Chapter 3
ဇာတ်ပို့အဖြစ် နှစ်တစ်ရာ
အပိုင်း (၃)
Author(s) 이프노스 , Hipnose
Translator Akira
ဇာတ်လမ်း အဆုံးသတ်ကို မသိနိုင်လိုက်တဲ့အတွက် ငါအကြာကြီး နောင်တရနေမိတယ်။ ဒါက ငါရှာဖွေရမယ့် အခွင့်အရေးပဲ။
ဒီခန္ဓာကိုယ်က ငါဘာပဲလုပ်လုပ် အစကလို ပြန်ဖြစ်သွားမှာပဲ။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် စိတ်ပိုင်းဆိုင်ရာ တိုးတက်စေမှာကတော့ ငါသေချာတယ်။ ပြီးရင်တော့….ငါသန်မာလာနိုင်ပါတယ်။
တူညီတဲ့နေ့တွေပဲ ထပ်တလဲလဲ ဖြစ်နေတဲ့ ဒီကမ္ဘာမှာ တစ်ယောက်တည်း နေရတာက စိတ်ဓာတ်ကျစရာပါပဲ။ ဒါလီယာရဲ့ ခန္ဓာကိုယ်က ဆိုးဆိုးရွားရွားကို အရက်စွဲနေတယ်။ သူပြန်ပြီး အရက်ထပ်မသောက်ရင် သူ့ရဲ့လက်တွေက တုန်နေတယ်။ တကယ်လို့ ငါ အရက်သောက်တာကို အခုရပ်လိုက်မယ် ဆိုရင်တောင် သူ့ခန္ဓာကိုယ်က နောက်နေ့ကျ ဒီအခြေအနေပဲ ပြန်ဖြစ်သွားမှာပဲ။
“အိုး…ဒါက အတော်ဆိုးတဲ့ ခန္ဓာကိုယ်ပဲ။ သုံးစားလို့ကိုမရဘူး။”
ငါဒီကနေ လွတ်တာနဲ့ ပထမဆုံး လုပ်မှာက အရက်ဖြတ်ပြီး ဒီတုန်ယင်နေတာကြီးကို ပြုပြင်ဖို့ပဲ။ ခေးချန်း မရောက်ခင်တော့ ငါ့ဆင်ခြင် တုံတရားကိုပဲ မှီခိုပြီး နေရမှာပဲ။ တစ်ခုခုကို သင်ယူနေတာက စိတ်ကို စုစည်းပြီး အာရုံပြောင်းဖို့ အတွက် အကောင်းဆုံး နည်းလမ်းပဲ။ ငါတော်လောက်မယ့် အရာတွေကို ရှာဖွေဖို့ ကြိုးစားတာကတော့ မဆိုးလောက်ပါဘူး။
ငါ့မျက်လုံးတွေ ဝါးနေခဲ့တယ်။ ဒီလိုဖြစ်နေတာ ဘယ်လောက်ကြာပြီလဲ။ ဒီခန္ဓာကိုယ်ကို စစချင်း ရောက်တုန်းက ငါ့ရဲ့ ဆုံးဖြတ်ချက်ဟာလည်း စတင် လျော့ကျလာတယ်။ တစ်ခုခုကို လေ့လာနေတာက ငါ့အချိန်တွေ ကုန်ဆုံးဖို့ အကောင်းဆုံး နည်းလမ်းပါ။ ဒါပေမဲ့ လူတစ်ယောက်က ဘယ်လောက်ထိ အဲ့ဒီလို ဆက်လုပ်နေနိုင်မလဲလေ။
၁၀နှစ်လား။ အနှစ် ၂၀လား။ တကယ်လို့ ဝန်ထုပ်ဝန်ပိုးတွေကို မျှဝေလို့ရမယ့် လူတစ်ယောက်လောက်ရှိရင်တော့ အဲ့ဒီလိုဆက်လုပ်ဖို့က ပိုလွယ်လာလောက်မှာပါ။ ဒါပေမဲ့ ငါ့အတွက် ဒီလိုကြီးက ဘယ်လောက်ကြာဦးမှာလဲ။
