Part-8
Type – Web Novel (Korea)
Genre – Comedy, Drama, Fantasy, Romance, Slice of Life
Author – 윤로체
Translator – Aurelia
“ဘုရင်ခံချုပ်ရဲ့ ပြဿနာအိုးသမီးတော်က
တစ်ကိုယ်တည်း ရွက်လွှင့်ချင်သတဲ့”
Chapter-8
“ကျွန်မက အဆင်အခြင်မဲ့ပြီး ရူးမိုက်တယ်လို့ ရှင် ထင်ချင်ထင်နေမှာပဲ”
“အဲ့ဒီလိုသဘောမျိုးပါပဲ”
“ဒါပေမဲ့ ကျွန်မ လုံးဝနောင်တမရဘူး”
ဘုရင်ခံချုပ်အက်(စ်)တင်ဟာ နောင်တမရဘူးဆိုတဲ့စကားရဲ့အဓိပ္ပါယ်ကို နားမလည်တဲ့အလား မျက်ခုံးတစ်ဖက်ကို ပင့်တင်လိုက်တယ်။
“အချိန်တွေသာ နောက်ပြန်ဆုတ်လို့ရရင် ကျွန်မ အဲ့ဒီလိုပဲထပ်လုပ်မိဦးမှာပါ”
“ကျွန်မ နောင်တမရဘူး”
အမှန်အတိုင်းပြောရရင် ဆယ့်ရှစ်နှစ်အရွယ် ဟန်ဆိုဟီးအနေနဲ့သာဆိုရင် ဒါရိုက်တာရုံးခန်းထဲကနေ ငွေတွေခိုးပြီး ကလေးတွေကိုပြန်ပေးဖို့လုပ်ခဲ့တဲ့ ကိုးနှစ်အရွယ်မယ်ရီ့ကို ဆူပူမိမှာပါ။
ဒါပေမဲ့ ဒါကိုလည်းပြောမှဖြစ်မှာပါ။
ဒါက အဆင်အခြင်မဲ့ပြီး လမ်းမှားကြီးတစ်ခုဖြစ်တဲ့အကြောင်း တစ်စုံတစ်ယောက်က ထောက်ပြလာမယ်ဆိုရင်တောင် ကျွန်မအနေနဲ့ အဲ့ဒီအချိန်တုန်းက ဒီနည်းလမ်းကသာ အမြင်သာဆုံးနည်းလမ်းဖြစ်နေတာလေ။
မဟုတ်သေးဘူး။ ရွေးချယ်စရာဆိုလို့ အဲ့ဒီနည်းလမ်းတစ်ခုတည်းပဲ ရှိနေခဲ့တာပါ။
ပြောနေရင်းနဲ့ ကျွန်မ မျက်ရည်ဝဲတက်လာလို့ အောက်နှုတ်ခမ်းကို ကိုက်ထားလိုက်ရတယ်။
ကျွန်မမျက်ရည်ဝဲလာတာကိုမြင်တော့ ရှေ့တည့်တည့်မှာရှိနေတဲ့ ဘုရင်ခံချုပ်အက်(စ်)တင်တစ်ယောက် တုန်လှုပ်သွားလေတော့တယ်။
ပါးပေါ်မှာ မျက်ရည်စီးကြောင်းကြီးပေါ်လာရင် သိပ်ရှက်ဖို့ကောင်းတာကြောင့် ကျွန်မ ခေါင်းကို နည်းနည်းမော့ထားလိုက်ပေမဲ့ မျက်ရည်တွေက ပိုလို့တောင်မြန်မြန်ဆန်ဆန်စီးကျလာတော့တာပါပဲ။
“မစ်(စ်) မင်းငိုနေတာလား”
အကဲခတ်နိုင်စွမ်းကောင်းပေမဲ့ ပါးနပ်မှုမရှိတဲ့ လူးကပ်(စ်)ရဲ့စကားကြောင့် ကျွန်မ မျက်ရည်တွေကို ခပ်မြန်မြန်သုတ်ဖယ်လိုက်တယ်။
ရှင်ရဲ့အကဲခတ်နိုင်စွမ်းက တကယ်လျင်လိုက်တာ..။ ဒါပေမဲ့ ရှင် ဒီလိုမလုပ်သင့်ဘူး။
