Chapter 120 (Final)

အခန်း(၁၂၀) နောက်ဆုံးဇာတ်သိမ်း
ချန်တျန်းဖိန်နဲ့လီရိလန်တို့က မြန်မြန်သဘောတူလိုက်ကြတယ်။
လုယောင်က ပြောပြီးတော့ ပေချင်းချင်းကိုကြည့်လိုက်တယ်။ သူ(မ)က အသာပြုံးရင်း “အခုကစပြီး ငါတို့က မိသားစုတွေဖြစ်သွားပြီနော်။ ငါ့ကိုစောင့်ရှောက်ပေးပါဦး။”
ပေချင်းချင်းလည်း ဟန်ဆောင်အပြုံး ပြုံးပြလိုက်ပြီး ပြန်ပြောလိုက်တယ်။ “ဒါပေါ့၊ဟုတ်တာပေါ့။ ငါ နင့်ကို စောင့်ရှောက်ပေးမှာပါ။”
ဆယ်ရက်ကြာပြီးတော့ မင်္ဂလာပွဲကို အဆင့်မြင့်ဟိုတယ်တစ်ခုမှာ ကျင်းပခဲ့တယ်။
ဒီအချိန်မှာ ချန်ကျန်းကျီရဲ့မင်္ဂလာပွဲက အများကြီးပိုပြီးရိုးရှင်းတယ်။
ဒါပေမဲ့လည်း ဧည့်သည်တွေက မြို့ထဲမှာရှိတဲ့ နာမည်ကြီးတွေနဲ့အထက်တန်းလွှာလူတန်းစားတွေချည်းပဲ။
လုယောင်က ချန်ကျားကျီကို သဘောကျနေတာကို လူတိုင်းကသိကြတယ်။ ဒါပေမဲ့ အခုတော့ သူ(မ)က ချန်ကျားကျီရဲ့ညီနဲ့ လက်ထပ်သွားတယ်။ လူတိုင်းက ဒီမင်္ဂလာပွဲနဲ့ပတ်သက်ပြီး အရမ်းသိချင်နေခဲ့ကြတယ်။
အခမ်းအနားမှူးက မင်္ဂလာပွဲကတိကဝတ်တွေကို ရွတ်နေတယ်။ လူတိုင်းက လက်ထပ်လက်စွပ်လဲတော့မဲ့စုံတွဲကို ကြည့်နေကြတဲ့အချိန်မှာပဲ ရုတ်တရက် ဆေးရုံဝတ်စုံဝတ်ထားတဲ့ အမျိုးသမီးတစ်ယောက်က ဝင်လာတယ်။
“ချန်ကျန်းကျီ၊လုယောင်။ ငါ နင်တို့ကို လက်ထပ်ခွင့်မပြုနိုင်ဘူး။”
အမျိုးသမီးက ပိန်လှီနေပြီး စိတ်ပိုင်းဆိုင်ရာချို့ယွင်းချက် ရှိနေတဲ့ပုံပေါ်တယ်။
ချန်ကျားကျီနဲ့ပေချင်းချင်းတို့က အဲ့ဒီအမျိုးသမီးကို လှည့်ကြည့်လိုက်တဲ့အချိန်မှာ သူတို့လန့်သွားခဲ့ကြတယ်။
အဲ့ဒီအမျိုးသမီးက တခြားသူမဟုတ်ဘဲ ပေပေဖြစ်နေတယ်။
ပေချင်းချင်းက ပေပေ့ကို ဒီလိုအခြေအနေမျိုးနဲ့တွေ့လိုက်ရတော့ အရမ်းထိတ်လန့်သွားခဲ့တယ်။
ပေပေနဲ့ပတ်သက်ပြီး နှစ်တစ်ဝက်လောက်နီးပါး ပေပေ့ကိုမတွေ့တော့တာပဲ သူ(မ)မှတ်မိတော့တယ်။
ဒါပေမဲ့ ပေပေ့ပြဿနာကို သူ(မ)လည်းကြားခဲ့ရတယ်။
ပေပေ့စိတ်အခြေအနေက တစ်နေ့တခြားပိုပိုပြီး ဆိုးရွားလာခဲ့တယ်။ စန်းဟုန်မေ့ ပြဿနာဖြစ်ပြီး ထောင်ထဲဝင်လိုက်ရတာက ပေပေ့အတွက် ကြီးမားတဲ့ရိုက်ခတ်မှုဖြစ်သွားခဲ့တယ်။ ပေပေက အဲ့ဒီအချိန်အတောအတွင်းမှာ ရူးသွပ်သွားခဲ့တယ်။
သူ(မ)က ခက်ခက်ခဲခဲနဲ့ သူ(မ)စိတ်ကိုတည်ငြိမ်အောင်ကြိုးစားပြီးတော့ ဆေးရုံကဆင်းခွင့်ရခဲ့ပေမဲ့ ချန်ကျန်းကျီက လုယောင်နဲ့ပတ်သက်နေတယ်ဆိုတာကို အမှတ်မထင် ရှာတွေ့ခဲ့မယ်လို့တော့ သူ(မ)မမျှော်လင့်ခဲ့ဘူး။