ကောင်းကင်ကြီးက ကြည်လင်နေပြီး လူတွေက ပြုံးလျက်ပဲ ငါ့ဘေးကနေ ဖြတ်သွားကြတယ်။ ငါ နံရံတစ်ခုကို စိတ်မပါတပါမှီပြီး စီးနေတဲ့ စမ်းချောင်းကို ကြည့်နေလိုက်တယ်။ ငါ့ကိုပါ သယ်ဆောင်သွား စေချင်တယ်။
ဒါပေမဲ့ အဲ့ဒါက ငါ့ကို မသေစေနိုင်ပါဘူး။ ရေစီးကြောင်းက နည်းပြီး ရေက တိမ်လွန်းတယ်။ ငါ့လက်ထဲမှာ အချိန်တွေအများကြီးနဲ့ ငါ့ကျွမ်းကျင်မှုတွေ စွမ်းရည်တွေကို တည်ဆောက်ချင်တဲ့ ခိုင်မာတဲ့စိတ်ရှိပါတယ်။ ဒါပေမဲ့လည်း အချိန်တွေများလွန်းတာက လူတစ်ယောက်ကို စိတ်ဓာတ်ကျ လက်လျှော့စေနိုင်တယ်။ အဲ့ဒါက ကိုင်တွယ်ဖို့အတွက် ခက်ခဲလွန်းတယ်လေ။
ဘာတစ်ခုကမှ ရွေ့လျား ပြောင်းလဲခြင်းမရှိရင် ‘ဂျူးလိယက်ကို အင်ပါယာဖြစ်အောင် လုပ်ပေးခြင်းအားဖြင့် ဝတ္ထုကို ပြီးမြောက်အောင် ကူညီပါ’ လို့ ရေးထားတောင် အသုံးဝင်မှာမဟုတ်။ ငါ Acrab ကနေ လွတ်မြောက်ဖို့ ကြိုးစားလိုက် ရှုံးနိမ့်လိုက်၊ ဒီလို ဆိုးရွားတဲ့ နေ့ကြီးက ထပ်တလဲလဲ ပြန်လည်ပတ်လိုက်နဲ့ ရူးတော့မှာပဲ။
ငါ့လက်တွေက တုန်ယင်လာပြန်ပြီ။ ရင်းနှီးနေတဲ့ ဝိုင်ပုလင်းကို ကောက်ကိုင်ပြီး ငါ မော့ချပစ်လိုက်တယ်။ ငါက ကမ္ဘာပေါ်က အချိန်အားလုံးနဲ့ ဆိုးဆိုးဝါးဝါးကို လွတ်လပ်နေတာပဲ။ ငါသေလောက်အောင်ကို ပျင်းပြီး အထီးကျန်နေပြီ။
တစ်ယောက်ယောက်က လာပြီး ဒါကြီးကို အဆုံးသတ်ပစ်လိုက်မယ်လို့တော့ ထင်ပါတယ်။
“ဘယ်အချိန်မှ ငါ့ကို လာကယ်မှာလဲ”
ငါအော်ဟစ်ပြီး ပုလင်းခွံကို စမ်းချောင်းထဲ လွှင့်ပစ်လိုက်တယ်။
နေရာ အနည်းငယ် အကွာက အမျိုးသမီးက အဝတ်လျှော်ရင်း ငါကိုကြည့်ပြီး တီးတိုးပြောနေတယ်။ ဒါပေမဲ့ ငါဂရုမစိုက်ပါဘူး။ Acrabက လူငယ်တွေက ခေါင်းညိမ့်လျက် တံတားကို ဖြတ်သွားနေကြတယ်။ ဘယ်လောက်ပဲ ငါပင်ပင်ပန်းပန်း ကြိုးစားပါစေ သူတို့ကတော့ ပုလင်းကိုင်ပြီး လျှောက်သွားနေတဲ့ အရက်သမား အမျိုးသမီးကိုပဲ မြင်တယ်။
မြို့စားဖြစ်ရတာ ဘာလုပ်ဖို့လဲ။ ငါ့ကို လေးလည်း မလေးစားကြဘူး။ အားလည်း မကိုးကြဘူး။ ယုံတောင်မယုံကြည်ကြဘူး။ ကြီးမားတဲ့ လုပ်ပိုင်ခွင့်ရထားတာ ဘာအရေးလဲ။ ငါ့မှာ ပိုက်ဆံတောင်မရှိဘူး။ ငါ့မှာ ရှိတာဆိုလို့ ပြုပြင်ဖို့ လိုအပ်နေတဲ့ ပြိုကျလုနီးပါး ပျက်စီးနေတဲ့ အိမ်ကြီးတစ်လုံးပဲ ရှိတယ်။