ကျွန်မ မျက်ရည်တွေသုတ်နေတာကိုမြင်တော့ ဘုရင်ခံချုပ်အက်(စ်)တင်က တိတ်တဆိတ်သက်ပြင်းချလိုက်လေတယ်။
အဆူခံနေရတုန်းတန်းလန်းကြီးမှာ ငိုနေမိတယ်ဆိုတာ ကျွန်မဖြင့် ယုံတောင်မယုံနိုင်ဘူး။
ဘုရင်ခံချုပ်အက်(စ်)တင်ရဲ့ သက်ပြင်းချသံက ကျွန်မကို ပိုသိမ်ငယ်သွားစေတယ်။
ဒါက ကျွန်မမျှော်လင့်ထားတဲ့ ပထမဆုံးတွေ့ဆုံမှုမျိုး မဟုတ်ပါဘူး။
ဒီအတွက်ကြောင့်နဲ့ ကျွန်မ ပြုံးပုံပြုံးနည်းတွေတောင် လေ့ကျင့်ထားခဲ့တာကို။
ဂေဟာမှာ စိတ်ပျက်အားလျှော့ခြင်းမရှိဘဲ ကောင်းကောင်းမွန်မွန်ကြီးပြင်းလာခဲ့တယ်ဆိုတာကို ပြချင်ရုံလေးပါ။
ဟန်ဆိုဟီးရဲ့မိဘနှစ်ပါးနဲ့ အဘွားအတွက်ကတော့ သူတို့ရဲ့ဂရုစိုက်ပံ့ပိုးမှုတွေမပါရင်တောင် ကောင်းကောင်းမွန်မွန်ကြီးပြင်းလာတယ်ဆိုတာကို မြင်စေချင်ခဲ့တာပါ။
ဘုရင်ခံချုပ်ရဲ့ပခုံးကျယ်ကျယ်ကြီးတွေကိုဖြတ်ပြီး လူးကပ်(စ်)တစ်ယောက် စိတ်ရှုပ်ထွေးနေတဲ့အမူအရာမျိုးနဲ့ ကျွန်မကိုငေးကြည့်နေတာကို မြင်နေရတယ်။
ဒီလိုအေးတိအေးစက်အနေအထားကြီးကို ဖန်တီးမိလို့ အပြစ်ရှိသလိုခံစားမိတာကြောင့် အငိုတိတ်အောင် ကြိုးစားကြည့်ပေမဲ့ မျက်ရည်တွေဟာ ဆည်ကျိုးသလို ဒလဟောစီးကျနေတော့တာပဲ။
အတိတ်ကို မှတ်မိနေတယ်လို့ ဘယ်လောက်ပဲဆိုဆို အခုလက်ရှိမှာ ကလေးတစ်ယောက်ရဲ့ခန္ဓာကိုယ်ထဲကို ရောက်နေတာကြောင့်ပဲ ဖြစ်လေမလား။ ကျွန်မ အငိုရပ်အောင်ကြိုးစားလေလေ ပိုမျက်ရည်ကျမိလေလေ ဖြစ်နေတာရယ်ပါ။
“ငါ သဘောပေါက်ပြီ”
“ဟင်.. ဘာကိုလဲ”
အမလေး.. ကျွန်မအသံတွေ အက်ကွဲလို့ပါလားနော်။
ကျွန်မက ငိုတဲ့နေရာနဲ့ တကျည်ကျည်မြည်တမ်းတဲ့နေရာမှာတော့ သိပ်တော်တာလေ။
ကျွန်မ တစ်ယောက်တည်းယောက်ယက်ခတ်နေတုန်းမှာပဲ ဘုရင်ခံချုပ်ရဲ့လက်တစ်ဖက်က ကျွန်မဦးခေါင်းအထက်နားကို ချဉ်းကပ်လာတယ်။
ဘုရင်ခံချုပ်က အခု ကျွန်မခေါင်းကိုပွတ်ပေးနေတာမလား။
လျှပ်တပြက်ဆန်တဲ့ အထိအတွေ့ကြောင့် ကျွန်မ အံ့သြလွန်းလို့ မျက်ရည်တွေတောင် တုံ့ခနဲရပ်သွားတော့တာပေါ့။
