Chapter 114

အခန်း(၁၁၄) တစ်ခုတည်းသောရတနာ
ချန်ကျားကျီ အံ့သြသွားတယ်။ သူ ပေချင်းချင်းကို မယုံကြည်နိုင်စွာနဲ့ ကြည့်လိုက်တယ်။
သူ့မျက်နှာမှာ ပျော်ရွှင်မှုအရိပ်အယောင်လေး ဖြတ်ပြေးသွားပေမဲ့ အံ့သြသွားတဲ့ပုံစံ လုပ်လိုက်တယ်။ သူ ပေချင်းချင်းရဲ့လက်ကိုဆုပ်ကိုင်လိုက်ပြီး သေသေချာချာ မေးလိုက်တယ်။ “သေချာရဲ့လား။ကိုယ်ဝန်ရှိနေတာ တကယ်လား။အစားအသောက်မကောင်းတာ ဒါမှမဟုတ် တစ်ခုခုဖြစ်တာများဖြစ်နေမလား။”
ပေချင်းချင်းလည်း ပြန်ပြောလိုက်တယ်။ “ကျွန်မ ဒီနေ့ ဆီးစစ်တံဝယ်ခဲ့တယ်။ကျွန်မ စစ်ကြည့်ပြီးပြီ။ တကယ် ကိုယ်ဝန်ရှိနေတာ။”
“ဆီးစစ်တံက တိကျရဲ့လား။” ချန်ကျားကျီက သူ(မ)ကိုကြည့်ရင်း စိတ်လှုပ်ရှားစွာနဲ့မေးလိုက်တယ်။ “ဒါဆိုရင် မင်းကိုယ်ဝန်ရှိနေတယ်ဆိုတာ တကယ်သေချာသွားပြီပေါ့။”
ချန်ကျားကျီတစ်ယောက် မယုံကြည်နိုင်လောက်အောင် စိတ်လှုပ်ရှားနေတဲ့ပုံစံနဲ့ သူ(မ)ကို ကြည့်ပြီး ပြောလိုက်မိတယ်။ “မင်းက အခု တကယ်ကို ကလေးလေးတစ်ယောက်နဲ့တူနေပြီ။”
ချန်ကျားကျီ အရမ်းကို စိတ်လှုပ်ရှားနေတယ်။ သူ ပေချင်းချင်းရဲ့ပြားချပ်နေတဲ့ဗိုက်ကလေးကို ညင်ညင်သာသာလေး ထိလိုက်တယ်။
သူ့လက်တွေက အထဲထဲက ကလေးကိုထိသွားမှာ ကြောက်နေသလိုမျိုး အရမ်းကိုနူးညံ့ညင်သာနေတယ်။
“ချန်ကျားကျီ။ကျွန်မတို့ ဆေးရုံကို သွားကြည့်ကြမလား။အဲ့ဒါက ကျွန်မတို့ကို ပိုပြီး စိတ်သက်သာရာရလိမ့်မယ်။” ချန်ကျားကျီ အရမ်းစိတ်လှုပ်ရှားနေတာကိုမြင်ပြီး ပေချင်းချင်းက အကြံပေးလိုက်တယ်။
သူတို့ ချက်ချင်းထွက်လာခဲ့ကြတယ်။
မနက်နှစ်နာရီခွဲမှာ သူတို့နှစ်ယောက် လမ်းမပေါ်ရှိ သားဖွားမီးယပ်အထူးကုဆေးရုံကို တန်းတန်းမောင်းလာခဲ့ကြတယ်။
ဆေးရုံမှာရှိတဲ့ဆရာဝန်တွေက ဒီမြို့မှာ နာမည်အကြီးဆုံးနဲ့အကျွမ်းကျင်ဆုံးဆရာဝန်တွေ။
စစ်ဆေးမေးမြန်းပြီးတော့ ပေချင်းချင်းက ဆေးရုံရှိကုတင်ပေါ်မှာ လှဲလိုက်တယ်။
