဖြေမျိုးကို လိုချင်နေလဲဆိုတာ ကျွန်မ မသိတဲ့အတွက် ခဏလောက်တွေဝေနေတော့ ဘုရင်ခံချုပ်အက်(စ်)တင်က မတ်တတ်ထရပ်လာပါလေရော။
“မင်း ဘာလို့အဲ့လိုလုပ်ရတာလဲ”
သူ ဒီအကြောင်းတွေကို အကြမ်းဖျင်းကြားထားပြီးသားဆိုရင်လည်း ကျွန်မကို ဘာလို့မေးခွန်းတွေထုတ်နေရလဲဆိုတာ နားမလည်နိုင်တော့ဘူး။
အဲ့ဒါကိုရှင်းပြဖို့ ကျွန်မ သတ္တိမရှိတဲ့အတွက် လူးကပ်(စ်)ကို လှမ်းကြည့်မိတော့ သင်းက ပခုံးတွန့်ပြသတဲ့လေ။
အား.. ဒီလူကိုတော့ တကယ်ရိုက်မိတော့မယ်။
ကျွန်မ ဘယ်လောက်ပဲရှင်းပြရှင်းပြ ကျွန်မရဲ့အနေအထားကို ဒီလူက နားလည်ပေးမှာတဲ့လား။
ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့ပဲဖြစ်ဖြစ် ခိုးဝှက်တယ်ဆိုတာမကောင်းဘူးလို့ ဆွယ်တရားဟောဦးမှာပဲမဟုတ်လား။ ဒါပေမဲ့ တကယ်တမ်းပြောရရင် သူတို့ဘက်က စခိုးခဲ့တာလေ။ ကျွန်မက ကိုယ့်ဥစ္စာကိုယ် ပြန်ယူချင်ခဲ့ရုံလေးပါ။
ဟုန်းဂီဒုန်ရဲ့အတွေးအခေါ်အယူအဆတွေကို ရှင် နားလည်နိုင်မှာမို့လို့လား။
မချင့်မရဲဖြစ်တဲ့စိတ်ကြောင့် အောက်နှုတ်ခမ်းလေးဆူထားမိပေမဲ့ သူ့ရဲ့အေးတိအေးစက်မျက်နှာကိုမြင်တော့ အတွန့်မတက်ရဲဘူး။
အတန်ကြာအောင်တိတ်ဆိတ်သွားပြီးနောက်မှာတော့ ကျွန်မ သတိကြီးကြီးထားပြီး စကားစလိုက်တယ်။
“ဒါက..”
“တရားမျှတမှုက အမြဲတမ်းမှန်မနေဘူး”
“…”
“တစ်ခါတလေကျရင် တရားမျှတမှုထက် ပိုအရေးကြီးတာက အင်အားရှိဖို့ပဲ”
အဲ့ဒီစကားကို ကျွန်မ သိပ်လက်မခံချင်ပေမဲ့ ကွန်လာမျိုးနွယ်ပီသတဲ့စကားတွေကြောင့် ကျွန်မ တဒင်္ဂလောက် ဆွံ့အသွားမိတယ်။
သူတို့သွေးသားတွေကို ဒီလိုပုံစံမျိုးနဲ့ ဆုံးမတတ်တာ ကွန်လာမျိုးနွယ်တစ်ခုပဲ ရှိပါတယ်။
ပြောချင်တာကတော့ ကမ္ဘာလောကကြီးမှာ တရားမျှတမှုကို ဖော်ဆောင်ချင်ရင် မင်း သန်မာနေမှဖြစ်မယ်ဆိုတဲ့သဘောမျိုးပေါ့။
ကျွန်မ ခေါင်းငိုက်စိုက်ချထားပြီး ဝတ်ရုံအနားစကို လက်ထဲ ဆုပ်ထားမိတယ်။
“မဟုတ်ပါဘူး ဒါပေမဲ့…”
“မဟုတ်ဘူးတဲ့လား”
အရင်ဘဝတုန်းကမှတ်ဉာဏ်တွေက မေ့ဖျောက်ပစ်လို့မရတာကြောင့်ဖြစ်လိမ့်မယ်။
“မဟုတ်ဘူး ဒါပေမဲ့”ဆိုတဲ့စကားက ကျွန်မပြောနေကျစကားတစ်ခွန်းပါ။
သူဟာ ကျွန်မဘက်က ငြင်းဆန်ဖို့ကြိုးစားနေတာကို မကြိုက်တဲ့ပုံစံမျိုးနဲ့ မျက်မှောင်ကြီးကြုတ်ပြီး မျက်နှာရှစ်ခေါက်ချိုးပုံစံနဲ့ ကြည့်နေတော့တယ်။
ဝတ်ရုံအနားစကို ဆုပ်ကိုင်ထားတဲ့ကျွန်မလက်တွေလည်း တုန်ရီလာတော့တာပေါ့။
“ကျွန်မက အဆင်အခြင်မဲ့ပြီး ရူးမိုက်တယ်လို့ ရှင် ထင်ချင်ထင်နေမှာပဲ”
“အဲ့ဒီသဘောပါပဲ”
“ဒါပေမဲ့ ကျွန်မကတော့ လုံးဝနောင်တမရပါဘူး”