Chapter 112
- Home
- All Mangas
- Their Substitute Marriage
- Chapter 112 - သူ(မ)က အဲ့ဒီလိုဆွေမျိုးတော်စပ်မှုမျိုးကို မလိုချင်ခဲ့ဘူး

အခန်း(၁၁၂) သူ(မ)က အဲ့ဒီလိုဆွေမျိုးတော်စပ်မှုမျိုးကို မလိုချင်ခဲ့ဘူး
ပေချင်းချင်းလည်း သူတို့နှစ်ယောက်ရဲ့ရှေ့မှာ ထိုင်လိုက်ပြီး သူတို့ကို အေးတိအေးစက်နဲ့ ကြည့်လိုက်တယ်။
ပေချင်းချင်းရဲ့နှလုံးသားထဲမှာ စန်းဟုန်မေ့က နူးညံ့သိမ်မွေ့တဲ့မိခင်တစ်ယောက် ဘယ်တုန်းကမှမဖြစ်ခဲ့ဖူးဘူး။ သူ(မ)က အမြဲတမ်း အော်ဟစ်ပြီးတော့ ခြိမ်းခြောက်နေခဲ့တာ။
“ကျွန်မ စိတ်ခံစားချက် ကောင်းမနေဘူး။ အဲ့ဒါကြောင့် ကျွန်မမှာသွားဖို့အချိန်မရှိဘူး။ တစ်ယောက်ယောက်ကို ဒူးထောက်စေချင်ရင် ကိုယ့်ဘာသာကိုသွားပြီး ဒူးထောက်လိုက်။ ကျွန်မမှာ အချိန်မရှိဘူး။” ပေချင်းချင်းက ဆိုဖာပေါ်ထိုင်ပြီး ပန်းသီးကို တစ်ကိုက်ကိုက်လိုက်တယ်။ သူ(မ)စကားကြောင့် စန်းဟုန်မေ့က မျက်လုံးပြူးသွားတယ်။
“နင့်ကြောင့် ပေပေက ကိုယ်ဝန်ပျက်ကျသွားပြီ။ သူ(မ) ဘယ်တော့မှ နောက်ထပ်ကလေးမရနိုင်တော့ဘူး။” စန်းဟုန်မေ့က သူ(မ)ကိုရန်သူတစ်ယောက်လိုမျိုး ကြည့်ပြီး ဒေါသတကြီးနဲ့ လက်ညှိုးထိုးလိုက်တယ်။ “ဒါတွေအကုန်လုံးက နင့်ကြောင့်ပဲ ခွေးမ။ ငါ့သမီးလေးကို ဘယ်တော့မှကလေးမရနိုင်အောင် လုပ်လိုက်တာ နင်ပဲ။”
“ကျွန်မကြောင့်လား ဒါမှမဟုတ် သူ(မ)နဲ့ထိုက်တန်တာလား။” ပေချင်းချင်းက စန်းဟုန်မေ့ကို စိတ်မရှည်တဲ့အကြည့်နဲ့ ကြည့်လိုက်တယ်။ “ဒီနေရာက ကျွန်မအိမ်။ ကျွန်မအိမ်ကနေ အခုချက်ချင်းထွက်သွား။ မဟုတ်ရင် ကျွန်မ အခုချက်ချင်းရဲကိုခေါ်ပြီး အိမ်ထဲကို ချိုးဖောက်ပြီးဝင်တယ်လို့ ပြောလိုက်မယ်။”
“ငါတို့က နင့်မိဘတွေနော်။ ဘယ်လိုလုပ် နင့်မိဘတွေကို ဒီလိုမျိုးဆက်ဆံရတာလဲ။” ပေယွင်စုန့်က ရှေ့ထွက်လာပြီး ပေချင်းချင်းကို ပါးရိုက်လိုက်တယ်။
ပါးရိုက်တာက အရမ်းမြန်ဆန်ပြီး ကြမ်းတမ်းတယ်။ ပေချင်းချင်း ရှောင်ချိန်မရလိုက်ဘဲ ပါးရိုက်ခံလိုက်ရတယ်။