လေဟာနယ်ထဲကို အကြောင်သားငေးရင်း မျက်လုံးပုတ်ခတ်ပုတ်ခတ်လုပ်လိုက်မိတဲ့အခါ ရပ်တန့်သွားတဲ့မျက်ရည်တွေက တစ်ဖန်ပြန်စီးကျလာလေရဲ့။
ခံစားချက်ကင်းမဲ့နေကျဖြစ်တဲ့သူ့ရဲ့မျက်နှာထက်မှာ မသိသာတဲ့ပြောင်းလဲမှုလေးတစ်ခု ပေါ်ပေါက်သွားတာ ကျွန်မ အမြင်များမှားလေသလား။
“ဒါပေမဲ့ အခုကစပြီး အဆင်အခြင်မဲ့တဲ့လုပ်ရပ်တွေကို ထပ်မလုပ်နဲ့တော့”
“ဟုတ်ကဲ့”
သူ့စကားကြောင့် ကျွန်မ နှာတရှုံ့ရှုံ့လုပ်လိုက်မိတယ်။
ရှင် ဒီလိုလုပ်နေတာက စိတ်ပူလို့လုပ်နေတာလို့ထင်တယ်ရော်။
ဒါက စိတ်ပိုင်းဆိုင်ရာအောင်ပွဲတစ်ခုဆိုရင်တောင် ကျွန်မအတွက်တော့ ကောင်းတဲ့အရာလို့ ထင်တယ်။ ကျွန်မ ဘုရင်ခံချုပ်ကို လက်သန်းလေးမြှောက်ပြလိုက်တယ်။ ဒါက ကျွန်မကိုယ်ကျွန်မ ထပ်ပြီးမထိခိုက်စေရဘူးလို့ ဘုရင်ခံချုပ်ကို ကတိပေးချင်တဲ့သဘောနဲ့ပါ။
မဖြစ်ဖြစ်တဲ့နည်းနဲ့ ကျွန်မ ဒီမှာနေမှဖြစ်မယ်။
ကျွန်မသာ နာခံမှုမရှိရင် ဇာတ်လမ်းအသွားအလာအရ ဒီလူ့ဆီက အမုန်းခံရလိမ့်မယ်။
ပြီးရင်တော့ လက်ဗလာနဲ့ နီကိုးကိုအပို့ခံရမှာ…။
“ဒါက ဘာလဲ”
ဒါပေမဲ့ ကျွန်မဘာလုပ်နေလဲဆိုတာကို နားမလည်ရှာတဲ့ ဘုရင်ခံချုပ်ကတော့ ကျွန်မရဲ့လက်သန်းလေးကို မျက်မှောင်ကြုတ်ပြီးကြည့်နေလေရဲ့။
“ငါ့အထင် သူ ကတိကဝတ်ပြုချင်နေတာထင်တယ်”
လူးကပ်(စ်)က ဘုရင်ခံချုပ်နားကို ကပ်သွားပြီး တိုးတိုးလေးပြောပြနေတယ်။
ဘုရင်ခံချုပ်ရဲ့တုံ့ပြန်ပုံကိုကြည့်ပြီး ကျွန်မလက်ကိုချလိုက်သင့်လားဆိုပြီး တွေးလိုက်မိတယ်။ ဒါပေမဲ့ ကျွန်မရဲ့လက်က ကျွန်မအတွေးတွေနဲ့ ချိန်သားကိုက်မနေဘဲ ပိုတောင်မြှောက်လိုက်မိတော့တာပေါ့။
လူးကပ်(စ်)ရှင်းပြတာကိုကြားတော့ ဘုရင်ခံချုပ်က ကျစ်ခနဲ စုတ်သပ်လိုက်တယ်။ ပြီးတော့ ဖြူဖွေးသွယ်လျတဲ့သူ့လက်ချောင်းကို ဆန့်ထုတ်ပြီး ကျွန်မရဲ့လက်သန်းမှာ လာချိတ်လေတယ်။
တကယ်ကြီးလား။
ဘုရင်ခံချုပ်က ကျွန်မနဲ့ကတိကဝတ်လုပ်နေတယ်ဆိုတာက အိပ်မက်မက်နေသလိုပါပဲ။ ပြီးတော့ ချိတ်တွယ်ထားတဲ့လက်ချောင်းတွေဆီကလာတဲ့ ထိတွေ့မှုအာရုံက ထင်ရှားလွန်းတာကြောင့် စိမ်းသက်သက်ခံစားချက်တစ်မျိုးကို ကျွန်မ ခံစားလိုက်ရတယ်။
