Chapter 110

အခန်း(၁၁၀) သူ(မ) စိတ်မကောင်းဖြစ်နေတယ်
ချန်ကျားကျီနဲ့ပေချင်းချင်းတို့ သူတို့ရဲ့ကိုယ်ပိုင်အိမ်လေးကိုပြန်ရောက်တော့ သူတို့ဝတ်စုံတွေကို ချက်ချင်းပဲ ချွတ်ပစ်လိုက်တယ်။
ရဲစခန်းထဲက စိတ်ပျက်စရာခံစားချက်ကြောင့် သူတို့နှစ်ယောက်ကြားက စိတ်ဆန္ဒတွေကို ပြင်းပြင်းထန်ထန်လှုံ့ဆော်ပေးလိုက်တာလည်း ဖြစ်နိုင်တယ်။
နှစ်ယောက်သား နောက်တစ်နေ့မနက်အထိ ဧည့်ခန်းကနေ အိပ်ခန်းထဲအထိ ပျော်ရွှင်ခဲ့ကြတယ်။
ဒီည ပေချင်းချင်း အရမ်းပင်ပန်းနေတယ်။
မနေ့က သူ(မ)ရဲ့မင်္ဂလာပွဲနေ့ပဲ။ တိုးတောင်းလှတဲ့ ၂၄ နာရီအတွင်းမှာ မတော်မဆတွေ အများကြီးဖြစ်သွားခဲ့တယ်။ မမျှော်လင့်ထားတဲ့အရာတွေ ဖြစ်သွားခဲ့တယ်။
သူ(မ) အိပ်ရာကနေ ထလိုက်ပြီး မနေ့ညက ချန်ကျားကျီနဲ့ သူ(မ)ကြားက အတွင်းကျကျဆက်ဆံရေးကို ပြန်တွေးရင်း ရုတ်တရက် သူ(မ)မျက်နှာကနေ လည်ပင်းအထိ နီရဲသွားတယ်။
သူတို့နှစ်ယောက်ကြားမှာ ဒီလိုအတွင်းကျကျဆက်ဆံရေးက ပထမဆုံးအကြိမ်တော့မဟုတ်ပေမဲ့လည်း ပေချင်းချင်းအနေနဲ့ နည်းနည်းရှက်နေသေးတယ်။
ချန်ကျားကျီက ဧည့်ခန်းထဲမှာ မနက်စာပြင်ဆင်နေတယ်။ သူ(မ) အင်္ကျီဝတ်ပြီး မနက်စာသွားစားဖို့ပြင်လိုက်တဲ့အချိန်မှာပဲ သူ(မ)ဖုန်းက ထမြည်လာတယ်။ ဖုန်းထဲက မက်ဆေ့ကို တစ်ချက်ကြည့်လိုက်မိတော့ သူ(မ) နေရာမှာတင် အေးခဲသွားခဲ့တယ်။
ဖုန်းထဲမှာ စာတိုပေါင်း မြောက်မြားစွာဝင်လာပြီး အဲ့ဒါတွေအားလုံးက မနေ့ညက သူ(မ)ရဲ့လူသတ်မှုနဲ့ပတ်သက်နေတယ်။
မနေ့က ပြဿနာကို လုံးဝရှင်းရှင်းလင်းလင်း ဖြေရှင်းပြီးသွားပါပြီ။ ဒါပေမဲ့ မီဒီယာတွေက သူ(မ)ကို လွှတ်ပေးစေချင်တဲ့ပုံမပေါ်ဘူး။ ပြီးတော့ အမြတ်ထုတ်ဖို့ရော attention ရဖို့အတွက်ပါ မနေ့ကဖြစ်ပျက်ခဲ့ကိစ္စကို တမင်သက်သက်ချဲ့ကားနေတုန်းပဲ။
ပေချင်းချင်း သတင်းကိုကြည့်ပြီး သူ(မ)တစ်ကိုယ်လုံး တဆတ်ဆတ်တုန်သွားခဲ့တယ်။
အင်တာနက်အသုံးပြုသူတွေရဲ့ comment တွေက တော်တော်လေး လူမဆန်ဘူး။
ပေချင်းချင်း အသက်ရှူရတာ နည်းနည်းခက်ခဲလာတယ်။ ပတ်ဝန်းကျင်တစ်ခုလုံးက လည်နေသလို ခံစားလိုက်ရပြီး အသက်ရှုကျပ်လာတယ်။
cyber အကြမ်းဖက်မှုကို သူ(မ) လုံးဝမကြုံတွေ့ဖူးတာတော့မဟုတ်ပေမဲ့ ဒီတစ်ခါတော့ ပေချင်းချင်း တော်တော်လေး အဆင်ပြေမနေဘူး။
“ချင်းချင်းရေ မနက်စာလာစားတော့။ “ချန်ကျားကျီ အိပ်ခန်းထဲကိုဝင်လာပြီး လက်ပိုက်ကာ သူ(မ)ကိုကြည့်ရင်း နူးညံ့စွာပြုံးပြီး ပြောလိုက်တယ်။ “မင်းအကြိုက်ဆုံးမနက်စာကို ကိုယ်ပြင်ပေးထားတယ်။”
ပေချင်းချင်း ချန်ကျားကျီကို အကူအညီမဲ့နေတဲ့အမူအရာနဲ့ ကြည့်လိုက်မိတယ်။
ချန်ကျားကျီရဲ့အပြုံးတွေ ချက်ချင်း ရပ်တန့်သွားတယ်။ သူ(မ)ကို နှစ်သိမ့်ပေးဖို့ အနားကိုသွားပြီး စိုးရိမ်တကြီးနဲ့ မေးလိုက်တယ်။ “ဘာဖြစ်တာလဲ။ မင်းကိုကြည့်ရတာ ဘာလို့ဒီလောက်ဆိုးဝါးနေရတာလဲ။”
