Chapter 104

အခန်း(၁၀၄) သူက သူ(မ)ကို အကြွင်းမဲ့ယုံကြည်တယ်
ပေချင်းချင်း တစ်ကိုယ်လုံး တုန်ရီနေပြီး အရမ်းစိတ်တိုနေမိတယ်။ သူ(မ) စစိတ်ငြိမ်အောင်အကောင်းဆုံးကြိုးစားကာ စန်းဟုန်မေ့နဲ့ ပေယွင်စုန့်တို့ကို အေးစက်စွာကြည့်ပြီး ပြောလိုက်တယ်။ “ကျွန်မထပ်ပြောလိုက်မယ်။ ကျွန်မ သူ(မ)ကို ထိခိုက်စေဖို့ လုံးဝမရည်ရွယ်ခဲ့ဘူး။”
“နင်ငါတို့ကို မုန်းနေတယ်ဆိုရင်လည်း ငါတို့ကိုလာလုပ်ပါလား။ ငါတို့က အသက်ကြီးနေပြီ။ ငါတို့ အသက်မရှင်ရလည်း ဘာမှမဖြစ်ဘူး။ ငါတို့တစ်ခုပဲ တောင်းဆိုချင်တယ်။ ပေပေ့ကိုတော့ လွှတ်ပေးပါ။” စန်းဟုန်မေ့က မျက်ရည်တွေ အပြည့်နဲ့ပြောလိုက်တယ်။
ဘေးကဝိုင်းကြည့်နေကြတဲ့သူတွေက စန်းဟုန်မေ့ အဲ့ဒီလိုဖြစ်နေတာကိုမြင်တော့ လှုပ်လှုပ်ရှားရှားဖြစ်သွားကြတယ်။ တစ်ယောက်ပြီးတစ်ယောက် ပေချင်းချင်းကို အပြစ်တင်လာကြတယ်။
“သူ(မ)က တကယ်ပဲ သူ(မ)ညီမလေးကို ဒီလိုလုပ်ရက်တယ်နော်။ တကယ်ကို နှလုံးသားမရှိတာပဲ။”
“သူ(မ)က အပြစ်မရှိဘူးဆိုရင်ရော ဘယ်လိုလုပ်မလဲ။”
“ဓားနဲ့ သူ(မ)ညီမလေးဗိုက်ကို ထိုးပြီးပြီလေ။ ဘယ်လိုလုပ် အပြစ်မရှိဘူးဆိုတာ ဖြစ်နိုင်မှာလဲ။”
ပေယွင်စုန့်က ပေချင်းချင်းအနားကို လျှောက်လာတယ်။ အဲ့ဒီနောက် သူက ခက်ထန်တဲ့မျက်နှာထားနဲ့ ပေချင်းချင်းကိုကြည့်ပြီး သူ့ရဲ့လက်ကို မြှောက်လိုက်တယ်။
သူ သူ(မ)ရိုက်ဖို့ လုပ်လိုက်တဲ့အချိန်မှာပဲ ချန်ကျားကျီက ပေယွင်စုန့်ရဲ့လက်ကို ဆုပ်ကိုင်ပြီး အေးစက်စွာကြည့်လိုက်တယ်။ “မစ္စတာပေ။ ခင်ဗျားရဲ့ စကားလုံးတွေနဲ့ အပြုအမူတွေကို ပြန်ဆင်ခြင်လိုက်ပါဦး။ ခင်ဗျားရိုက်ဖို့လုပ်နေတာ ကျွန်တော့်မိန်းမနော်။”
“သူ(မ)က မင်းမိန်းမမဟုတ်ဘူး။ သူ(မ)က လူသတ်သမား။ သူ(မ)က ငါ့သမီးလေးကို သတ်ဖို့ကြိုးစားခဲ့တာကွ။” ပေယွင်စုန့်က ပေချင်းချင်းကို ကြည့်ပြီး ပြောလိုက်တယ်။ “ဒါက ပြစ်မှုတစ်ခုပဲ။ သူ(မ)က သူ(မ)လေးကို အန္တာရာယ်ပေးဖို့တောင် သတ္တိရှိတယ်။”