“ဂုဏ်ယူပါတယ် မစ္စတာချန်။မစ္စချန်ရဲ့ကိုယ်ဝန်က တစ်လကျော်နေပြီ။အခြေအနေအရမ်းကောင်းပါတယ်။ ကလေးရဲ့ဖွံ့ဖြိုးမှုက အရမ်းတည်ငြိမ်ပါတယ်။”
ပေချင်းချင်းနဲ့ချန်ကျားကျီ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်တယ်။သူတို့ရဲ့မျက်လုံးထဲမှာ ဖော်မပြနိုင်လောက်တဲ့ စိတ်လှုပ်ရှားမှုတွေ၊ပျော်ရွှင်မှုတွေ ရှိနေခဲ့တယ်။
ဆရာဝန်က လုပ်ရမဲ့အရာတွေပြောပြီးတော့ ချန်ကျားကျီက ပြေးလာပြီး ပေချင်းချင်းကို ဖက်လိုက်တယ်။
ချန်ကျားကျီ ပေချင်းချင်းကို ညင်ညင်သာသာနမ်းရှိုက်ရင်း ပြောလိုက်တယ်။ “မင်းအတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။မင်းက ကိုယ်ရဲ့ကလေးလေးပဲ။”
ဆရာဝန်က အားသုံးရတဲ့ လေ့ကျင့်ခန်းတွေကို ရှောင်သင့်တယ်လို့ပြောတော့ ပေချင်းချင်း သူ့ကိုကြည့်လိုက်တယ်။
“စိတ်မပူပါနဲ့။ဘာလုပ်ရမလဲဆိုတာ ကိုယ်သိပါတယ်။” ချန်ကျားကျီက ပြတ်ပြတ်သားသားပြောလိုက်တယ်။ “ပထမသုံးလမှာ ကိုယ်မင်းကိုလုံးဝထိမှာမဟုတ်ပါဘူး။”
ပေချင်းချင်းက သူ့စကားရဲ့နောက်ကွယ်ကအဓိပ္ပာယ်ကို စဥ်းစားပြီး ပြန်မေးလိုက်တယ်။ “ဒါဆိုရင် နောက်ကျရင်လုပ်မယ်လို့ ပြောချင်တာလား။”
ချန်ကျားကျီတစ်ယောက် အဆက်မပြတ် ချောင်းတွေဆိုးလာပြီး ပြန်ပြောလိုက်တယ်။ “မင်းက အရမ်းဆွဲဆောင်မှုရှိနေရင်တော့ အခုလိုပဲ ကိုယ်မထိန်းနိုင်လောက်ဘူး။”
ပေချင်းချင်းလည်း ပြုံးပြီးတော့ ပြန်ပြောလိုက်တယ်။ “ရှင် ဒီလိုမျိုးအပြောကောင်းအောင် ဘယ်အချိန်တုန်းက သင်ခဲ့တာလဲ။”
ချန်ကျားကျီ သူ(မ)ကိုကြည့်ပြီး ပြောလိုက်တယ်။ “မင်းကို ပထမဆုံးစတွေ့ကတည်းက သင်ထားတာ။ကိုယ်က အဲ့ဒါတွေကို တစ်ခါတလေမှ ထုတ်ပြခဲ့တာပဲရှိတာပါ။”
ပေချင်းချင်းက သူ့ရင်ခွင်ထဲမှာ နေနေရင်း သူတို့နှစ်ယောက်အတူတူ ကလေးရဲ့ဖြစ်တည်မှုကနေ ကလေးရဲ့အသက်မွေးဝမ်းကျောင်းအထိ အနာဂတ်အကြောင်းကို စဥ်းစားနေခဲ့ကြတယ်။
မိုးမလင်းခင်လေးမှာပဲ သူတို့နှစ်ယောက်စလုံး ပင်ပန်းပြီး အိပ်ပျော်သွားကြတယ်။ပေချင်းချင်းက နောက်ကျမှအိပ်ပျော်သွားတာမို့ နောက်တစ်နေ့ နေ့လယ်မှနိုးလာခဲ့တယ်။
