အပိုင်း (၄)
ဧည့်သည်အမျိုးသားမေးသော
စာရေးသူ မြူနှင်းငွေ့သည် နာမည်ကြီးစာရေးသူမဟုတ်ပါ။ ပရိသတ်အနည်းငယ်နှင့် ရပ်တည်နေသူတစ်ဦးဖြစ်သည်။ သူသည် သိုသိပ်စွာနေထိုင်တတ်သူဖြစ်သည်။ သူ၏ စာများကို Online Platform တွင်သာ တင်လေ့ရှိကာ သူရေးသော စာနှင့်ပတ်သတ်သော comment များကိုသာ စာပြန်လေ့ရှိ၏။ ထို့ကြောင့်
စာရေးသူက မည်သူနည်း၊ အပြင်တွင် မည်သို့သော လူမျိုးဖြစ်သနည်း၊ မည်သည့်အသက်မွေးကျောင်းပြုသနည်း၊ စသော မေးခွန်းများနှင့် ပတ်သတ်၍ အဖြေကို သိသူမှာ ရှားပါးလှသည်။ စာဖတ်သူတို့မှာ စာရေးသူသည် အမျိုးသမီးတစ်ဦးမှ လွဲ၍ ကျန်သည့် အချက်အလက်များကို သိသူမရှိလှ။ စာဖတ်သူအများစုမှာလည်း သူ၏ စာအရေးအသားကို သဘောကျ၍ ဖတ်ကြသူများသည်။ စာရေးသူအကြောင်း တိကျစွာသိချင်ကြသော်လည်း စာရေးသူက သူ့ personal ကိစ္စနှင့် ပတ်သတ်သည်များကို မမေးရန် မေတ္တာရပ်ခံထားသည်သာမက မေးသူများကိုလဲ လျစ်လျူရှုထား၏။ သို့ရာတွင် ဧည့်သည်အမျိုးသားသည် မည်သို့စုံစမ်းလာသည်လည်း မသိပါ။ စာရေးသူသည် cafe ကလူ ဖြစ်သည်ဟု သေချာသော လေသံဖြင့် မေးမြန်းလာခဲ့၏။
တကယ်တော့ စာရေးသူမြူနှင်းငွေ့မှာ ဝသန်မိုးစက်ပင် ဖြစ်သည်။ ဤသည်ကို သိသူမှာလဲ နှစ်ဦးသာရှိ၏။ ဝသန်မိုးစက်ကိုယ်တိုင်နှင့် နန်းဖြိုးဝေသာ ဖြစ်သည်။ သူတို့သည် ငယ်သူငယ်ချင်းများ ဖြစ်သည့် အားလျော်စွာ တစ်ဦးနှင့် တစ်ဦးကြားတွင် လျှို့ဝှက်ချက်ဟူ၍ မရှိ။ တစ်ဦးဖြစ်သမျှ အရာအားလုံး အခြားတစ်ဦးက သိသည်ချည်းဖြစ်၏။
အခု နန်းဖြိုးဝေတစ်ယောက် အကျပ်ရိုက်နေပြီဖြစ်သည်။ ဧည့်သည်မေးခွန်း၏ အဖြေကို သိပါသော်လည်း မည်သို့ဖြေရမည်မသိ။ ထို့အတူ ဧည့်သည်က ဘာအတွက်ကြောင့် ဤသို့မေးသည်လဲ မသိပါချေ။ ဝသန်မိုးစက်အတွက်မူ ကလောင်နာမည်နှင့် လူကို တွဲသိမည်ကား သိပ်မလိုလားပါ။ သူသည် အေးအေးလူလူနေလိုသောသူသာ ဖြစ်သည်။ လောကတွင်လူပေါင်းစုံရှိသည့်အတွက် လူနှင့် ကလောင်ကိုသာ တွဲသိကြပါက သူ၏ လွတ်လပ်ခွင့်ကို ထိပါးခံရမည်စိုးသောကြောင့် သူနှင့် ကလောင်ကို တွဲမသိစေခြင်းဖြစ်၏။
နန်းဖြိုးဝေတစ်ယောက် အကျပ်ရိုက်နေစဉ်မှာပင် ဝသန်မိုးစက် ထိုနေရာသို့ ရောက်လာခဲ့၏။ နောက်တွင် နန်းဖြိုးဝေကို သူဖြေရှင်းလိုက်မည်ဖြစ်ကြောင်း အချက်ပြကာ ထွက်သွားစေလိုက်ပြီး ဧည့်သည်အမျိုးသားကို စကားစလိုက်၏။