“ဘာတွေ ကြည့်နေကြတာလဲ”
ငါ့အနားက တိုးတိုး တိုးတိုး ပြောနေကြတဲ့ လူတွေကို တကယ့် အရက်မူးသမားလိုမျိုး ငါအော်ပစ်လိုက်တယ်။ မျက်ရည်တွေကြောင့် မျက်လုံး ဝါးလာပြီး ငါ ခလုတ်တိုက်မိသွားတယ်။ ကိုယ့်စိတ်ကိုယ်ထိန်းပြီး သေချာပြန်ရပ်လိုက်တယ်။
ဘယ်လောက်ကြာသွားပြီလဲ။ နှစ်တစ်ရာ…. ငါ့အသက်က တစ်ရာဝန်းကျင်လောက်ရှိနေပြီ။
“ချီးပဲ နှစ်တစ်ရာလား။ ငါက ဒါကို ဘယ်လိုများ သည်းခံနေနိုင်တာလဲ။ ချီးပဲ ဇာတ်လိုက်လဲ ချီးပဲ စုန်းလို့ ခေါ်တဲ့ကောင်လည်း ချီးပဲ”
လူတွေ ကြည့်နေတာကို လျစ်လျုရှုပြီး ငါ အော်ပစ်လိုက်တယ်။ ငါဘယ်တုန်းကမှ ကျိန်ဆဲလေ့မရှိခဲ့ဖူးဘူး။ ငါကျိန်ဆဲတိုင်း ငါ့သူငယ်ချင်းတွေက ငါ့ကို ဆဲလို့ဆိုပြီး အပြစ်တင်ဆုံးမလိမ့်မယ်။
ဒါပေမဲ့ အခုတော့ ငါ့ဆီလာပြီး အဆဲရပ်ဖို့ တိုက်တွန်းတဲ့ သူမှန်သမျှကို ငါ ရိုက်ပစ်လိုက်လို့ရပြီ။ ဘယ်သူက ဂရုစိုက်လို့လဲ။ ငါ့ဘဝကြီးက ပြီးဆုံးသွားပြီ။ ငါမြေကြီးပေါ် ဒူးထောက်ပြီး ငိုပစ်လိုက်တယ်။ ဒီကမ္ဘာမှာ ဘယ်အရာကမှ ပြောင်းလဲမသွားဘူး။ အရာအားလုံးက တစ်ပုံစံတည်းပဲ တည်ရှိနေတယ်။ ချီးပဲကွာ။ တစ်ယောက်ယောက်လောက်…. ကျေးဇူးပြုပြီးတော့. ..ငါဘာမဆို…..ဘာကိုမဆို…လုပ်ပါ့မယ်။ ငါ့ကို ဒီက ကယ်ထုတ် ပေးကြပါ။
ဆုတောင်းလည်း အလကားပဲ။ ဘယ်သူမှ မကြားဘူး။ ငါကောင်းကင်ကြီးကို ကြည့်ပြီး အလေးအနက် ဆုတောင်းရင်တောင်မှ စူးရှပြီး တလက်လက်တောက်ပတဲ့ နေရောင်ကြောင့် ငါ့မျက်လုံးတွေ လောင်ကုန်တာပဲ ရှိမယ်။ ငါ အပတ်တိုင်း ဒီလို လုပ်နေပေမဲ့လည်း ငါကလွဲပြီး ဘယ်သူကမှ မမှတ်မိကြဘူး။
တစ္ဆေ ဖြစ်တာမှ ကောင်းဦးမယ်။ ဘယ်လိုနေနေ ဘာကွာလို့လဲ။ ငါကောင်းကင်ကို မော့ကြည့်လိုက်တယ်။ ဒါကြီးက ဘယ်တော့မှ အဆုံးသတ်မှာလဲ။ ကောင်းကင်က နက်မှောင်လာပြီး ဒီမှောင်မိုက်တဲ့နေ့တွေက အဆုံးသတ်သွားမှာလား။ နှစ်တွေအကြာကြီး လခြမ်းပဲ ဖြစ်နေတဲ့ လက ပြန်ပြည့်သွားမှာလား။ ငါဒီခန္ဓာကိုယ်ကို ပိုင်ဆိုင်လိုက်တဲ့ အချိန်မှာပဲ မူရင်းဝတ္ထုကို ဖျက်ဆီး မိသွားတာလား။ ဘာလို့ ငါ့ကို တစ်ယောက်မှ လာမကယ်ကြတာလဲ။ ငါ့ခေါင်းထဲမှာ အဆုံးမရှိတဲ့ မေးခွန်းတွေနဲ့ ပြည့်နေပြီ။