ပေယွင်စုန့်က ပေချင်းချင်းကို လက်ညှိုးထိုးပြီးတော့ သူ့ရဲ့အသံကို အမြင့်ဆုံးထိရောက်အောင် ပြောလိုက်တယ်။ “ပေချင်းချင်း။ နင်က လူမှဟုတ်သေးရဲ့လား။ ဘယ်လိုလုပ် ဒီလိုကိစ္စမျိုးကိုလုပ်နိုင်ရတာလဲ။”
“ပေချင်းချင်း။ ငါ အရင်က စည်းကျော်ခဲ့မိတယ်ဆိုတာကို ငါဝန်ခံပါတယ်။ ဒါပေမဲ့ ငါနင့်ကို ဘာမှမလုပ်ခဲ့ဘူးလေ။ နင့်ရဲ့ဒေါသတွေကို ဘာလို့ ပေပေ့အပေါ်ကို ပုံချတာလဲ။ သူ(မ)က အပြစ်ကင်းပါတယ်။ သူ(မ)ဗိုက်ထဲကလေးလေးက ပိုပြီးတော့တောင် အပြစ်ကင်းသေးတယ်။” ချန်ကျန်းကျီကလည်း ပေချင်းချင်းကို ကြည့်ပြီး အံကိုကြိတ်ကာ နာကြည်းစွာ ပြောလိုက်တယ်။
“နင်ငါ့ကို မုန်းတယ်။ နင်ငါ့ကို သတ်ပဲသတ်ချင် သတ်ချင် ဓားနဲ့ပဲ လှီးချင် လှီးချင် နင်စိတ်တိုင်းကျ ငါလိုက်နာပါ့မယ်။ ဘာလို့များ ပေပေ့ကို နာကျင်အောင်လုပ်ရတာလဲ။ သူ(မ)က ကိုယ်ဝန်သည်တစ်ယောက်ပါ။ သူ(မ)က နင့်ကိုလည်း ထပ်ပြီး မခြိမ်းခြောက်နိုင်တော့တာကို။ နင်က ဘာများထပ်ပြီး လိုချင်နေသေးတာလဲ။” စန်းဟုန်မေ့ကပါ ကြားဖြတ်ပြီး ဝင်ပြောလာတယ်။
ပေချင်းချင်းက သူတို့တွေရဲ့ အမူအရာတစ်ခုချင်းစီကို အေးစက်စွာကြည့်လိုက်တယ်။
အခုအချိန်ထိ သူ(မ) ချောက်ချခံနေရတာကို သဘောမပေါက်သေးဘူးဆိုရင် သူ(မ)က တော်တော်တုံးအတဲ့လူဖြစ်သွားလိမ့်မယ်။
ပေပေ ဒီနေရာမှာ ပေါ်လာတာက တိုက်ဆိုင်မှုတော့မဖြစ်နိုင်ဘူး။
ပေပေနဲ့အနီးစပ်ဆုံးလူသုံးယောက်က မတော်မဆဖြစ်ပြီးပြီးချင်း သူ(မ)ကို ဘာလို့ချက်ချင်း စွပ်စွဲနေရတာလဲ။
ခဏလောက် တုန်လှုပ်သွားပြီးတော့ ပေချင်းချင်း အကြာကြီး ငြိမ်သက်သွားတယ်။
အဲ့ဒီအချိန်မှာ လူအုပ်ကြီးက ဆူညံလာတယ်။ လူတိုင်းက ဒီကိစ္စကို ဝိုင်းပြီး လက်ညှိုးထိုးနေကြတယ်။
ပေချင်းချင်းရဲ့ငြိမ်သက်မှုနဲ့ယှဥ်လိုက်ရင် သူ(မ)ဘေးက လူတွေက တော်တော်လေး ဆူညံနေကြတယ်။
“ဒီပေချင်းချင်းက ဖြူစင်ပြီး အပြစ်ကင်းတဲ့ပုံစံလေးပါ။ ဘယ်လိုလုပ် ဒီလိုကြောက်စရာကောင်းတဲ့ကိစ္စမျိုးကို လုပ်နိုင်ရတာလဲ။”
