Chapter 28.2
အပိုင်း ၂၈ – ၂
ယူဂျင်းက နောက်ဆုံး အလုပ်အကျွေးပြုမှု ပြီးဆုံးသွား၍ ထွက်သွားဖို့ပြင်နေသည့် အခြွေအရံမိန်းကလေးအား ခေါ်လိုက်သည်။
“အရှင်မင်းကြီးက အခုအထိ တော်ဝင်နန်းတော်ကို ပြန်မရောက်သေးဘူးလား။”
“မရောက်သေးပါဘူး၊ အရှင်မိဖုရား။”
မှောင်ရီပျိုးစတွင် ဘုရင်မင်းမြတ် နန်းတော်အပြင် ထွက်သွားသည်ဟု သတင်းကြား၏။ ခါဆယ်ရ်က မကြာမကြာ အပြင်ထွက်တတ်သည်။ သူက အခန့်သားထိုင်ကာ အမိန့်ချည်းပေးတတ်သည့်ဘုရင်မျိုး မဟုတ်သောကြောင့် ကိုယ်တိုင်လှုပ်ရှားရင်း ကြီးကြပ်ကွပ်ကဲသည့် ကိစ္စကလည်းများ၏။
မာရီအန်းဆီမှ ကြားရသော အပျင်းကြီးသည့် အထက်တန်းလွှာမှူးမတ်များအကြောင်း ပြန်တွေးမိတော့ ညည့်နက်သည့်တိုင် အလုပ်လုပ်နေဆဲဖြစ်သော ခါဆယ်ရ်က သနားစရာကောင်းသလိုလိုပင်။
ယူဂျင်းက စားပွဲပေါ်တွင်တင်ထားသည့် သစ်သားသေတ္တာကိုကိုဖွင့်ကာ လက်ဖက်ရည်ရွက်ထည့်ထားသည့် ဘူးပေါင်းများစွာထဲမှ တစ်ခုကို အခြွေအရံမိန်းကလေးဆီ ကမ်းပေးရင်း ပြောလိုက်သည်။
“အထိန်းတော်ချုပ်ကို အရှင်မင်းကြီး နန်းတော်ထဲပြန်လာတဲ့အခါ လက်ဖက်ရည်ဆက်သဖို့ပြောလိုက်။”
ပြီးခဲ့သည့်ရက်ပိုင်းက မာရီအန်းတစ်ယောက် ပင်ပန်းမှုကို ပြေပျောက်စေသည်ဟူသော လက်ဖက်ရည်ရွက်များ လက်ဆောင်ပေးသွားခဲ့သည်။ သောက်ကြည့်လိုက်တော့ ခေါင်းကြည်အောင်လုပ်ပေးနိုင်သည့် အာနိသင်ရှိပြီး အရသာလည်းကောင်း၏။
“အမှာပါးပေးလိုက်ပါ့မယ်။ အရှင်မိဖုရား။”
တစ်ယောက်တည်းကျန်ရစ်ခဲ့သော ယူဂျင်းလည်း မှန်တင်ခုံတွင်ထိုင်ကာ နေ့စဉ်မှတ်တမ်း စရေးတော့သည်။
ယူဂျင်းက နေ့စဉ်နေ့တိုင်း မအိပ်ခင် ထိုတစ်နေ့တာတွင် ဖြစ်ပျက်ခဲ့သမျှကို အကျဉ်းချုပ် မှတ်တမ်းတင်လေ့ရှိသည်။ တစ်ကိုယ်ရေသုံး လျှို့ဝှက်နေ့စဉ်မှတ်တမ်းဖြစ်သဖြင့် ကိုရီးယားဘာသာစကားနှင့်သာ ရေး၏။ ဘယ်သူမှမဖတ်နိုင်သည့် ကိုယ်ပိုင် လျှို့ဝှက်စာရှိနေသည်ဟူသောအချက်က စိတ်လုံခြုံမှုတစ်မျိုးကို ပေးပေသည်။
ယူဂျင်းက နေ့စဉ်မှတ်တမ်း၏ ပထမဆုံးစာမျက်နှာတွင် လုပ်ရမည့်ကိစ္စများစာရင်းကို ဖြည့်လိုက်၏။
-ပထမဆုံး လူမှုရေးစုဝေးပွဲပါတီ မတက်ခင် အနေအထားကို အကဲခတ်ကြည့်ဖို့လိုအပ်တယ်။ လက်ဖက်ရည်ပါတီ စုဝေးပွဲအသေးစားလေး လုပ်ရမလား။