“ဝိုး.. မင်းတို့နှစ်ယောက် ကတိကဝတ်လုပ်လိုက်ကြပြီပဲ”
လူးကပ်(စ်)ဆီက အားပေးအားမြှောက်ပြုတဲ့အသံသာ ထွက်မလာရင် ကျွန်မ လက်ချောင်းတွေကို ဆက်ချိတ်ထားမိဦးမှာပါ။
ဒါဟာ လူနှစ်ယောက်ကြားက ကတိဆိုတာထက် ဘယ်လိုပြဿနာမျိုးမှ မဖြစ်စေရတော့ဘူးဆိုပြီး ကျွန်မတစ်ယောက်တည်း တစ်ဖက်သတ်ပေးတဲ့ကတိဆိုရင် ပိုမှန်ပါလိမ့်မယ်။
ချိတ်ထားတဲ့လက်တွေကို ဖယ်ခွါသွားတဲ့ဘုရင်ခံချုပ်က သူ့ထိုင်ခုံဆီကို ပြန်သွားလေရဲ့။
သူ့အကြည့်တွေကတော့ ကျွန်မပေါ်မှာသာ မြဲမြံလျက်ပါ။ ကျွန်မကလည်း ဘုရင်ခံချုပ်ကို လည်ပင်းကျိုးမတတ်မော့ကြည့်နေလိုက်တာပေါ့။
ဘုရင်ခံချုပ်က စိုးရိမ်ပူပန်နေဟန်အကြည့်တစ်ခုနဲ့ စကားစလာတယ်။
“ဒါပေမဲ့ ငါ့အထင်တော့ သူက အရမ်းသေးညှက်မနေဘူးလား”
ဘာလို့လဲဆိုတော့ ကျွန်မ အစာရေစာဝဝလင်လင်မစားခဲ့ရလို့လေ။
တကယ်ဆိုရင် ဂေဟာမှာတုန်းက ရွယ်တူတန်းတူတွေထက်တောင် ကျွန်မက ပိုသေး၊ပိုညှက်နေခဲ့တာပါ။
အဲ့လိုဆိုရင်တောင်မှ ကျွန်မကို အရိုးပေါ်အရေတင်လို့ပြောတဲ့လူတိုင်းကို ကျွန်မ လက်သီးစာကျွေးခဲ့သေးတာပါနော်။
ဒါပေမဲ့ ဘုရင်ခံချုပ်အက်(စ်)တင်ကိုတော့ ကျွန်မ မထိုးရဲပါဘူး။
ဟုတ်ပါတယ်။ ကျွန်မ သူ့ကို မယှဉ်နိုင်ဘူးလေ။
မဟုတ်ဘူး။ ကျွန်မ ဘယ်လောက်ပိန်ကပ်ပြီး သေးညှက်နေပါစေ။ ဒီလိုလေးလေးနက်နက်အမူအရာတွေ၊လေသံတွေနဲ့တော့ ဒါမျိုးမပြောသင့်ဘူးလေနော်။
တစ်ချက်ကြည့်ရုံနဲ့ ဘုရင်ခံချုပ်အက်(စ်)တင်ရဲ့လက်သီးဆုပ်က လူးကပ်(စ်)ထက် နှစ်ဆပိုကြီးမှန်း သိသာတယ်။ ကွန်လာမိသားစုဝင်တွေက သာမန်လူတွေထက် ပိုထွားတယ်လို့ ကျွန်မထင်တယ်။
မျက်လုံးနဲ့ဆံပင်အရောင်ကလွဲရင် မယ်ရီ့မှာ ကွန်လာမိသားစုဝင်ပီသတာမျိုးမရှိဘူး။
“မင်း အစားရောကောင်းကောင်းစားရဲ့လား”
“အခု သူက ယာဂုနဲ့အစာပျော့ပျော့လေးတွေပဲ စားလို့ရသေးတာ။ အခုကစပြီး စနစ်တကျစားသောက်ရတော့မှာပေါ့”
“မင်း များများစားမှဖြစ်မယ်။ ငါ့မှာ မင်းကိုထိလိုက်တာနဲ့ ကျိုးကြေသွားတော့မယ်လို့ စိတ်ထဲထင်နေတာ”
