Chapter 106

အခန်း(၁၀၆) လူသတ်မှု ကျူးလွန်ခဲ့တယ်
ရဲစခန်းထဲတွင်
ပေချင်းချင်းက ပေစုတ်နေတဲ့ မင်္ဂလာဝတ်စုံကိုဝတ်ဆင်ထားပြီး သူ(မ)မျက်နှာမှာတော့ တည်ငြိမ်တဲ့အမူအရာတွေ ရှိနေခဲ့တယ်။
စစ်ဆေးရေးအခန်းထဲက မီးရောင်က မှောင်နေပေမဲ့ သူ(မ)လုံးဝကြောက်မနေခဲ့ဘူး။
ရဲအရာရှိက ထွက်ဆိုချက်ယူပြီးတော့ သူ(မ)ကိုကြည့်ရင်း ပြောလိုက်တယ်။ “မစ္စပေ ခင်ဗျားက ကျွန်တော်တွေ့ဖူးသမျှထဲမှာ အတည်ငြိမ်ဆုံးသတို့သမီးပဲ။”
ပေချင်းချင်းကလည်း ရဲအရာရှိကိုကြည့်ပြီးတော့ ပြန်ပြောလိုက်တယ်။ “ကျွန်မ တည်ငြိမ်နေတာတော့မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီကိစ္စတွေကို ကျွန်မလုပ်ခဲ့ဘူးဆိုတာ သေချာတယ်။ ပြီးတော့ ဘယ်မေးခွန်းကိုမှ ကျွန်မ မကြောက်ဘူး။”
ရဲအရာရှိက ခေါင်းညိတ်လိုက်ပြီးတော့ စစ်ဆေးရေးအခန်းထဲက ထွက်လာခဲ့တယ်။
သူ စစ်ဆေးရေးအခန်းထဲကနေ အပြင်ကိုရောက်တော့ မှတ်တမ်းတွေကို ရာအရာရှိဟောင်းဆီကို လွှဲပြောင်းပေးလိုက်တယ်။
ရဲအရာရှိဟောင်းက ဖြောင့်ချက်တွေရဲ့ အဓိကအချက်တွေ နှိုင်းယှဥ်ပြီးတော့ ပြောလိုက်တယ်။ “အရေးကြီးဆုံး မျက်မြင်သက်သေတော့ မတွေ့ရဘူး။”
“မျက်မြင်သက်သေမတွေ့ဘူးလို့တော့ မဟုတ်ဘူး။ ဒါပေမဲ့ အဲ့ဒီနေရာမှာ စောင့်ကြည့်ကင်မရာတွေ မရှိတာက ပျော့ကွက်ဖြစ်သွားတယ်။ ငါတို့ သူတို့ပြောတဲ့စကားတွေကနေပဲ ဘယ်သူက လိမ်နေလဲဆိုတာ ခွဲခြားနိုင်မှာ။”
“အိုက်ယား၊ ဒါက တကယ်ကို ရှုပ်ထွေးတဲ့ပြဿနာပဲ။” ရဲအရှိတစ်ဦးက ခေါင်းကိုယမ်းပြီးတော့ ပြောလိုက်တယ်။ “သူတို့နှစ်ယောက်လုံးက အမှန်တွေပဲပြောနေတာလို့ ကျွန်တော်ခံစားမိတယ်။ ဒါပေမဲ့ အကုန်လုံးတော့ အမှန်မဟုတ်ဘူး။”
ရဲအရာရှိဟောင်းက လေးလေးနက်နက်တွေးပြီးတော့ ပြန်ပြောလိုက်တယ်။ “ငါထင်တာတော့ ပေပေလို့ခေါ်တဲ့ နစ်နာသူက လိမ်နေတယ်လို့ထင်တယ်။”
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။” ရဲအရာရှိက ရဲအရာရှိဟောင်းကို မယုံကြည်နိုင်စွာနဲ့ကြည့်ပြီး ပြန်ပြောလိုက်တယ်။ “သူ(မ)က နစ်နာသူလေ။ ဘယ်လိုလုပ်လိမ်ပြောမှာလဲ။”
“သူ(မ)ကနစ်နာသူဖြစ်တာကြောင့် ပေချင်းချင်းကို လုပ်ကြံဖို့ ပိုပြီးဖြစ်နိုင်တယ်။ ဒီအမှုရဲ့ အရေးကြီးတဲ့ ထွက်ဆိုချက်တချို့ကို ငါသေသေချာ ကြည့်ခဲ့ပြီးပြီ။ ဓားရိုးပေါ်က လက်ဗွေရာတွေ၊ ဦးတည်ချက်တွေနဲ့ ပေချင်းချင်းပြောတာတွေကို နှိုင်းယှဥ်ကြည့်ပြီးပြီ။”
“ဆရာဆိုလိုတာက…” ရဲအရာရှိက အရာရှိဟောင်းကိုကြည့်ပြီး ပြောလိုက်တယ်။ “ပေချင်းချင်းက ချောက်ချခံရတာပေါ့။”
“အခုနေတော့ ပြောဖို့ခက်တယ်။ အရေးကြီးတဲ့သက်သေရှိရင် အကောင်းဆုံးပဲ။”
အဲ့ဒီအချိန်မှာ သတင်းမီဒီယာအဖွဲ့က ရဲစခန်းရဲ့အပြင်ဘက်မှာ ရပ်နေကြတယ်။
