Chapter 2
ဇာတ်ပို့အဖြစ်နှစ်တစ်ရာ
အပိုင်း (၂)
Author (s) 이프노스 , Hipnose
Translator Akira
ဒီလို ရူးကြောင်ကြောင်လူ ဖြစ်လာရတာကို ငါအခုထိ မယုံနိုင်သေးဘူး။ ဒါလီယာ ဖြစ်လာရတာက နောက်ထပ် ထပ်ပြီး သာသာယာယာ ရှိမှာ မဟုတ်တော့ဘူး။ ဒါပေမဲ့ ငါမထိန်းချုပ်နိုင်တဲ့ အရာတွေကို ပူဆွေးနေရတာက အချိန်ဖြုန်းတာပဲ။ အခုချိန်မှာ ငါတော်တဲ့အရာကတော့ ဒါကို ဖြတ်ကျော်ဖို့ အချိန်စောင့်ရတာပဲ ဖြစ်မယ်။
ဒီဝတ္ထုရဲ့ ခေါင်းစဉ်က ‘နဂါးပြာရဲ့ အမွေဆက်ခံသူ ဂျူးလိယက်’ ဖြစ်တယ်။ ဇာတ်လိုက်က မွေးမွေးချင်း စွန့်ပစ်ခံလ်ိုက်ရပြီး အသက် ၆နှစ် အထိ မိဘမဲ့အဖြစ် လမ်းတွေပေါ်မှာ လျှောက်သွားနေခဲ့ရတယ်။ နောက်တော့ သူက အားကောင်းတဲ့ မှော်မျှော်စင်ကြီးရဲ့ ပိုင်ရှင် ဖြစ်လာမယ့် လူတစ်ယောက်ကို အခွင့်ကြုံပြီး ကယ်လိုက်တယ်။
ခေါင်းစဉ်ရော ဇာတ်လမ်းရောက အရမ်း ကလေးဆန်တယ်။ ငါ အဲ့ဒါဖတ်ရတာကို မကြိုက်ဘူး။ ဒါပေမဲ့ အဲ့ဒါက အချိန်ဖြုန်းဖို့ ဖတ်ရတာဆိုရင်တော့ တန်ပါတယ်။ အဲ့ဒါကြောင့်မို့ ငါက ဝတ္ထုထဲကို အာရုံမြှုပ်ထားတာပဲဖြစ်တယ်။ တကယ်တမ်း ရိုးရိုးသားသား ပြောရမယ် ဆိုရင်တော့ ငါအဲ့ဒါကို နည်းနည်းတော့ ကြိုက်ပါတယ်။
အမျိုးသား ဇာတ်လိုက် ဂျူးလိယက်က သူ မျှော်စင်ထဲဝင်သောအခါမှာ ပထမဆုံး တွေ့ခဲ့တဲ့ ခေးချန်း တန်နေဘရေနဲ့ သူငယ်ချင်းဖြစ်သွားတယ်။ ဘယ်လိုနေနေ ဝတ္ထုသည် ဂျူးလိယက်က ရန်သူတွေ စီစဉ်ထားတဲ့ အကြံဆိုးကြောင့် အချိန်အကြာကြီး ပျောက်ဆုံးနေတဲ့ အင်ပါယာ၏ သားဖြစ်ကြောင်းကို ဆက်ပြောသွားတယ်။
အဲ့ဒါက အရမ်းတော့ အံ့ဩစရာ မကောင်းပါဘူး။ ဒီလိုမျိုး ဝတ္ထု အမျိုးအစားတွေမှာ ဇာတ်လိုက်ရဲ့ လျှို့ဝှက်ဇစ်မြစ်နဲ့ မျိုးရိုးလို ဥပစာတွေ ရှိတတ်ကြတာပဲလေ။ စာရေးသူက အဲ့ဒါကို သိတာကြောင့် နောက်ပိုင်း ‘ဇာတ်လမ်းလှည့်ကွက်’ အဖြစ် မသုံးတာလည်း ဖြစ်လောက်မယ်။
