အပိုင်း (၅)
နန်းဖြိုးဝေ ဝသန်မိုးစက်၏ အိမ်ပေါ်ကဆင်းလာခြင်းအကြောင်းစုံကို သိရပြီးသောအခါတွင် ခံစားချက်ပေါင်းစုံရောပြွန်းနေ၏။ စိတ်ပဲတိုရမည်လား၊ မချိတင်ကဲပဲ ဖြစ်ရမည်လား၊ သူငယ်ချင်းအတွက် စိတ်မကောင်းပဲ ဖြစ်ရမလား စသည် စသည်ဖြင့်။ ပြောနေသူမှာ အေးဆေးစွာပြောနေသော်လည်း နားထောင်ရသူမှာတော့ ခံစားချက်ပေါင်းများစွာ ဝင်ရောက်လာရ၏။
နောက်တွင် ဝသန်မိုးစက်က ထိုအကြောင်းကို စကားစဖြတ်ကာ တိုင်ပင်စရာရှိသည်ဟု ပြောလာ၏။ ဆက်ပြောရန် အချက်ပြသောအခါတွင်ကား
“ဒီနေ့ စာရေးသူမြူနှင်းငွေ့ကို ရှာတဲ့ အမျိုးသားကို မှတ်မိတယ်မလား”
“အင်း မှတ်မိတယ်။ ငါတော်တော်အံ့ဩသွားတာ။ သူက နင်ဒီမှာ ရှိမှန်းသေချာသလို ပြောနေလို့”
“ငါ….. သူ့ကို မြူလွှာနဲ့ သိတယ်လို့ ထင်မိတယ် ပြီးတော့ သူ့ကို မြူလွှာ ဒီလာခိုင်းတယ်လို့ ထင်မိတယ်”
“ဘယ်လို??” နန်းဖြိုးဝေတစ်ယောက် လိုက်မမီတော့ပါပေ။ ထိုအမျိုးသားနဲ့ မြူလွှာ မည်သို့ဆက်စပ်သလဲဆိုတာကို သူတွေးမရ။
“အဲအမျိုးသာက ပြောတယ်။ သူ့နာမည်က ရဲမာန်ရှိန်တဲ့။ မိုးတိမ်လွှာစာအုပ်တိုက်ကတဲ့။ စာရေးသူ မြူနှင်းငွေ့ ဒီမှာ ရှိတယ်လို့ သူသတင်းရလို့တဲ့။ အဲမှာ ငါတွေးမိတာက ငါ့ရေးဟန်ကို သူကောင်းကောင်းမှတ်မိမှာပဲလို့လေ။ ပြီးတော့ သူငါ့ကို ရှာတဲ့အချိန်မှာ ဒီဆိုင်ကိုတွေ့မယ် ငါသူ့ကို ပြောဖူးတယ်။ စာဖတ်လို့ရတဲ့ ကော်ဖီဆိုင်လေး ဖွင့်မယ်လို့။ ပြီးတော့ ဆိုင်အပြင်အဆင်ကို အပင်လေးတွေနဲ့ အေးအေးချမ်းချမ်း ဖြစ်ရမယ်လို့။ ပြီးတော့ ဆိုင်နာမည်ကိုက Summer Vibe လို့ပေးမယ်ဆိုပြီး။”
နန်းဖြိုးဝေသည်တော့ သူ့သူငယ်ချင်းဖြစ်သူကို ဩချသွားရသည်။ မြူလွှာ့နှင့်ပတ်သတ်သော အမှတ်တရအားလုံးကို အခုထိမှတ်မိနေသေးသည်။ ခုနစ်နှစ်ဆိုသော အချိန်ကာလသည် သူ့ကိုများစွာတိုက်စားစေခဲ့သော်လည်း မြူလွှာ့နှင့် ပတ်သတ်သော အကြောင်းအရာများပါမည့်ပုံမပေါ်။ အခုပြောနေပုံမှာလည်း မြူလွှာ့ကို လွမ်းဆွတ်နေသည့်ပုံပေါ်သည်။
တကယ်တော့ ဝသန်မိုးစက်သည် မြူလွှာနှင်းစက်၏မျက်နှာပင် မမြင်ဖူးပါ။ နာမည်တစ်လုံးတည်းသာသိသည်။ သူတို့၏ အမှတ်တရများမှာလည်း Online ပေါ်တွင်သာရှိ၏။ မြူလွှာ၏ ACC မှာ ဝင်သူမရှိဖြစ်သည်မှာ ကြာပြီဖြစ်သော်လည်း မိုးစက်သည်တော့ ထိုအချိန်က ACC ကိုသာ အခုထိသုံးနေဆဲဖြစ်သည်။
နန်းဖြိုးဝေ ဘာမှဆက်မပြောနိုင်ခင်မှာပင် ဝသန်မိုးစက်က ဆက်ပြောလာ၏။