ကျွန်မ ကျိုးတော့မကျိုးကြေပါဘူးနော်။
ကျွန်မ ကိုယ့်လက်ကောက်ဝတ်ကို တစ်ချက်ကြည့်လိုက်မိတယ်။ ကောင်းပြီ။ ကြည့်ရတာ တံစို့ထိုးထားသလိုပဲ။
ကျွန်မ ကြွက်သားတွေ တောင့်တောင့်တင်းတင်းဖြစ်လာအောင် မြန်မြန်လုပ်မှဖြစ်မယ်။
လေ့ကျင့်ခန်းနည်းနည်းလောက် လုပ်လိုက်ရင်တော့ ကြွက်သားထွက်လာမယ်ထင်တယ်။
ခန္ဓာကိုယ်က ဒီလိုသေးသေးလေးဖြစ်နေတယ်ဆိုပေမဲ့ ဂေဟာမှာတုန်းက ကျွန်မ အပီအပြင်စားသောက်ခဲ့တာပါ။
ကျွန်မ လက်ကောက်ဝတ်ကို တစ်ချက်ပြန်ကြည့်လိုက်တော့ ဘုရင်ခံချုပ်ကလည်း ကျွန်မကို ငုံ့ကြည့်လာလေရဲ့။
သူ ကျွန်မကို ဒီလိုကြီးပဲကြည့်နေတော့မှာလား။
ကျွန်မမှာ ရှက်လွန်းလို့ လက်ပြန်ရုပ်လိုက်တဲ့အခါ ဂရုမစိုက်ဟန်အမူအရာနဲ့ ကျွန်မကိုကြည့်နေတဲ့ ဘုရင်ခံချုပ်ရဲ့ပါးစပ်က ပွင့်ဟလာတယ်။
“ငါ ဘာလို့ အခုမှရောက်လာရတာလဲလို့ မင်းမေးခဲ့တယ်နော်”
“…”
“ကြည့်ရတာ မင်းမမှတ်မိတော့ဘူးထင်တယ်”
“ကျွန်မကလား”
အဲ့ဒါကို ကျွန်မ လုံးဝမမှတ်မိတော့တာပါ။
ဘယ်တုန်းကများ ပြောခဲ့မိတာလဲ။ ရှင့်ကို လူကိုယ်တိုင်တွေ့ဖူးတာ ဒါ ပထမဆုံးအကြိမ်ပဲလေ။ မဟုတ်ဘူးလား။
သူ ဘယ်တော့များမှ လာမလဲဆိုတဲ့အကြောင်းကိုတော့ ကျွန်မတွေးထားခဲ့တယ်ဆိုပေမဲ့ အဲ့ဒီလိုအရိုအသေမဲ့တဲ့စကားတွေကို ကျွန်မ တကယ်ပြောခဲ့မိတာလား။
ကျွန်မ မှတ်ဉာဏ်တွေကို ပြန်ခေါ်ကြည့်လိုက်ပေမဲ့ အဲ့လိုပြောခဲ့တဲ့မှတ်ဉာဏ်မျိုး ခေါင်းထဲမှာ လုံးဝပေါ်မလာဘူး။
“သွားလို့ရပြီ”
ကျွန်မ ဇဝေဇဝါဖြစ်နေတာကိုမြင်တော့ ဘုရင်ခံချုပ်က ပခုံးတွန့်ပြပြီး ကျွန်မသွားလို့ရပြီဆိုတဲ့အကြောင်း ပြောလာတယ်။
နောက်ဆုံးတော့ မွန်းကျပ်ချင်စရာကောင်းတဲ့ ဒီနေရာကနေ လွတ်မြောက်တော့မယ်ဆိုတာ ယုံတောင်မယုံနိုင်ဘူး။
သူ့ကို ဖြစ်ကတတ်ဆန်းအရိုအသေပေးပြီးတဲ့နောက်မှာ ပြဿနာအသစ်တစ်ခုနဲ့ ရင်ဆိုင်ရပြန်တယ်။
ဘယ်လိုလှည့်ထွက်ရမှာလဲ။
သူက ကွန်လာမိသားစုရဲ့ခေါင်းဆောင်လည်း ဖြစ်သလို ဘုရင်ခံချုပ်လည်း ဖြစ်တယ်။ သူ့ကို နောက်ကျောပေးပြီး လှည့်ပြန်လို့ရပါ့မလား။