ယူဂျင်းက မှန်တင်ခုံအံဆွဲကိုဖွင့်ကာ နေ့စဉ်မှတ်တမ်းကို ပြန်ထည့်လိုက်သည်။ ထရန်ပြင်လိုက်ပြီးမှ မှန်ထဲတွင်ထင်နေသည့် ကိုယ့်ပုံရိပ်ကိုယ် ပြန်ကြည့်မိကာ ရပ်သွားခဲ့သည်။ မရင်းနှီးသော မျက်နှာကို ပထမဆုံး ရက်ပိုင်းအတွင်း လန့်ခဲ့မိသော်လည်း ယခုတော့ ကိုယ့်မျက်နှာလိုပင်။
‘ဂျင် အာနီခါ…ငါက နင်ဖြစ်လာတော့ နဂို နင်က တကယ်ပဲ ဘယ်ရောက်သွားတာလဲ။’
ပြီးတော့ ယူဂျင်း၏ နဂိုခန္ဓာကိုယ်ကရော ဘယ်ရောက်သွားသလဲ။
ယူဂျင်းက မဟာသို့ ရောက်ရောက်ချင်း အခိုက်အတန့်ကို ပြန်တွေးလိုက်သည်။ ယခုအထိ စိတ်ထဲတွင် ထင်ထင်ရှားရှားရှိနေဆဲ။
သူ့ကို အကြွေးရှင်များလိုက်သဖြင့် ပြေးရာက ထွက်ပေါက်ပိတ်သည့်လမ်းကြားထဲတွင် ကူကယ်ရာမဲ့စွာ ရပ်နေမိစဉ်။ ယင်းအခိုက်အတန့်တွင် ထိုအရာပေါ်လာခဲ့ခြင်းဖြစ်သည်။
ပထမတော့ ထင်ယောင်ထင်မှားဖြစ်ခြင်းဟုသာ ထင်ခဲ့မိ၏။ နံရံတွင်ပေါ်လာသည့် တွင်းနက်ကြီးက ကျိန်းသေပေါက် ဤကမ္ဘာမှမဟုတ်။ ပတ်ဝန်းကျင်တွင်ရှိသမျှ အလင်းရောင်အားလုံးကို မျိုယူသွားတော့မည့်အလား အတွင်းပိုင်းက မည်းနက်နေကာ ဘာမှန်းမသိရသည့် ဓာတ်တစ်မျိုးက လေပွေအလား အတွင်းထဲတွင် ဝေ့ဝဲလည်ပတ်နေသည်။ အရွယ်အစားကား လူတစ်ယောက် ဖြတ်သန်းဝင်ရောက်နိုင်ရုံကွက်တိ။ ငရဲခန်းအဝင်ဝမှ လက်ယက်ခေါ်နေသလိုပင်။
ဘေးလမ်းကြားမှ ယူဂျင်းနောက်ကိုလိုက်လာသည့် ခြေသံများကို ကြားနေရသည်။ မိသွားလျှင် ခံစားရမည့် နှိပ်စက်မှုများက တွေးကြည့်ရုံနှင့်ပင် ကြောက်စရာကောင်းလှ၏။ သူသာပျောက်သွားလျှင် သူ့ဆီက ငွေအချောင်နှိုက်ခွင့်ကို ဆုံးရှုံးရမည့် မိသားစုဝင်တွေ ဘယ်လောက် ပျာသွားကြမလဲဟု တွေးလိုက်မိတော့ မချိပြုံးတစ်ခု ပေါ်လာခဲ့သည်။
ယူဂျင်းလည်း သေဖို့မဟုတ်ဘဲ ရှင်သန်ဖို့အတွက် တွင်းနက်ကြီးဆီသို့ မဆိုင်းမတွ လျှောက်လှမ်းလိုက်တော့သည်။
အံ့ဩစရာကောင်းလောက်အောင်ပင် အမှောင်ထု၏ ဖုံးလွှမ်းမှုကိုခံရခြင်းက သက်သောင့်သက်သာရှိလှသည်။ ခန္ဓာကိုယ် မျောလွင့်သွားသည်ကို ခံစားရင်း ယူဂျင်းလည်း အေးချမ်းသွားသည့်စိတ်နှင့် မျက်လုံးများကို မှေးမှိတ်ထားလိုက်တော့၏။ ထိုနောက်ပိုင်းတွင် ဘာဖြစ်သွားသည်ကိုမူ မမှတ်မိတော့ပေ။
ထိုတွင်းကြီးထဲသို့ ဝင်သွားပြီးသည့်နောက် အချိန်မည်မျှကြာသွားပြီမှန်းတော့မသိ။ သေလည်းမသေခဲ့သလို၊ ငရဲလည်းမကျခဲ့။ ဆုတောင်းခဲ့သည့်အတိုင်း သူ့ကို ဘယ်သူမှမသိကြသောကမ္ဘာတွင် နိုးလာခဲ့သည်။