“ငါလဲ စာအုပ်တိုက်ကလို့ ကြားတာနဲ့ စာအုပ်ထုတ်ဖို့ လာကမ်းလှမ်းတာလားလို့ မေးလိုက်တယ်။ သူကလဲ ဟုတ်ပါတယ်တဲ့။ ပြီးတော့ ‘တိမ်တိုက်ကဲ့သို့ ပျောက်ကွယ်သွားသူ’ ဝတ္တုကို စာအုပ်ထုတ်ချင်လို့တဲ့။ အဲဝတ္တုက ငါ့ပထမဆုံးဝတ္တု။ သူ့အကြောင်းတွေချည်း ရေးထားတာ။ ငါလက်လှမ်းမိသလောက်ပေါ့လေ။ အဲတာလဲ နင်သိပြီးသားပဲ။ အဲချိန်မှာ ငါ့စိတ်တွင် ကယောက်ကယက်ဖြစ်နေပြီ။ ဘာမှ မတွေးနိုင်တော့ဘူး။ အဲတာနဲ့ ဆက်သွယ်မဲ့ ဖုန်းနံပါတ်နဲ့ mail ကိုပဲ တောင်းလိုက်ပြီး စကားစဖြတ်လိုက်တယ်”
နန်းဖြိုးဝေ ဝသန်မိုးစက်ကို ဂရုဏာသက်မိသည်မှာ အမှန်။ ခုနစ်နှစ်ကြာသည်အထိ တစ်ချက်မှ အဆက်အသွယ်မလုပ်သူကို အခုထိ တမ်းတနေဆဲဖြစ်သော ဝသန်မိုးစက်။ အခြားအချိန်တွင်သာ ဝသန်မိုးစက် စိတ်အေးအေးထားနိုင်မည်။ မြူလွှာနဲ့ ပတ်သတ်လာရင်တော့ လုံးဝကို စိတ်အေးနိုင်သူမဟုတ်။ ဒီကိစ္စတွင်လဲ သူငယ်ချင်းအနေဖြင့် သူဝင်ပါရတော့မည်ထင်သည်။ ထို့ကြောင့် သူငယ်ချင်း ဖြစ်သူ၏ အတွေးကို မေးလိုက်လေ၏။
“နင့်အတွေးကရော ဘယ်လိုလဲ။စာအုပ်ထုတ်မယ်လို့ စဉ်းစားထားလား။”
ဤသည်မှ ဝသန်မိုးစက်ဝေဝါးနေသော အချက်ဖြစ်၏။ လာကမ်းလှမ်းသောသူသည် မြူလွှာဖြစ်သည်ဆိုသည်မှာ သေချာလျှင် သူ့အနေဖြင့် ကိစ္စမရှိလှ။ သို့ရာတွင် သူ့မှန်းချက်လွဲကာ မြူလွှာမဟုတ်ခဲ့ပါလျှင်ရော။ ဤသည်ကို သူတွက်ရမည်ဖြစ်သည်။ သို့သော် သူသည် ကိုယ့်ကိုယ်ကိုယ်စာရေးဆရာမအဖြစ် ခံယူပြီးသားဖြစ်သည်။ သူရေးသော ဝတ္တုကို စာအုပ်အဖြစ် မြင်ချင်သေးသည်။ ပထမဆုံးဝတ္တုဖြစ်သည့် အားလျော်စွာ လိုအပ်ချက်များစွာရှိမည်ဖြစ်သော်လည်း ပြင်ဆင်လိုက်ပါက ဝတ္တုအဆင့်မီနိုင်ပေမည်။ ဆိုရလျှင် သူစိတ်နှစ်ခွဖြစ်နေခြင်းဖြစ်၏။
နန်းဖြိုးဝေတစ်ယောက် သက်ပြင်းသဲ့သဲ့သာ ချလိုက်မိသည်။ မိုးစက်အမူအရာအရ သူဝေခွဲမရဖြစ်နေ၏။ နန်းဖြိုးဝေသည်တော့ သူ့ငယ်ချင်းရေးသော ဝတ္တုကို စာအုပ်အဖြစ် မြင်ချင်သည်မှာ အမှန်။ မည်သို့ပင်ဆိုစေ ကာယကံရှင်ကိုယ်တိုင်က တုတ်တုတ်မလှုပ်ပါက သူ့ဘက်မှ အတင်းတိုက်တွန်းလိုခြင်းမရှိပါပေ။
အချိန်အတော်ကြာသည်အထိ လေထုမှာ ငြိမ်သက်လျက်ရှိ၏။ မည်သူတစ်ဦးတစ်ယောက်မှ စကားပြောခြင်းမရှိပါပေ။
မိနစ်အနည်းငယ်အကြာတွင် တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သူမှာ ဝသန်မိုးစက်ဖြစ်၏။
“ငါ စာအုပ်ထုတ်ချင်တယ်။ စာအုပ်တိုက်နဲ့ ဆွေးနွေးလို့ အဆင်ပြေတယ်ဆိုရင် တိမ်တိုက်ကဲ့သို့ ပျောက်ကွယ်သွားသူ ဝတ္တုကို စာအုပ်ထုတ်မယ်။”
ဤဆုံးဖြတ်ချက်ကို ချလိုက်သော ဝသန်မိုးစက်၏ စိတ်ထဲတွင်မူ စာအုပ်အဖြစ် ထွက်လာသောအခါတွင် ထိုစာအုပ်ကို မြူလွှာမြင်တွေ့ကာ ဖတ်စေလိုသော မျှော်လင့်ချက်သဲ့သဲ့လေးပါနေပါ၏။
နန်းဖြိုးဝေသည်လည်း သူ့သူငယ်ချင်း၏ ဆုံးဖြတ်ချက်ကို ဝမ်းသာအားရဖြစ်စွာ အားပေးလိုက်တော့သည်။ နောက်တွင်မူ စာအုပ်တိုက်နှင့် တိုင်ပင်ဆွေးနွေးရမည့်အချက်များကို နှစ်ဦးသားတိုင်ပင်ကြပါတော့၏။