ပေပေ ဒဏ်ရာရတဲ့အကြောင်း သူတို့သတင်းရတဲ့အတွက် ချက်ချင်းပဲ ရဲစခန်းကို အပြေးအလွှားရောက်လာခဲ့ကြတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး အငြင်းပွားနေကြတာတွေကလည်း အင်တာနက်မှာ ဆူညံပွက်လောရိုက်နေကြတယ်။
တချို့လူတွေက ပေပေ့ကို ထောက်ခံကြပြီး တချို့လူတွေက ပေချင်းချင်းကို ထောက်ခံကြတယ်။ လူတိုင်းမှာ သူတို့ရဲ့ကိုယ်ပိုင်ငြင်းခုန်မှုတွေရှိကြတယ်။
အဲ့ဒီအချိန်မှာ ဆေးရုံမှာ ပြန်သတိရလာပြီဖြစ်တဲ့ ပေပေက အထူးကြပ်မတ်ကုသဆောင်မှာ လှဲနေခဲ့တယ်။
စန်းဟုန်မေ့နဲ့ ပေယွင်စုန့်တို့က ပေပေ့ရဲ့ဘေးမှာ နေပေးနေကြတယ်။ သူ(မ)နိုးလာတာကို မြင်တော့မှ သူတို့စိတ်သက်သာရာရပြီး သက်ပြင်းချကာ ပြောလိုက်တယ်။ “မေမေ့ကို လန့်အောင်လုပ်နေတာပဲ။ နောက်တစ်နာရီလောက်မှ သတိရမယ်လို့ မေမေထင်နေတာ။”
စန်းဟုန်မေ့က ပေပေ့ကိုကြည့်ပြီး စိုးရိမ်နေတဲ့ အမူအရာနဲ့ပြောလိုက်တယ်။ “ဒီလိုအန္တရာယ်များတဲ့ကိစ္စမျိုးကို နောက်တစ်ခါမလုပ်နဲ့တော့နော်။ မေမေ့ကို သေအောင်လုပ်နေတာပဲ။”
ပေပေက စန်းဟုန်မေ့ကို အေးတိအေးစက်နဲ့ကြည့်ပြီး ပြောလိုက်တယ်။ “မေမေဘာလို့ ဒီလောက်ကြောက်နေရတာလဲ။ ဒီနေ့ ဒီလိုမလုပ်ဘူးဆိုရင် ပေချင်းချင်းလည်း အဖမ်းခံရမှာမဟုတ်ဘူး။”
“ဒါပေမဲ့ သမီးကိုယ်သမီး ဂရုစိုက်ဦး။ သမီးရဲ့ဗိုက်ကိုကြည့်ဦးလေ။ တစ်ခုခုဖြစ်သွားရင် အရာအားလုံးဆုံးရှုံးရမှာမဟုတ်ဘူးလား။” စန်းဟုန်မေ့ ပေပေ့ကို ကြင်နာစွာကြည့်ပြီး ပြောလိုက်တယ်။ “အဲ့ဒါဆို မတန်တော့ဘူး။”
“ဘာမှမတန်ဘူးဆိုတာမရှိဘူး။ သမီးနဲ့ထိုက်တန်တဲ့အရာအားလုံးကို သူ(မ)က ယူသွားခဲ့တာ။ သူ(မ)ကို ပြန်ပေးဆပ်စေချင်တယ်။” ပေပေက အံကိုကြိတ်ပြီး ပြောလိုက်တယ်။
အဲ့ဒီအချိန်မှာ ‘ချန်’အိမ်တော်တွင်
ကြီးမားတဲ့ဗီလာကြီးထဲမှာ တိမ်တွေက မှုန်မှိုင်းအုံ့ဆိုင်းနေခဲ့တယ်။
လီရိလန် ဘာမှမပြောနိုင်တော့ဘူး။ သူ(မ)က ဘေးကနေ သက်ပြင်းတွေချနေခဲ့တယ်။
ချန်ကျန်းကျီရဲ့မျက်နှာပေါ်မှာတော့ ကျေနပ်နေတဲ့အရိပ်အယောင်တွေ ရှိနေခဲ့တယ်။ “မေမေ။ ကိစ္စတွေ အဆုံးထိဖြစ်ပြီးသွားပြီ။ မေမေက အဲ့ဒီလင်မယားကို အခုထိကာကွယ်ပေးနေတုန်းပဲလား။”
ချန်ကျန်းကျီက မကျေမနပ်နဲ့ “ဘာဖြစ်ခဲ့လဲဆိုတာ ကြည့်လိုက်ဦး။ ဒါလူသတ်မှု။ လူသတ်မှုကို တစ်စုံတစ်ယောက်ရဲ့ဘဝနဲ့ ပြန်ပေးဆပ်ရမယ်။”
“သူ(မ)က သေသွားပြီလား။” လီရိလန်က ချန်ကျန်းကျီကို ကြည့်ပြီး မေးလိုက်တယ်။ “မင်းချစ်သူက အသက်ရှင်နေပြီး နေကောင်းနေတုန်းပဲ။ တစ်ယောက်ယောက်ကို တကယ် သတ်ခဲ့တယ်ဆိုမှ ချင်းချင်းက လူသတ်မှုကျူးလွန်တယ်လို့ ယူဆလို့ရတာ။”
“မေမေ။ မေမေကဘာလို့ အမြဲတမ်း အစ်ကိုကြီးကို ဘက်လိုက်နေရတာလဲ။” ချန်ကျန်းကျီ တော်တော်လေး မကျေမနပ်ဖြစ်သွားတယ်။
“တော်လိုက်တော့။ ငြင်းခုန်နေတာတွေ ရပ်လိုက်တော့။”
*****
Aurora Novel Translation team