‘အဲ့ဒီ ဖြတ်လမ်း…ဟုတ်တယ်၊ ဖြတ်လမ်းပဲဖြစ်ရမယ်။ စိတ်ဝိညာဉ်ပဲ ဖြတ်သန်းသွားလာနိုင်တာလားမသိဘူး။’
ရုပ်ခန္ဓာက ထိုတွင်း၏ အမှောင်ထုထဲတွင် ပျောက်ကွယ်သွားခဲ့ပြီလား မသိရပေ။
‘ဂျင်။ ငါ့မှာ နောက်ကြောင်းပြန်လှည့်စရာ မရှိတော့ဘူး။ အခု နင် ပြန်လာရင်တောင် နင့်အတွက် နေရာမရှိဘူးလို့။”
ပထမတော့ ပျက်ကိန်းဆိုက်နေသည့် ဂျင်၏ အနာဂတ်ကိုသာ ပြောင်းလဲဖို့တွေးခဲ့သည်။ သို့သော် ဘယ်တုန်းက စခဲ့တာပါလိမ့်။ တဖြည်းဖြည်းနှင့် လောဘက ပိုတက်လာသည်။ ရှင်သန်ဖို့အတွက်မဟုတ်ဘဲ ‘ယူဂျင်း’ အဖြစ် နေချင်လာ၏။
ယူဂျင်းက ကိုယ့်လက်ကိုယ်ငုံ့ကြည့်ကာ ဖွဖွလေး လက်သီးဆုပ်လိုက်သည်။ ဤလက်များထဲတွင် အခွင့်ထူး အများအပြားရှိ၏။ သို့သော် နဂိုက အကုန် ဂျင်၏အပိုင်သာဖြစ်သည်။ လူကောင်းမဟုတ်ဟုဆိုကာ ထိုလူပိုင်သောအရာများကို ခိုးယူ၍ ဖြစ်မည်လား။
အသိတရားရှိနေလျှင်လည်း ရှိသည့်အလျောက်၊ မရှိပြန်လျှင်လည်း ထိုသို့မရှိသည့် ကိုယ့်ပုံစံကိုယ် စိတ်ပျက်မိ၍ တစ်လျှောက်လုံး စိတ်ထဲတွင် ဝန်လေးကာ နေသွားရပေမည်။
‘ဒါပေမဲ့ ဒါက လက်တွေ့မဟုတ်ဘူးလေ။ ငါဖန်တီးထားတဲ့ ဝတ္ထုထဲက ကမ္ဘာပဲကို။….မဟုတ်သေးပါဘူး။ ဘယ်လောက်ပဲ လက်တွေ့မဟုတ်ဘူးလို့ပြောပြော။ ဒီလောက်တောင် ထင်ထင်ရှားရှားကြီး ရှိနေတာကို။ မာရီအန်းရော၊ ဂျီးန်ရော အကုန် သူတို့ဘဝနဲ့သူတို့ နေနေကြတာကို။’
ယူဂျင်းက လက်နှစ်ဖက်နှင့် ခေါင်းကိုဆုပ်ကိုင်ကာ အဆုံးမရှိ အတွေးသံသရာလည်နေရာက ရုတ်တရက် ထရပ်လိုက်သည်။
‘အတွေးလွန်နေလို့ ဘာမှအဖြေထွက်မှာမဟုတ်ဘူး။ ဒီနေ့တော့ ဒီနေ့ကိစ္စပဲ စဉ်းစားပြီး၊ နောက်နေ့ကိစ္စကို နောက်နေ့မှ စဉ်းစားတာပေါ့။’
ယူဂျင်းက အခိုင်အမာစိတ်ပိုင်းဖြတ်ပြီး အိပ်ရာဆီသို့ ခြေလှမ်းကျဲများဖြင့် လျှောက်သွားလိုက်သည်။ ယနေ့ကျမှ အိပ်ရာက ပုံမှန်နှင့်မတူအောင် ကြီးနေသလိုလို။ ယူဂျင်းလည်း အိပ်ရာပေါ်တက်ကာ စောင်ဆွဲခြုံလိုက်တော့သည်။
“အရှင်မိဖုရား။”
အပြင်မှ အခြွေအရံမိန်းကလေး၏အသံကို ကြားလိုက်ရသည်။ ယခုလိုအချိန်ကြီး အခြွေအရံမိန်းကလေး လာဖူးခြင်းမရှိသောကြောင့် ယူဂျင်း၏ မျက်နှာထား တင်းသွား၏။
“ဘာကိစ္စရှိလို့လဲ။”
တံခါးပွင့်သွားကာ အခြွေအရံမိန်းကလေး ဝင်လာခဲ့သည်။ သူက မြန်မြန်လေး လျှောက်လာပြီး ဦးညွှတ်အရိုအသေပြု၏။