“ကျွန်မက ဆိုင်ရဲ့အဓိကတာဝန်ရှိသူပါ။ ဧည့်သည်အနေနဲ့ အဆင်မပြေတာများ ရှိလို့ပါလားရှင့်”
ဧည့်သည်အမျိုးသားသည် ရောက်လာသော အမျိုးသမီးကို အကဲခတ်ကြည့်သော် ဆိုင်သူဌေးဖြစ်မည်မှန်း အလိုလိုသိလိုက်၏။ ထို့ကြောင့် သူ့ကိုယ်သူ မိတ်ဆက်ရန် သင့်ပြီဟု တွေးလိုက်ကာ
“မရှိပါဘူး။ အကုန်အဆင်ပြေပါတယ်။ ကျွန်တော့်ကိုယ် မိတ်ဆက်ပေးပါရစေ။ ကျွန်တော့်နာမည်က ရဲမာန်ရှိန်ပါ။ မိုးတိမ်လွှာစာအုပ်တိုက်ရဲ့ ကိုယ်စားလှယ်ပါ။ စာရေးသူမြူနှင်းငွေ့က ဒီဆိုင်ကမှန်း သတင်းရထားပါတယ်။ သူနဲ့ တွေ့ချင်လို့ပါ။”
ဝသန်မိုးစက်ကိုယ်တိုင်သည်လည်း ဒီစကားကြောင့် အံ့ဩသွားရသည်။ စိတ်ထဲတွင်လည်း သူ၏အမျိုးသမီးနှင့် သိသူလားဟုလည်း တွေးမိသွားသည်။ သူ၏ စာအရေးကိုကြည့်၍ သူမှန်း သိနိုင်သူမှာ ထိုအမျိုးသမီးသာရှိသည်မဟုတ်ပါလော။ ထို့ကြောင့် ကိုယ့်ကိုယ်ကို မြူနှင်းငွေ့ဟု ဝန်ခံလိုက်ကာ ကိုယ့်ကိုယ်ကိုယ်မိတ်ဆက်လိုက်ပါ၏။
“စာရေးသူ မြူနှင်းငွေ့က ကျွန်မကိုယ်တိုင်ပါပဲ။ ရှင်က မိုးတိမ်လွှာစာအုပ်တိုက်ရဲ့ ကိုယ်စားလှယ်ဆိုတော့ ကျွန်မကို စာအုပ်ထုတ်ဖို့ လာကမ်းလှမ်းတာ ထင်တယ်။ ဘယ်စာအုပ်ကို ကမ်းလှမ်းချင်တာလဲရှင့်။”
စာရေးသူကိုယ်တိုင်က ဤသို့ဆိုလာသောကြောင့် ရဲမာန်ရှိန်လည်း မှာထားသည့်အတိုင်း “တိမ်တိုက်ကဲ့သို့ ပျောက်ကွယ်သွားသူ” ဝတ္တုကို တိုက်၏ ပထမဆုံးစာအုပ်အနေဖြင့် ထုတ်ဝေလိုကြောင်း ပြောလိုက်ပါ၏။
ဝသန်မိုးစက်သည် သူ့ရှေ့က အမျိုးသားက မြူလွှာနှင်းစက်နှင့် တစ်နည်းတစ်ဖုံ ပတ်သတ်ရမည်ဟူသော သံသယမှာ ပိုကြီးထွားလာခဲ့၏။ မဟုတ် စာအုပ်တိုက်သည် မြူလွှာ့အပိုင်ပင် ဖြစ်ရမည်။ ‘တိမ်တိုက်ကဲ့သို့ ပျောက်ကွယ်သွားသူ’ ဝတ္တုမှာ မြူလွှာ့အကြောင်းကို တွေးရင်း သူကိုယ်တိုင်ကို မြှုပ်နှံထားကာ ရေးထားသောကြောင့် ဖြစ်သည်။ သို့သော် သူစဉ်းစားဖို့ရာ အချိန်လို၏။ ထို့ကြောင့် ဆက်သွယ်ရန် တိုက်၏ ဖုန်းနံပါတ်နှင့် mail လိပ်စာကို တောင်းကာ အကြောင်းပြန်လိုက်မည်ဖြစ်ကြောင်း ပြောလိုက်ကာ စကားဝိုင်းကို အဆုံးသတ်လိုက်၏။ စိတ်ထဲတွင်တော့ ဆိုင်သိမ်းပြီးသည်နှင့် ဤကိစ္စကို နန်းဖြိုးဝေနှင့် တိုင်ပင်မည်ဟုသာ တေးထားလိုက်တော့သည်။