ရာဇဝင်ဇာတ်လမ်းထဲမှာဆိုရင် နောက်ပြန်လမ်းလျှောက်ရင်း ထွက်သွားရတာလေ။
ခဏလောက်ချင့်ချိန်စဉ်းစားပြီးတဲ့နောက်မှာ ကျွန်မလည်း ညာဘက်ခြေထောက်ကို နောက်ပြန်ဆန့်ထုတ်လိုက်တယ်။
“မင်း..ဘာလုပ်နေတာလဲ”
ကျွန်မ တံခါးနားကို သတိကြီးကြီးထားပြီး နောက်ပြန်ဆုတ်နေတော့ လူးကပ်(စ်)က စူးစမ်းလိုဟန်လေသံနဲ့ မေးတယ်။
ကျွန်မကို အပြင်ထွက်လို့ရပြီဆိုတဲ့အကြောင်း ပြောပြီးကတည်းက ပြတင်းပေါက်ကိုပဲ စိုက်ကြည့်နေတဲ့ ဘုရင်ခံချုပ်ကလည်း လူးကပ်(စ်)ရဲ့စကားကိုကြားတော့ ကျွန်မကိုလှည့်ကြည့်လာတယ်။
ကျွန်မ ဒီလိုပုံစံနဲ့မတ်တတ်ရပ်နေတာကိုမြင်တော့ ဘုရင်ခံချုပ်ရဲ့အမူအရာက နည်းနည်းပြောင်းလဲသွားတယ်။
“ကျွန်မ အပြင်ထွက်မလို့လေ”
“ဒါပေမဲ့ ဘာလို့ အဲ့လိုပုံစံကြီးလုပ်နေတာလဲ”
“ကျွန်မ ကျောပေးပြီးမထွက်သင့်ဘူးလို့ထင်လို့လေ”
ရှက်ဖို့ကောင်းလိုက်တာ..
ကျွန်မ သိပ်ရှက်တာပဲ။
ဘာရယ်လို့ ရေရေရာရာမသိပေမဲ့ လူးကပ်(စ်)ရဲ့အမူအရာကိုကြည့်ရုံနဲ့တင် ကျွန်မပြောလိုက်တဲ့စကားက သိပ်ရှက်ဖို့ကောင်းမှန်း သဘောပေါက်လိုက်တယ်။
အကြောင်သားဖြစ်သွားတဲ့ ဘုရင်ခံချုပ်ကလည်း လက်မြှောက်ပြီး ပါးစပ်ကိုအုပ်လိုက်လေရဲ့။
“ဟားဟားဟား.. အဲ့ဒါကြောင့် မင်း နောက်ပြန်လမ်းလျှောက်နေတာလား”
“အိုး.. ဟုတ်တယ်။ အဲ့ဒါက”
“ကွန်လာမိသားစုဝင် ပီသပါပေတယ်။ ရန်သူကို အမြဲတမ်းသတိရှိနေတာပဲ”
ဗိုက်နှိပ်ပြီးတော့ကို ဟားတိုက်ရယ်မောနေတဲ့လူးကပ်(စ်)ကို ဘုရင်ခံချုပ်က နောက်စေ့ဖြတ်ရိုက်လိုက်တယ်။
ကျွန်မလည်း တစ်ချိန်လုံး အဲ့လိုလုပ်ချင်နေတာမို့ စိတ်ထဲ ပေါ့သွားတာပဲ။
“တော်တော့”
“အိုး.. သိပါပြီ”
လူးကပ်(စ်)ပြောဖူးတာတော့ သူနဲ့ဘုရင်ခံချုပ်က ဆွေမျိုးနည်းနည်းဝေးတယ်ဆိုသလားလို့။
ကျွန်မကြားထားသလောက်ကတော့ သူတို့နှစ်ယောက်က အတူတူကြီးပြင်းလာခဲ့ကြတာတဲ့။ ဒါကြောင့်ပဲ ဘုရင်ခံချုပ်က လူးကပ်(စ်)နဲ့ဆိုရင် သက်သောင့်သက်သာဖြစ်နေတာနေမယ်။
“ငါတို့ အပြင်ထွက်ကြတော့မလား”
လူးကပ်(စ်)က ကျွန်မပခုံးကို ဆွဲလှည့်ပြီး တံခါးဘက်ကို မျက်နှာမူခိုင်းလိုက်တယ်။