ဒါကြောင့် ဇာတ်လိုက်က စမ်းသပ်မှုတွေ အခက်အခဲတွေ အများကြီး ပြီးတဲ့နောက်မှာ နန်းလျာမင်းသားအဖြစ် အဆင့်တက်သွားတယ်။ ၅နှစ် ကြာပြီးနောက် ‘Acrab’နယ်မြေမှာ ပုံမှန်မဟုတ်တဲ့ တားမြစ်ခံထားရတဲ့ မှော်ပညာကို တွေ့ရှိခဲ့တယ်။
အဲ့ဒီထူးဆန်းတဲ့ မှော်အစွမ်းကနေရာကို ပိတ်ဆို့ထားပြီး ဘယ်သူမှလည်း အထဲဝင်မရသလို အပြင်လည်း ထွက်မရပေ။ ဝတ္ထုတစ် လျှောက်လုံး တိတ်ဆိတ်နေပြီး ဘာကိုမှ လက်တွေ့ကျကျ သဘောမကျတဲ့ ခေးချန်းက ဒီအချိန်မှာတော့ စိတ်ဝင်စားသွားခဲ့တယ်။
သဘာဝကျကျပင် ခေးချန်းသည် Acrabကို ကယ်တင်ဖို့ ချက်ချင်း ခရီးထွက်ရန် ဆုံးဖြတ်လိုက်ကာ ဂျူးလိယက်လည်း လိုက်ပါခဲ့ပြီး ခေးချန်းကို သူ့အနားနေဖို့ ပြောလိုက်တယ်။ သူက ခေးချန်းစိတ်ဝင်စားတဲ့ အချိန် မှော်ကို လေ့လာဖို့ အခွင့်အရေးကို အသုံးချဖို့လည်း သူ့ကို တိုက်တွန်းလိုက်သေးတာ။
ဂျူးလိယက်က သူ့ဘေးမှာ အကူတစ်ယောက်နှင့် အားအကောင်းဆုံး မှော်စွမ်းအားရှင် တစ်ယောက်ကို ရလိုက်ပြီး ထီးရိုးနန်းနွယ်တွေလိုမျိုး အခြားသူရဲ့ အလုပ်ကို ကူးချယူတဲ့ ဂျက်ဇ်နှင့် အကုန်လုံးကို လုပ်တဲ့ခေးချန်း ဖြစ်တယ်။
ငါ ထထိုင်လိုက်တယ်။ ဒါလီယာက အဲ့ဒီအချိန်တုန်းက အချိန်မှော်မှာ ပိတ်မိနေခဲ့တာ။ ဒါလီယာက ခေးချန်း သူ့ကို မကယ်ခင်အထိ ဘာမှ မတတ်နိုင်ခဲ့ပေ။ တဖြည်းဖြည်းနှင့် သူက ရူးသွားပြီး ကျန်တဲ့ ဘဝတစ်လျှောက်လုံး အဲ့ဒီလိုပဲ နေသွားခဲ့တယ်။ ဒါလီယာဆိုသည့် ဇာတ်ကောင် အတွက်ကတော့ ဇာတ်သိမ်းသည် ဝမ်းနည်းဖွယ်ကောင်းလှတယ်။ ငါအခုဝင်နေတဲ့ ခန္ဓာကိုယ်က ဒုတိယ အခန်းကျရင် အဆုံးသတ်သွားမှာ ဖြစ်ပြီး ကံမကောင်းစွာနဲ့ပဲ ငါက သူ့ခန္ဓာကိုယ်ထဲမှာ နိုးထလာခဲ့တယ်လေ…
များသောအားဖြင့် ကူးပြောင်းခြင်းနဲ့ ပတ်သက်တဲ့ ဝတ္ထုတွေမှာ ဇာတ်ကောင်တွေက ဝတ္ထုရဲ့ အစမှာ ဝင်ရောက်သွားကြတယ်။ ဒါပေမဲ့ ငါကျ ဇာတ်ရှိန်တက်နေတဲ့ အလယ်ခေါင်ကြီးမှာ ပစ်ချခံလိုက်ရတယ်။
အဆိုးဆုံး အရာကတော့ Acrabက အချိန်မှော်မှာ ပိတ်မိနေနှင့်ပြီးဖြစ်ခဲ့ပြီး တစ်ချက်လောက် ကြည့်လိုက်ရင် မထင်ရပေမဲ့ ၃နှစ်ကာလသည် ကုန်လွန်သွားခဲ့ပြီးပြီ ဖြစ်တယ်။ဒါပေမဲ့ ဒါလီယာက အချိန်မှော်မှာ ၃ နှစ်အထိ မခံနိုင်ခဲ့ပေ။