ပေချင်းချင်း တော်တော်လေး အားနည်းနေတယ်။ ချန်ကျားကျီကို မှီဖို့ ရှိသမျှအားတွေသုံးလိုက်ရသလိုမျိုးပဲ။ “ကျွန်မ ဘာမှမသိတော့ဘူး။ ကျွန်မကို ဘာမှထပ်မမေးပါနဲ့။”
ပေချင်းချင်းက သူ့ကိုမပြောပြချင်တာကိုကြည့်ပြီး ချန်ကျားကျီလည်း သူကိုယ်တိုင်အဖြေရှာဖို့ လုပ်လိုက်တယ်။
သူ ပေချင်းချင်းလက်ဘေးကဖုန်းကို တစ်ချက်ကြည့်လိုက်ပြီး ဖုန်းထဲက News feed ကို ကြည့်လိုက်တယ်။ တစ်ဝက်ကျော်ကျော်လောက်နဲ့ သူ ချက်ချင်း သဘောပေါက်သွားတယ်။
“ဒီကိစ္စတွေကို ကိုယ်ကြည့်စီစဥ်လိုက်မယ်။ အရမ်းကြီးစိတ်ပူမနေပါနဲ့။ မင်းနာမည်ကို ရှင်းသွားအောင် ကိုယ်လုပ်ပေးမယ်။” ချန်ကျားကျီက ပေချင်းချင်းရဲ့ မျက်နှာလေးကို ကိုင်ပြီး နူးညံ့စွာပြောလိုက်တယ်။ “ကိုယ်တောင်းပန်ပါတယ်။ ဒီလိုမျိုးကောလာဟလတွေကို အပြောခံနေရတာ ကိုယ့်အမှားတွေပါ။”
ပေချင်းချင်း ခက်ခဲစွာပြုံးလိုက်ပြီး ချန်ကျားကျီကိုကြည့်ရင်း ပြောလိုက်တယ်။ “ဒီလိုမျိုး ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့။ မနေ့ညက ရှင့်ကြောင့်သာမဟုတ်ရင် ကျွန်မ သူတို့ကြံစည်တာကို ဘယ်လောက်ကြာကြာခံနေရဦးမလဲမသိဘူး။”
“အများကြီး မစဥ်းစားနဲ့တော့။ တစ်ခုခုသွားစားမယ်။ မင်း မနေ့ညကတည်းက ဘာမှမစားရသေးဘူး။ တစ်ခုခုမစားထားရင် မင်း လဲကျသွားလိမ့်မယ်။” ချန်ကျားကျီက ပေးချင်းချင်းရဲ့လက်ကိုကိုင်ကာ ပြောလိုက်ပြီး အောက်ထပ်ကို ဆင်းလာခဲ့တယ်။
ပေချင်းချင်းလည်း ချန်ကျားကျီနောက်ကနေ ထမင်းစားခန်းထဲကို အေးအေးဆေးဆေးလိုက်လာခဲ့တယ်။
ထမင်းစားခန်းထဲက စားပွဲဝိုင်းပေါ်မှာ မျက်စိကျိန်းလောက်အောင် မနက်စာဟင်းလျာတွေ ခင်းကျင်းထားပြီးတော့ ဟင်းတွေအကုန်လုံးက အရမ်းအရသာရှိတယ်။ အနံ့တွေကလည်း အရမ်းဆွဲဆောင်မှုရှိပြီးတော့ စားချင်စိတ်ကို တိုးစေတယ်။
ပေချင်းချင်းတစ်ယောက် အခုအချိန်မှာ စိတ်ခံစားချက်မကောင်းတာတောင် အရသာရှိတဲ့ အစားအသောက်တွေကိုမြင်တော့ မကောင်းတဲ့စိတ်ခံစားချက်တွေကို စိတ်ထဲမထားနိုင်တော့ဘူး။
သူ(မ) ထမင်းစားပွဲရှေ့မှာထိုင်လိုက်ပြီး ကြက်ထမင်းပေါင်းကို ယူလိုက်တယ်။
ကြက်ထမင်းပေါင်းက အရမ်းမွှေးကြိုင်နေတယ်။ သူ(မ) တစ်လုတ်စားကြည့်လိုက်တယ်။ နူးညံ့တဲ့ကောက်ညင်းနဲ့ ကြက်သားအရည်ရဲ့အနံ့က သူ(မ)ပါးစပ်ထဲမှာ ပွင့်ထွက်သွားတယ်။
“အရမ်းကောင်းတာပဲ။”ပေချင်းချင်းက သူ(မ)လက်ထဲက အစားအစာကို စိုက်ကြည့်ပြီး အံ့အားသင့်စွာ ပြောလိုက်တယ်။
ချန်ကျားကျီကတော့ အစားအသောက်တွေကို အားရပါးရစားနေတဲ့ ပေချင်းချင်းကိုကြည့်ပြီး မထိန်းနိုင်ဘဲ ရယ်လိုက်တယ်။ “လောဘကြီးတဲ့ ကြောင်မလေးပဲ။”
ဒါပေမဲ့ နောက်တစ်စက္ကန့်လေးမှာပဲ ပေချင်းချင်းရဲ့အမူအရာက သိသိသာသာ ပြောင်းလဲသွားတယ်။ သူ(မ)ပါးစပ်ကိုအုပ်ပြီး ဘေးနားက ရေချိုးခန်းထဲကို အမြန်ပြေးသွားခဲ့တယ်။
*****
Aurora Novel Translation Team