အဲ့ဒါကြောင့် သူ(မ)ခက်ခက်ခဲခဲထိန်းချုပ်ထားရတဲ့ စိတ်ရောဂါက ပြန်ထလာခဲ့ပြီး ပထမတစ်ခေါက်ကထက်တောင် ပိုပြီးဆိုးဝါးလာတယ်။
“ဒီနေ့ ဘယ်သူမှမလွတ်စေရဘူး။” ပေပေက ပြောပြီးတော့ ရုတ်တရက် ရူးကြောင်ကြောင်နဲ့ ရယ်လိုက်တယ်။ “နင်တို့အားလုံး ရင်ကွဲစေရမယ်။ နင်တို့အားလုံးကိုသတ်မယ်။”
ပေချင်းချင်းက အဲ့ဒီအခြေအနေကိုကြည့်ပြီး အသက်ရှူရပ်မတတ်ဖြစ်သွားခဲ့တယ်။
“ပြေးကြ။ သူ(မ)မှာ ဗုံးရှိနိုင်တယ်။” ချန်ကျားကျီက ပေချင်းချင်းလက်ကိုဆွဲပြီး ဟိုတယ်အပြင်ဘက်ကိုပြေးထွက်လာခဲ့တယ်။ ဟိုတယ်မှာရှိတဲ့လူတိုင်းကလည်း ကြောက်လန့်ပြီး ခြေဦးတည့်ရာကို ပြေးလွှားကုန်ကြတယ်။
ချန်ကျန်းကျီနဲ့လုယောင်က ပေပေ့ကို ကြောက်လန့်တကြားနဲ့ ကြည့်နေခဲ့တယ်။
သူတို့နှစ်ယောက် ထွက်ပြေးဖို့လုပ်လိုက်ပေမဲ့ လုယောင်က ကြီးမားတဲ့မင်္ဂလာဝတ်စုံကိုတက်နင်းမိကာ ခလုတ်တိုက်သွားပြီး ချန်ကျန်းကျီရဲ့ခန္ဓာကိုယ်ပေါ် လဲကျသွားခဲ့တယ်။
“ပြေးဖို့အကြောင်းကို စဉ်းတောင်မစဉ်းစားနဲ့။”
ပေပေက သူ(မ)ပစ်မှတ်တွေ ပြေးဖို့ပြင်နေတာကို တွေ့သွားပြီ သူ(မ)စိတ်ထဲက ဒေါသတွေက ရုတ်တရက် လှိုင်းထန်လာခဲ့တယ်။ သူ(မ)ကိုယ်ပေါ်ရှိ ဗုံးက လင်းလက်သွားပြီး ချန်ကျန်းကျီနဲ့လုယောင်တို့ဆီကို မဆိုင်းမတွဘဲ ပြေးသွားခဲ့တယ်။
ရှစ်လကြာပြီးတော့…
ပေချင်းချင်းက သားဦးလေးကို အောင်မြင်စွာမွေးဖွားခဲ့တယ်။
လွန်ခဲ့တဲ့ရှစ်လက ဟိုတယ်ပေါက်ကွဲမှုဖြစ်သွားပြီးကတည်းက အချိန်အတော်ကြာတဲ့အထိ ဘယ်သူမှ အဲ့ဒီကိစ္စကို ထပ်ပြီးမပြောကြတော့ဘူး။
စိတ်ဝေဒနာသည်တစ်ဦးနဲ့ ကြင်စဦးဇနီးမောင်နှံအတွဲတစ်တွဲ မတော်တဆမှုမှာ သေသွားကြတယ်ဆိုတာပဲ လူတွေက သိကြတော့တယ်။
မတော်တဆဖြစ်တဲ့နေ့တုန်းက လူတိုင်းက အဖြစ်ဆိုးကြီးအတွက် ဝမ်းနည်းကြေကွဲခဲ့ကြတယ်။ ဒါပေမဲ့ အချိန်တွေကြာလာတော့ လူတွေက သူတို့အကြောင်းကို တဖြည်းဖြည်းနဲ့ မေ့သွားကြတယ်။
လီရိလန်နဲ့ချန်တျန်းဖိန်တို့က သူတို့သားရဲ့ကိစ္စကြောင့် အချိန်အတော်ကြာအောင် ခံစားခဲ့ရတယ်။ ချန်တျန်းဖိန်ကလည်း အသက်တော်တော်ရလာပြီ။ သူက အဲ့ဒီအကြောင်းကို သေသေချာချာစဥ်းစားပြီး နိုင်ငံခြားမှာ အငြိမ်းစားယူဖို့ ဆုံးဖြတ်လိုက်ကာ အိမ်တွင်းရေးကိစ္စတွေမှာ ဝင်မစွက်ဖက်တော့ဖို့ ဆုံးဖြတ်လိုက်တယ်။