ဒါပေမဲ့လည်း အခုချိန်မှာတော့ ငါက ဒီခန္ဓာကိုယ်ရဲ့ ပိုင်ရှင် ဖြစ်ပြီး ငါက ရူးသွားမှာ မဟုတ်ဘဲ ငါ့ကို ကယ်လိုက်တာနဲ့ ငါ့လက်ကျန်ဘဝကို သက်သောင့်သက်သာနဲ့ ဖြတ်သန်းသွားမှာ ဖြစ်တယ်။
“ဟုတ်တယ်။ ခေးချန်းက သေချာပေါက် Acrabကို လာကယ်လိမ့်မယ်”
ငါ လက်သီးဆုပ်လိုက်ပြီး ပြတင်းပေါက် အပြင်ဘက်ကို ကြည့်လိုက်တယ်။ အပြင်ဘက်ကို မမြင်ရအောင် ကာထားတဲ့ ပင့်ကူအိမ်တွေကိုပဲ ငါမြင်လိုက်ရပြီး အဲ့ဒါက ငါ့ရဲ့ မှုန်မှိုင်းနေတဲ့ အနာဂတ်ကို သတိပေးနေတာပဲ ဖြစ်တယ်။ အရမ်း စိတ်ညစ်ဖို့ ကောင်းတာပဲ…
အဓိပ္ပာယ်မရှိလိုက်တာ။ ဒီစိတ်ပျက်စရာ အိမ်ထဲမှာ လာပိတ်မိနေရတယ်လို့။ ငါအနောက်ကို တစ်ချက် ဆုတ်လိုက်တော့ ပုလင်းခွံတွေထဲက တစ်လုံးကို တက်နင်းမိပြီး နောက်ပြန်လဲကျသွားတယ်။ ခေါင်းက နံရံနဲ့ တိုက်မိသွားပြီး အတော်ကို နာသွားတာ။
“ဘယ်လောက်တောင် အသုံးမကျတဲ့ အရက်သမားလဲ”
ငါအော်လိုက်တယ်။ ဒေါသနဲ့ ခါးသီးတဲ့ ခံစားချက်တွေလည်း ပြုံတက်လာပြီး အဲ့ဒီလို အော်နေတာကလည်း အသုံးမဝင်ဘူး။ ဒါလီယာက အခု ငါလေ။ သူ့ကို အော်ပြီး ကျိန်ဆဲနေတာက ဘာမှ ဖြစ်လာမှ မဟုတ်ဘူး။
ငါ့ခေါင်းနောက်ကို ပွတ်ရင်း ပုလင်းကို ကန်လွှင့်ပစ်လိုက်တယ်။ ဒီလို ကောင်းတဲ့ အိမ်ကြီးကို ရွံစရာကောင်းအောင် ထားမှတော့ ဒီလိုအိမ်ရှိတာ ဘာအတွက်လဲ … စိတ်ပျက်စရာပဲ။
အချိန်မှာ ပိတ်မိနေတဲ့ Acrabဆိုတဲ့ ဒီနေရာမှာ တူညီတဲ့နေ့တွေကပဲ ထပ်တလဲလဲ ဖြစ်ပျက်နေတယ်။ သဘောက ငါ တစ်နည်းနည်းနဲ့ အိမ်ကို သန့်ရှင်းလိုက်ရင်တောင် အဲ့ဒါက ငါဘယ်နှကြိမ်ပဲ လုပ်ပါစေ ယိုယွင်းနေတဲ့ အခြေအနေကို တဖြည်းဖြည်းနဲ့ ပြန်ရောက် သွားမှာပဲ ဖြစ်တယ်။