ငါ သက်ပြင်းချပြီး ခေါင်းငုံ့လိုက်တယ်။ လျှောကျနေတဲ့ ပုခုံးတွေနဲ့ သောက်ထားပြီး ယိမ်းယိုင်နေကာ အရှေ့ကို လမ်းဆက်လျှောက်ခဲ့လိုက်တယ်။ တကယ်လို့ ငါက မယိမ်းယိုင်ဖို့ ကြိုးစားရင်တောင် ပြန်ယိုင်သွားမှာပဲလေ။ သောက်ထားပြီး မူးနေတဲ့အမူအရာက ပုံသေလို ဖြစ်နေတာကိုး။ ဒါပေမဲ့ ငါ့စိတ်က ထက်မြက်ပြီး အာရုံစိုက်နိုင်တယ်။ အဲ့ဒါက ငါ့စိတ်နဲ့ ခန္ဓာကိုယ်က ကွဲပြားခြားနားပြီး ကွဲထွက်နေတဲ့ ဖြစ်တည်မှု နှစ်ခုလိုပဲ။
ငါ့ရဲ့ စိတ်ပိုင်းဆိုင်ရာ စွမ်းရည်က နှစ်တွေအကြာကြီး လေ့ကျင့်ခံခဲ့ရပြီး ဘယ်အရက်ကမှ ငါ့ကို ရီဝေအောင် မူးအောင် မလုပ်နိုင်တော့ဘူး။ အဲ့ဒါက ငါ ဒီနယ်မြေက အရက်အမျိုးအစား အားလုံးကို ခိုးစမ်းသောက်ဖို့ ပျင်းစရာကောင်းတဲ့ နှစ်တစ်ရာရဲ့ ကျေးဇူးကြောင့်ပါပဲ။
“ဟမ်”
လခြမ်းလေး ရွေ့သွားတယ်။ ငါ့မျက်လုံးတွေကို ပွတ်လိုက်တယ်။ ငါထပ်ပြီး စိတ်ကူးယဉ်ပြန်ပါပြီ။ ငါ နောက်တစ်ခါ ပြန်ကြည့်လိုက်တယ်။ လက တကယ်ကြီးကို ရွေ့နေတာဟ။ ငါကြည့်လိုက်တော့ လက ပုံပျက်လာပြီး ကောင်းကင်မှာ အက်ကွဲကြောင်းတွေ ပေါ်လာတယ်။
“မဖြစ်နိုင်ဘူး… “
ငါ့ခန္ဓာကိုယ် တုန်ရီနေတာကို ရပ်လို့မရဘူး။ ငါ့စိတ်ပျက်အားငယ်မှုကြောင့် ငါ့စိတ်က ဖန်တီးလိုက်တဲ့ ထင်ယောင် ထင်မှားလားလို့ ငါသိချင်မိတယ်။ အဲ့ဒါကြောင့် ငါ့မျက်လုံးတွေကို ပွတ်ပြီး ခနလောက် မှိတ်ပြီးမှ ပြန်ကြည့်လိုက်တယ်။
အေးစက်နေတဲ့ ရေစက်တစ်စက်ဟာ ငါ့ပါးပေါ်ကျလာတယ်။ အဲ့ဒါက အိမ်မက်မဟုတ်ဘူး… မှိုင်းမိနေတာ လည်းမဟုတ်ဘူး. .အမြင်မှားတာလည်း မဟုတ်ဘူး။ ကောင်းကင်ရဲ့ နောက်ထပ် အက်ကွဲကြောင်းကနေ နောက်တစ်ပေါက် ထပ်ကျလာတယ်။ တဖြည်းဖြည်းနဲ့ ပထမဆုံးအကြိမ်အဖြစ် မိုးစတင်ရွာလာပါတော့တယ်။
SWARA WEBNOVEL TRANSLATION