ဆေးရုံက အရမ်းကျွမ်းကျင်တယ်။ပေချင်းချင်းနိုးလာတော့ သူ(မ)အတွက်အသေးစိတ်စစ်ဆေးမှုတွေ လုပ်ဖို့ သူနာပြုတွေက စီစဥ်ထားခဲ့တယ်။
ချန်ကျားကျီက ပေချင်းချင်းရဲ့ခန္ဓာကိုယ် အခြေအနေမကောင်းမှာကို ကြောက်နေခဲ့တယ်။အဲ့ဒါကြောင့် ကလေးကို စောင့်ရှောက်ဖို့ ပထမသုံးလအတွက် ဆေးရုံမှာနေဖို့ ပေချင်းချင်းထံတောင်းဆိုလိုက်တယ်။
ချန်ကျားကျီက ချန်ကျန်းကျီ၊ ပေပေနဲ့ တခြားသူတွေ သူ(မ)ကို လက်စားချေမှာကို စိတ်ပူနေတယ်ဆိုတာ ပေချင်းချင်းသိတယ်။
ပေချင်းချင်းအတွက် အာဟာရဖြစ်မဲ့အစားအသောက်တွေကို ဆရာဝန်ကညွှန်ကြားပေးပြီး ကိုယ်ဝန်ရှိနေတဲ့အချိန်မှာ ဘာတွေလုပ်ရမလဲဆိုတာကို ညွှန်ကြားပေးနေတဲ့အချိန်မှာ အမျိုးသမီးနှစ်ယောက်က အံ့သြနေပြီးဝမ်းသာအားရနဲ့ ကော်ရစ်တာကနေ အော်ပြောခဲ့ကြတယ်။
“ချင်းချင်း”
“ချင်းချင်း”
ပေချင်းချင်း လှည့်ကြည့်လိုက်တော့ သူ(မ)ကို စိတ်လှုပ်ရှားစွာနဲ့ကြည့်နေတဲ့ ကူရှောင်းနဲ့လီရိလန်တို့ကို တွေ့လိုက်တယ်။
သူ(မ)လည်း အံ့သြစွာနဲ့ သူတို့ကို မေးလိုက်မိတယ်။ “အမေ..အမေတို့နှစ်ယောက်က ဘယ်လိုလုပ် ဒီကိုရောက်လာကြတာလဲ။”
လီရိလန်က ပေချင်းချင်းဆီကို တစ်လှမ်းချင်းတိုးလာပြီး ပေချင်းချင်းကို ဖက်လိုက်တယ်။ “အမေ့ရဲ့ တော်တဲ့ချင်းချင်းလေး။သမီးက တကယ့်ကို အမေ့ရဲ့တော်တဲ့ကလေးလေးပဲ။”
ပေချင်းချင်းက ပြုံးပြီးတော့ လီရိလန်ရဲ့နောက်ကျောကို ပုတ်ပေးလိုက်တယ်။ပြီးတော့ သူ(မ) ကူရှောင်းကိုကြည့်ပြီး ပြောလိုက်တယ်။ “အမေ၊အမေ ဘယ်လိုလုပ်ဒီကို ရောက်လာတာလဲ။ အမေက နေမကောင်းဘူးလေ။ဆရာဝန်နဲ့သူနာပြုတွေက အမေ့ကိုအနားယူဖို့လိုတယ်လို့ ပြောထားတယ်လေ။”
“အားယိုး။ အမေ့ကိုစိတ်ထဲမထားပါနဲ့။” ကူရှောင်းက ပါးစပ်မစိနိုင်လောက်အောင် အရမ်းပျော်နေခဲ့တယ်။” သူ(မ)ထပ်ပြောလိုက်တယ်။ “အမေတို့ သတင်းတွေအကုန်လုံးကြားပြီးပြီ။ အဲ့ဒါကြောင့် သမီးကိုတွေ့ဖို့ တကူးတကလာခဲ့တာ။”
*****
Aurora Novel Translation Team