အခုချိန်မှာ ငါတစ်ယောက်ထဲပဲ အသိရှိပြီး ကျန်တဲ့သူတွေ အကုန်လုံးက ဒီနေ့မှာ သူတို့လုပ်သမျှကို နောက်နေ့တွေမှာလည်း သူတို့ရဲ့ ‘ပုံမှန်နေ့’ လိုမျိုး ထပ်တလဲလဲ ပြန်လုပ်နေကြမှာပဲ။ ဒီဟာ ရက်စက်ကြမ်းကြုတ်တဲ့ မှော်တစ်မျိုးပဲ။ အဲ့ဒါကို သိတဲ့ တစ်ဦးတည်းသောသူကတော့ ငါဆိုတဲ့ ဒါလီယာပဲ ဖြစ်တယ်။ တခြားသူတွေကတော့ အဲ့ဒါကို မသိဘဲ တူညီတဲ့နေ့ကို တူညီတဲ့ ပုံစံအတိုင်းပဲ ဖြတ်သန်း နေကြတယ်။
“ငါ အကယ်မခံရခင် ငါ့ရဲ့ ကျွမ်းကျင်မှုတွေ ကို တိုးတက်အောင် လုပ်တာ ကောင်းလိမ့်မယ်”
ဝတ္ထုထဲမှ ဒါလီယာက Acrabကို ဝန်းရံနေတဲ့ အချိန်မှော်ထဲမှာ ၅နှစ်ကြာ ပိတ်မိနေခဲ့တယ်။ သူ အကယ်မခံရခင် ၂နှစ် ကျန်သေးတယ်။ သတင်းကြားကြားချင်း နေရာကို အပြေးလာမယ့် ခေးချန်းအတွက်တော့ Acrab မှာ ၅နှစ်က နာရီအနည်းငယ်ပဲ ရှိသေးတယ်။ ဆိုလိုချင်တာက ငါ ဒီမှာ ၅နှစ်ကြာ ပိတ်မိနေခဲ့ရင်တောင် အပြင်မှာ နာရီအနည်းငယ်ပဲ ကြာဦးမှာ ဖြစ်သည်။
အနည်းဆုံးတော့ ငါ့ကို ဒီမှာ ပိတ်ထားခဲ့တဲ့ လူတွေအတွက် ငါပြန်သွားသင့်တယ်။ ဝတ္ထု ဇာတ်သွားက ဒုတိယပိုင်း အဆုံးကို ရောက်နှင့်လို့ နေပေမဲ့လည်း ဒီဝတ္ထုက ဇာတ်လိုက်ရဲ့ အရွယ်ရောက် အောင်မြင်မှု အကြောင်း ဖြစ်ပြီး ဇာတ်လမ်း ပိုတိုးတက်လာလေလေ ရန်သူများလည်း ပိုသန်မာလာလေလေဖြစ်တာမို့ ငါ ရှင်သန်ဖို့ အတွက် သန်မာဖို့ လိုတယ်။
ငါက အေးအေးဆေးဆေး သက်သောင့်သက်သာ နေချင်ပေမဲ့လည်း အဲ့ဒါက သန်မာတဲ့သူတွေ အတွက် အထူးအခွင့်အရေး ဖြစ်ပြီး ငါသာ အားနည်းနေရင် အမြဲပဲ အန္တရာယ်ကြား ကျရောက်နေမှာပဲ။
“ပိုဆိုးသွားတာက ငါက ဒီဝတ္ထုရဲ့ တတိယပိုင်း အလယ်ထိပဲ ဖတ်ရသေးတာပဲ…”
ဘယ်သူက ဒီဝတ္ထုမှာ အရေးကြီးတဲ့ ဗီလိန်လဲ ဒါမှမဟုတ် ဇာတ်လိုက်က အင်ပါယာ ဖြစ်သွားပြီး ပျော်ပျော်ရွှင်ရွှင် နေနိုင်ပါ့မလား ဆိုတာတောင် ငါမသိဘူး။ ဖြစ်နိုင်ခြေတွေကတော့ အဆုံးမရှိပါဘူး။ ဒီဝတ္ထုမှာ တိကျတဲ့ အဆုံးသတ်မရှိလို့ မူးရင်းဝတ္ထု ရှုပ်ယှက်ခတ်သွားမလား၊ မခတ်ဘူးလား ဆိုတာက ငါ့အလုပ်မဟုတ်ဘူး။ ငါထပ်ပြီး အချည်းအနှီး မသေချင်တော့ဘူး။ ငါလုပ်ရတာကြိုက်တဲ့အရာတွေ အများကြီးရှိပြီး ငါ အဲ့ဒါကို လုပ်နိုင်သေးတယ်လေ…
SWARA WEBNOVEL TRANSLATION