“စာအုပ်တစ်အုပ်ကို အဖုံးနဲ့ အကဲဖြတ်လို့မရဘူးလေ။ ဘာပဲဖြစ်ဖြစ် သူ့ညီမလေးက ကိုယ်ဝန်ကြီးနဲ့ဟာကို။ သူ(မ)နဲ့ချန်ကျားကျီတို့လက်ထပ်တာကို ဘယ်လိုမှ မခြိမ်းခြောက်နိုင်ပါဘူး။ အဲ့ဒါကို ဘာလို့ ဒီလိုကိစ္စမျိုးကို လုပ်နိုင်ရတာလဲ။ ဒါတော့ အရမ်းလွန်သွားပြီ။”
“တစ်ယောက်ယောက်က ငါ့ညီမကို ဒီလိုလုပ်ရင် ငါသူ့ကို သေချာပေါက် ထောင်ထဲပို့ပစ်မှာ။”
လူတိုင်းက သူ(မ)ကို မေးခွန်းထုတ်နေတာတွေ၊ ဆူပူနေတာတွေကို ကြားရတော့ ပေချင်းချင်း ကျောရိုးထဲထိ ချမ်းစိမ့်သွားတယ်။
အဲ့ဒိနောက် ပေချင်းချင်း ပေပေ့အနားကို တစ်လှမ်းချင်းလျှောက်သွားလိုက်ရင်း ပေပေ့ကိုကြည့်ပြီးတော့ အံကိုကြိတ်ကာ စကားလုံးတစ်လုံးချင်းစီကို ပီပီသသပြောလိုက်တယ်။ “ပေပေ နင့်ရည်ရွယ်ချက် အောင်မြင်သွားပြီ။ နင်ကျေနပ်ပြီလား။”
“နင်ဘာတွေပြောနေတာလဲ ငါနားမလည်ဘူး။” ပေပေက သူ(မ)ကိုကြည့်ကာ မျက်နှာတစ်ခုလုံး မျက်ရည်တွေနဲ့ ဖုံးလွှမ်းနေပြီး စိတ်ထိခိုက်နေတဲ့ အသံနဲ့ ပြောလာတယ်။ “ငါဘာများလုပ်ခဲ့လို့ နင်ငါ့ကို ဒီလောက်မုန်းနေရတာလဲ။”
“နင်က ဟန်ဆောင်နေတုန်းပဲနော်။” ပေချင်းချင်းက ပေါ့ပေါ့ပါးပါး ရယ်လိုက်ပေမဲ့ သူ(မ)မျက်လုံးထဲမှာ နွေးထွေးမှုအရိပ်အယောင်တွေ ရှိမနေဘူး။
“ပေပေ ငါနင့်ကို တစ်ခါတည်းပြောလိုက်မယ်။ ကိုယ်လုပ်ခဲ့တဲ့ကံကြမ္မာက ပြန်ပြီးနှိပ်စက်လိမ့်မယ်။ နင်ဒီနေ့လုပ်ခဲ့တဲ့ အရာတွေအားလုံးကို တစ်ချိန်ကျရင် နင်ပြန်ခံရလိမ့်မယ်။”
သူ(မ)က အဲ့ဒီလိုပြောပြီးတော့ စောင့်ကြည့်နေကြတဲ့ လူတိုင်းရဲ့ မျက်လုံးတွေအောက်မှာ ချန်ကျားကျီရဲ့လက်ကို ဆုပ်ကိုင်လိုက်ပြီး သေသေချာချာ မေးလိုက်တယ်။ “ချန်ကျားကျီ ဒါတွေက ကျွန်မနဲ့ဘာမှမပတ်သက်ဘူးလို့ပြောရင် ရှင် ကျွန်မကို ယုံကြည်ပေးမှာလား။”
သူက ပေချင်းချင်းကို စိတ်ပိုင်းဖြတ်ထားတဲ့အကြည့်နဲ့ကြည့်ပြီး ပြတ်ပြတ်သားသားပြောလာတယ်။ “မင်းက ဒီလိုကိစ္စမျိုးကို မလုပ်ဘူးဆိုတာ ကိုယ်ယုံကြည်တယ်။”
*****
Auroar Novel Translation Team