‘ချန်’မိသားစုတစ်ခုလုံးကို ချန်ကျားကျီထံ တရားဝင်လွှဲပြောင်းပေးလိုက်တယ်။
ဆင်ခြေဖုံးမြို့ထဲက သင်္ချိုင်းတစ်ခုမှာ…
ချန်ကျားကျီက ပေချင်းချင်းကို သင်္ချိုင်းကမ္ပည်းကျောက်စာတိုင်တစ်ခုဆီကို ခေါ်လာခဲ့တယ်။
သူတို့နှစ်ယောက်က သင်္ချိုင်းကမ္ပည်းကျောက်စာတိုင်သုံးခုရဲ့ရှေ့မှာ ဂန္ဓမာပန်း သုံးစည်းထားလိုက်တယ်။
“နောက်ဘဝတစ်ခုမှာ သူတို့ ငြိမ်းချမ်းနေကြပြီလို့ ရှင်ထင်လား။”
ချန်ကျားကျီက ခေါင်းကိုယမ်းလိုက်ပြီး ပြောလိုက်တယ်။ “ဘယ်သူသိမှာလဲ။”
သူတို့ ပူဇော်မှုတွေလုပ်ပြီးတော့ လက်ကိုတွဲကာ တောင်အောက်ကိုဖြည်းဖြည်းချင်းဆင်းလာခဲ့တယ်။
နေရာတစ်နေရာကို ဖြတ်သွားတော့ မြေကြီးပေါ်မှာထိုင်နေတဲ့အသက်ကြီးနေတဲ့သူနှစ်ယောက်ကို တွေ့လိုက်ရတယ်။ သူတို့နှစ်ယောက်က ပန်းကန်လုံးထဲက စွပ်ပြုတ်ကိုသောက်နေပြီး ဘိန်းမုန့်ကိုစားနေကြတယ်။
ပေချင်းချင်း နည်းနည်းသနားသွားပြီး ပိုက်ဆံအနည်းငယ် သွားပေးလိုက်တယ်။
“ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်။” အသက်ကြီးတဲ့သူနှစ်ယောက်က သူ(မ)ကို လှိုက်လှိုက်လှဲလှဲကျေးဇူးတင်လိုက်တယ်။
ပေချင်းချင်း အသက်ကြီးတဲ့သူနှစ်ယောက်ကို ရှင်းရှင်းလင်းလင်း တွေ့လိုက်ရတော့ နောက်ဆုတ်သွားခဲ့တယ်။ ဒါပေမဲ့ သူ(မ) မြန်မြန်ပြန်ထိန်းလိုက်တယ်။ အသက်ကြီးကြီးလင်မယားနှစ်ယောက်က ပေချင်းချင်းရဲ့မိဘအရင်းတွေဖြစ်နေတယ်။
နောက်ဆုံးအထိ သူတို့က ပေပေ့ကို သူတို့ရဲ့သမီးအဖြစ်အသိအမှတ်ပြုနေကြတုန်းပဲ။ သူတို့က ပေချင်းချင်းကို ဘယ်တော့မှ အသိအမှတ်ပြုနိုင်မှာမဟုတ်ဘူး။ သူတို့ရဲ့သမီးလေးကို ဆုံးရှုံးလိုက်ရတာက သူတို့ရဲ့စိတ်ထဲမှာ ကြီးမားတဲ့ ရိုက်ခတ်မှုတစ်ခုဖြစ်သွားတဲ့ပုံပဲ။
အပြန်လမ်းမှာ ပေချင်းချင်းက ချန်ကျားကျီကိုကြည့်ပြီး ပြောလိုက်တယ်။ “ကျွန်မတို့ အနာဂတ်မှာ အဆင်ပြေမယ်လို့ထင်လား။”
ချန်ကျားကျီလည်း သူ(မ)ရဲ့လက်ကလေးကို နူးညံ့ညင်သာစွာ ယူလိုက်ပြီး နမ်းလိုက်တယ်။ “အခုထက်ပိုပြီးတောင်မှ အဆင်ပြေမှာပါ။”
အဝေးတစ်နေရာမှာတော့ ရောက်ရှိလာတော့မဲ့ ကောင်းမွန်တဲ့ရာသီဥတုကို ညွှန်ပြနေတဲ့ လှပတဲ့ နေဝင်ဆည်းဆာတစ်ခု ရှိနေလေရဲ့။
*****
Aurora Novel Translation Team