သူ(မ)မျက်နှာတစ်ခုလုံး ပူထူသွားပြီး နှုတ်ခမ်းထောင့်တွေလည်း ပေါက်ပြဲသွားတဲ့ပုံပဲ။
သူ(မ)မျက်နှာကို မယုံကြည့်နိုင်စွာနဲ့ လက်နဲ့အုပ်ထားပြီး ပေယွင်စုန့်ကိုကြည့်ကာ ပြောလိုက်မိတယ်။ “အဖေ သမီးကိုရိုက်တယ်။”
ပေယွင်စုန့်က သူ(မ)ကို ဒေါသတကြီးနဲ့ လက်ညှိုးထိုးပြီး ခက်ခက်ထန်ထန် ပြောလိုက်တယ်။ “နင်က အရိုက်ခံရဖို့ပဲ တန်တယ်။ ငါနင့်ကို ဘာလို့များ မသတ်ပစ်ခဲ့မိတာပါလိမ့်။”
ပေချင်းချင်းလည်း သူ(မ)စိတ်ထဲက မကျေနပ်ချက်တွေ၊ ဒေါသတွေကို မျိုသိပ်ပြီး ပြန်ပြောလိုက်တယ်။ “ကျွန်မ ဘာအမှားလုပ်ခဲ့မိလို့ ကျွန်မကို ဒီလိုမျိုးဆက်ဆံရတာလဲ။”
“နင်က နင့်ညီမလေးနဲ့ ထိုက်တန်ရဲ့လားဆိုတာ နင့်ကိုယ်နင်ပြန်မေးကြည့်ဦး။ နင့်ကြောင့် နင့်ညီမလေးရဲ့ဂုဏ်သိက္ခာတွေ ပျက်စီးသွားရုံတင်မကဘူး အိမ်ထောင်မပြုရသေးဘဲ ကိုယ်ဝန်ရှိခဲ့တယ်။ အခု ကလေးကိုပါ ဆုံးရှုံးလိုက်ရပြီ။ အဲ့ဒါအပြင် သားအိမ်မှာလည်း ပြဿနာတစ်ခုဖြစ်သွားပြီ။ အနာဂတ်မှာ သူ(မ) ဘယ်တော့မှ ကလေးမွေးနိုင်တော့မှာမဟုတ်ဘူး။”
ပေယွင်စုန့်နဲ့စန်းဟုန်မေ့တို့ရဲ့စွပ်စွဲချက်တွေကိုနားထောင်ပြီး ပေချင်းချင်း အသံအကျယ်ကြီး အော်ရယ်လိုက်တယ်။ သူ(မ)ရဲ့ရယ်သံတွေမှာ စိတ်ပျက်မှုတွေ ပြည့်နှက်နေတယ်။
ရယ်ပြီးတော့ အံကိုကြိတ်ကာ သူ(မ)ရှေ့မှာရှိတဲ့ မိဘအရင်းလို့ခေါ်တဲ့သူတွေကို ကြည့်ပြီး ပြန်ပြောလိုက်တယ်။ “ပေပေရဲ့ကံဆိုးမှုတွေအားလုံးက ကျွန်မကြောင့်ဖြစ်လာတယ်ဆိုတာ ဖြစ်နိုင်လား ဒါမှမဟုတ် အဲ့ဒါကို သူ(မ)ကိုယ်တိုင် ယူလာတာ ဖြစ်နိုင်လား။”
“သူ(မ)အတွက် ဘယ်ဟာကကောင်းလဲဆိုတာသိရင် သူ(မ) ကျွန်မကို ထပ်ခါတလဲလဲ ရန်စနေမှာမဟုတ်ဘူး။” ပေချင်းချင်းက သူတို့နှစ်ယောက်ကိုကြည့်ရင်း မကြောက်မရွံ့နဲ့ ထပ်ပြောလိုက်တယ်။ “အဖေနဲ့အမေ ကျွန်မဒီနေ့ အဖေနဲ့အမေကို ဒီမှာခေါ်ထားတယ်ဆိုတာ ကျွန်မတို့ရဲ့ သွေးသားတော်စပ်မှုကြောင့်ပဲ။ ကျွန်မ အဖေတို့နဲ့ ပြိုင်ပြီးမပြောချင်တော့ဘူး။ အဲ့ဒါကြောင့် ကျွန်မ နောက်ထပ်အခွင့်အရေးတစ်ခု ထပ်ပေးမယ်။ အဖေတို့ ကျွန်မအိမ်ကိုလာပြီး ပြဿနာရှာနေမယ်ဆိုရင်တော့ ကျွန်မ ရဲကို သေချာပေါက်ခေါ်လိုက်တော့မယ်။”