“အရှင်မိဖုရား။ မရဏဘုရင် အရှင်မင်းမြတ် ကြွချီလာပါတယ်။”
“အခုလား။”
“ဟုတ်ပါတယ်၊ အရှင်မိဖုရား။”
“ဧည့်ခန်းမှာ ရှိနေတာလား။”
“ဟုတ်ပါတယ်၊ အရှင်မိဖုရား။”
ဘုရင်မင်းမြတ် အကြောင်းကြားခြင်းမရှိဘဲ ကြွချီလာခြင်းမှာ ပထမဆုံးအကြိမ်မဟုတ်သော်လည်း ယခင်က အမြဲတစေ ထူးခြားသည့် အခြေအနေ အကြောင်းရင်းများရှိခဲ့ပေသည်။ ဤမျှညဉ့်နက်နေသည့်အချိန်တွင် ရောက်လာခြင်းမှာမူ ယခုမှ ပထမဆုံးအကြိမ်ပင်။
“အထဲကို ပို့ဆောင်ပေးလိုက်။”
အခြွေအရံမိန်းကလေး ထွက်သွားပြီး ခဏအကြာတွင် ခါဆယ်ရ် ဝင်လာခဲ့သည်။ သူက ဝတ်ရုံတော်ကို အပြည့်အဝ ဝတ်ဆင်ထားပြီး ပြီးပြည့်စုံစွာ သေသေသပ်သပ် စနစ်တကျရှိနေသည်။ ယခုလေးတင် နန်းတော်သို့ ပြန်ရောက်လာသည့်ပုံပင်။ နှစ်ယောက်သား ဆိုဖာတွင် မျက်နှာချင်းဆိုင် ထိုင်လိုက်ကြသည်။
“အိပ်နေတဲ့လူကို ငါက နှိုးမိသွားတာလား။”
“မဟုတ်ပါဘူး။ အခုအထိ အိပ်မပျော်သေးပါဘူး။ ဘာကိစ္စရှိလို့လဲရှင့်။ ဒီအချိန်မှ ရုတ်တရက်ကြီး။”
ခါဆယ်ရ်က ချက်ချင်းပြန်မဖြေခဲ့။ သူလည်း ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ချင်သည်။ ဒီကို ဘာကြောင့် လာခဲ့မိမှန်း ကိုယ်တိုင်လည်း မသိပေ။
စောစောက ခါဆယ်ရ် နန်းတော်ကိုပြန်ရောက်တော့ ရုံးခန်းဆီသို့ တန်းသွားခဲ့သည်။ များပြားလှသည့် အလုပ်တာဝန်များကို ညနက်သည်အထိ ဆောင်ရွက်လာခဲ့သည်မှာ ရက်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ပြီး ယနေ့ညသည်လည်း ထိုကဲ့သို့ပင်။
ထိုသို့နေရာက အထိန်းတော်ချုပ် လက်ဖက်ရည် တည်ခင်းဆက်သပြီး ‘အရှင်မိဖုရား ပို့လိုက်တာပါ’ ဟု ပြောလာချိန်တွင် ဖွဖွလေး အရိုက်ခံလိုက်ရသလို ခံစားလိုက်ရ၏။ ထင်မှတ်မထားသောလက်ဆောင်ကို ရလိုက်သောကြောင့် ဂနာမငြိမ်ဖြစ်လာခဲ့သည်။
မိဖုရားက ဘုရင့်ရုံးခန်းသို့ လက်ဖက်ရည်တို့၊ အချိုပွဲတို့ ပို့ပေးခြင်းမှာ အထူးအဆန်းတော့မဟုတ်။ အစဉ်အလာအတိုင်း ဝတ်ကျေတမ်းကျေ လက်ဆောင်ပင်။
ထို့အပြင် လက်ဖက်ရည် လက်ဆောင်ပို့ပေးခြင်းက ပထမဆုံးအကြိမ်လည်း မဟုတ်ပေ။ လက်ထပ်ပြီးခါစ ကနဦးကာလတွင် မိဖုရားက ကြင်နာပြဖို့ အင်မတန် အားထုတ်ခဲ့သည်။ မနက်တိုင်း ညနေတိုင်း ဂါရဝစကားပါးလေ့ရှိပြီး၊ ကိုယ်တိုင်ကိုယ်ကျ အဆာပြေမုန့်များ ပြင်ဆင်ကာ ညီလာခံခန်းမအထိပင် လာတတ်ပေသည်။
~~~~~
Miel’s Translations