အာ.. ဒီလိုလှည့်ပြန်လည်း ရတာပဲလား။
ကျွန်မလည်း လူးကပ်(စ်)နောက်ကနေ တွန့်ဆုတ်တွန့်ဆုတ်နဲ့လိုက်သွားလိုက်တယ်။ အဲ့ဒီအချိန်မှာပဲ ဘုရင်ခံချုပ်က ခပ်နိမ့်နိမ့်အသံနဲ့ ခေါ်လာတယ်။
ကျွန်မကောင်းကောင်းမွန်မွန်လမ်းလျှောက်နေရာကနေ ပခုံးလေးတွေ တုန်ယင်သွားတဲ့အတွက် လူးကပ်(စ်)က ကျွန်မပခုံးကိုပုတ်ပေးပြီး စိတ်မပူဖို့နှစ်သိမ့်ပေးရှာတယ်။
“လူးကပ်(စ်) မင်းက ဘာလို့ထွက်သွားမှာလဲ”
“ဘာလဲ”
ဘယ်လို.. ကျွန်မ သိပ်ကြောက်မနေသင့်ဘူး။
လူးကပ်(စ်)က တစ်ပတ်ပြန်လှည့်ပြီး ကျွန်မပခုံးကိုကိုင်ထားရင်း တအံ့တသြမေးခွန်းထုတ်လိုက်တယ်။
“ငါကရော အစည်းအဝေးတက်ရဦးမှာလား”
“ဘယ်တုန်းကရော မတက်ဘဲနေရလို့လဲ”
ကျွန်မနဲ့အတူထွက်သွားချင်ယောင်ဆောင်ပြီး သူ ဟော်ကီသွားကစားဖို့ ကြိုးစားနေတာပဲဖြစ်မယ်။
ရှင်က ကျွန်မကိုခုတုံးလုပ်နေတယ်ဆိုတာ ယုံတောင်မယုံနိုင်ဘူး။
ကျွန်မလည်း လူးကပ်(စ်)နဲ့ ဘုရင်ခံချုပ်ကို အရိုအသေပေးပြီး အပြင်ထွက်လာခဲ့လိုက်တယ်။
ကျွန်မလည်း အခုမှပဲ အသက်ဝဝရှူရဲတော့တယ်။
နောက်ဆုံးတော့ ပြီးသွားပြီ။
ပထမဆုံးတွေ့ဆုံမှုက သိပ်မဆိုးလှတဲ့အတွက် ကံကောင်းလိုက်တာလို့တော့ ကျွန်မတွေးမိလိုက်တယ်။
ကျွန်မ အပြင်လည်းထွက်လာရော ကျွန်မထွက်လာတာကိုစောင့်နေပုံရတဲ့ ပိုနီတာ့ကိုမြင်လိုက်ရတယ်။
ပိုနီတာ့ကိုမြင်တော့ ကျွန်မ စိတ်အေးလက်အေးဖြစ်သွားပြီး သူ(မ)ကို ပွေ့ဖက်ပစ်လိုက်တော့တယ်။
ပိုနီတာကလည်း ကျွန်မကို ကြင်ကြင်နာနာစိုက်ကြည့်ပြီး နောက်ကျောကိုပုတ်ပေးလေရဲ့။
“တွေ့လား”
“ဘာကိုလဲ”
“မင်းက သူ့သမီးဖြစ်နေတဲ့အတွက် သူနဲ့အဆင်ပြေဖို့က သိပ်မခက်ခဲပါဘူး”
စဉ်းစားကြည့်လိုက်ရင် အခန်းထဲမှာ ရှိနေတုန်းက ကျွန်မ စိတ်ပိုင်းဆိုင်ရာခြောက်လှန့်ခံနေရပေမဲ့ မွန်းကျပ်ပြီး ပင်ပန်းတာမျိုးတော့ မခံစားမိဘူး။
ပိုနီတာ့ရဲ့စကားကို ကျွန်မခေါင်းညိတ်ပြီး ထောက်ခံလိုက်တယ်။
ဟုတ်တာပေါ့။ သူက ကျွန်မအဖေပဲ။
[email protected]
ထပ်တင်ပေးပါအုံးနော်