အဲ့ဒါကိုကြားတော့ ပေယွင်စုန့်က ဒေါသတွေ ထွက်လာတယ်။ သူ့ရဲ့မျက်နှာက ဝက်အသည်းလိုပဲ နီရဲလာတယ်။ သူ ပေချင်းချင်းကို လက်ညှိုးထိုးပြီးတော့ ပြောလိုက်တယ်။ “အံ့သြစရာပဲ။ နင်က တကယ်ပဲ ကိုယ့်အဖေအရင်းကိုဖမ်းဖို့ ရဲခေါ်ချင်နေတယ်။ နင်က တကယ်ကို ပုန်ကန်နေတာပဲ။”
ပေချင်းချင်းက ပေယွင်စုန့်ရဲ့ တည်ငြိမ်မှုတွေပျောက်ဆုံးသွားတာကိုကြည့်ပြီး အရမ်းစိတ်ပျက်သွားတယ်။
ဘေးက အိမ်အကူကလည်း အရမ်းပါးနပ်တယ်။ သူ(မ)က ချက်ချင်းပဲ အောက်ထပ်က လုံခြုံရေးတွေကို သွားခေါ်လိုက်တယ်။ လုံခြုံရေးခေါင်းဆောင်က လုံခြုံရေးအစောင့်တွေကို အပေါ်ထပ်ကိုခေါ်လာပြီး စန်းဟုန်မေ့နဲ့ ပေယွင်စုန့်တို့ကို မောင်းထုတ်လိုက်တယ်။
“သခင်မလေး။ ဝမ်းနည်းမနေပါနဲ့။ လုံခြုံရေးကပြောတယ် သူတို့နှစ်ယောက်ကို နောက်တစ်ခါတွေ့ရင် အထဲကိုဝင်ခွင့်မပြုတော့ဘူးတဲ့။” အိမ်အကူက ပေချင်းချင်းကိုကြည့်ပြီး နှစ်သိမ့်ပေးလိုက်တယ်။
ပေချင်းချင်းက တစ်ဖက်လှည့်ပြီးတော့ အိမ်အကူရဲ့စိတ်ပူနေတဲ့မျက်နှာကိုကြည့်ရင်း တစ်ခုခုကိုမေးချင်လာမိတယ်။ “အန်တီက ကျွန်မအပေါ်ကို ဘာလို့ အရမ်းကောင်းနေရတာလဲ။”
“တုံးလိုက်တဲ့ကလေး။” အိမ်အကူက ရယ်လိုက်တယ်။ “သမီးရဲ့မိသားစုက အန်တီ့ကိုငှားထားတာလေ။ အဲ့ဒါကြောင့် ဒါက အန်တီလုပ်ရမဲ့တာဝန်ပဲ။ ဘယ်အိမ်အကူမဆို သမီးကိုကာကွယ်ပေးရမှာပေါ့။”
ပေချင်းချင်းရဲ့နှလုံးသားက အေးစက်သွားတယ်။ ယွမ်တစ်သောင်းထဲနဲ့ တစ်စုံတစ်ယောက်က သူ(မ)ကို အစွမ်းကုန် စောင့်ရှောက်ပေးတယ်။
ဒါပေမဲ့ သူ(မ)နဲ့သွေးသားတော်စပ်တဲ့ အမျိုးသားနဲ့ အမျိုးသမီးနှစ်ယောက်ကတော့ သူ(မ)ကို မကျေမနပ်ဖြစ်နေတဲ့ သားရဲတွေလိုပဲ။ သူ(မ)ဘယ်လိုပဲ ကြိုးစားကြိုးစား သူတို့ဆီက နွေးထွေးတဲ့အကြည့်လေးတစ်ချက်တောင် မရခဲ့ဘူး။
ထားလိုက်ပါတော့။ သူ(မ) အဲ့ဒါကိုမရနိုင်လည်း သူ(မ)မလိုချင်တော့ပါဘူး။
*****
Aurora Novel Translation Team