Chapter 18.1
သတိပေးချက် !!!!!
~~~~~
အဖွားက သတိရလာသည်နှင့်တစ်ပြိုင်နက် ခွဲစိတ်ကုတင်ပေါ်မှထကာ မြေးမလေးထံ ဖုန်းခေါ်ချင်ခဲ့သည်။ သို့ပေမဲ့ ဖုန်းက အိမ်တွင်ကျန်ခဲ့တာကြောင့် ဆက်သွယ်လို့မရနိုင်ပေ။
သူ(မ)က ဆေးစစ်ရန်နှင့် ကုသမှုခံယူရန် ဆေးရုံရောက်နေသည်မှာ ကြာပြီဖြစ်သည်။ တစ်ခါတရံ ရီရီဖုန်းခေါ်သည့်အခါ သူနာပြုတွေရောက်လာတာကြောင့် ဖုန်းချလိုက်ရသည်ကများသည်။ တစ်ခါတလေ သူ(မ)ကဖုန်းခေါ်လျှင်လည်း ‘ရီရီရေ။ ခဏပဲစောင့်။ အဖွား မကြာခင်ပြန်လာခဲ့မယ်’ လို့သာ ပြောနိုင်လေသည်။
သူ(မ)သည် ခွဲစိတ်မှုမတိုင်မီက အခြေနေမကောင်းသည့်အပြင် လူတချို့ကိုလည်း ဆက်သွယ်နေခဲ့ရသေးသည်။ ခွဲစိတ်ကုတင်ပေါ်မှ အန္တရာယ်ကင်းကင်း ဆင်းမလာနိုင်မချင်း သူ(မ)စိတ်မအေးခဲ့ရပါ။
“ရှောင်ချင်း။ အိမ်ဖုန်းကိုခေါ်တာ ဘာလို့မရတာလဲ။”
“အာ..။” ရွမ်ချင်းလည်း မသိပါ။
သူ(မ)တို့ ကွာရှင်းစကတော့ ပြန်ပေါင်းထုပ်ရန်အတွက် ယွီခိုင်က သူ(မ)ကို နေ့တိုင်းဖုန်းခေါ်တတ်သည်။ သူ(မ)က အလွန်စိတ်အနှောင့်ယှက်ဖြစ်ရတာကြောင့် ဖုန်းမကိုင်ခဲ့ပေ။ ယွီခိုင်သည် ဘေးအိမ်မှ သူ၏ညီကိုနှင့် ခယ်မကိုပင် ကြားဝင်ခိုင်းတတ်သေးသည်။ နောက်တော့ သူ(မ)ကို ယောက်မဖြစ်သူက ဖုန်းခေါ်ခဲ့ပေမဲ့ ယွီခိုင့်နာမည်ကြားတာနှင့် ဖုန်းချပစ်ခဲ့သည်။
ပြောမှပင်။ သူတို့ချင်း အဆက်သွယ်မရသည်မှာ တစ်လနီးပါးရှိလေပြီ။
“မား။ ခဏစောင့်ဦးနော်။ ကျွန်မ ဖုန်းဆက်ပြီးမေးလိုက်ဦးမယ်။”
ရွမ်ချင်းက ယွီခိုင်ကိုဖုန်းခေါ်မည့်အချိန်မှာပဲ သမီးငယ်လေးက စတော်ဘယ်ရီရေခဲမုန့်ကိုကိုင်ကာ ဆေးရုံဆောင်ထဲသို့ ပြေးဝင်လာခဲ့သည်။ “မား ကြည့်လိုက်။ ဦးဦးကျောင်းက သမီးကို ရေခဲမုန့်ဝယ်ကျွေးတာ။”
ယွီရှင်းရန်နောက်တွင်ပါလာသည့် ဝတ်စုံပြည့်နှင့်လူက ယွီခိုင်ထက်ပို၍ မျက်စိပသာဒရှိသည်။
“ဟေး။ သူ့ကို အရမ်းအလိုမလိုက်နဲ့လေ။”
“အဆင်ပြေပါတယ်။ ကလေးတွေက မုန့်စားရတာကြိုက်တယ်လေ။ တစ်ခုလောက်ဝယ်ကျွေးတာက ပြဿနာမရှိပါဘူး။”
ထိုလူက ပြုံးပြီး ခေါင်းယမ်းလိုက်သည်။ ထို့နောက်သူက လက်နှစ်ဖက်စာအပြည့် ဖြည့်စွက်စာတို့ကို စားပွဲပေါ်တင်လိုက်သည်။ ပြီးလျှင် ဆေးရုံကုတင်ပေါ်မှ ရွမ်ချင်း၏မိခင်ကို နှုတ်ဆက်လိုက်သည်။
အဖွားသည် သမီးဖြစ်သူကွာရှင်းရခြင်းအကြောင်းမှာ ယောက်ျားဖြစ်သူရဲ့ ဖြုန်းတီးခြင်းကြောင့်မှန်းသိလေရာ အခုလို လူကောင်းလေးနှင့်ကြုံရချိန်မှာ သမီးဖြစ်သူရဲ့ နောက်တစ်ကြိမ်လက်ထပ်ရေးကို နှောင့်နှေးမှာစိုးတာကြောင့် ထိုသူ့ရှေ့တွင် ခင်ပွန်းဟောင်းအကြောင်း အစမဖော်ပေ။
ထိုထိုသောကိစ္စတို့ကြောင့် ဖုန်းခေါ်ဆိုမည့်ကိစ္စမှာ နှောင့်နှေးခဲ့ရသည်။
ရှီရီသည် ယွီကျီရီတက်နေသည့်ဆေးရုံကို အပြေးလာခဲ့ပေမဲ့ သူရောက်ချိန်မှာတော့ နေ့လယ်ပင်ရောက်နေလေပြီ။ ဆေးရုံဆောင်ကိုမေးမြန်းပြီးနောက် လှေကားမှပြေးတက်ခဲ့ရာ လှေကားပေါ်မှပြုတ်ကျမလိုပင် ဖြစ်ခဲ့သေးသည်။
ရှီရီက လမ်းတစ်လျှောက်လုံးတွင်လည်း ရီရီဆေးရုံတက်ရသည့်အကြောင်းရင်းကို မရပ်မနားတွေးနေမိခဲ့သည်။ သို့သော် မျက်စိနှင့်တပ်အပ်မြင်လိုက်ရတဲ့အခါ မှန်းဆချက်များထက် ပို၍ ရှော့ခ်ရစေခဲ့သည်။
ယွီကျီရီသည် ခေါင်းတွင်ပတ်တီးစည်းထားရပြီး ညာဘက်ပါးတစ်ခြမ်းလုံးတွင်လည်း ပတ်တီးနှင့်ဖြစ်သည်။ ဒါတောင် မေးစေ့မှဒဏ်ရာကို မြင်နေရသေးသည်။
သူ့ကို အမြဲလိုလို ပြုံးပြတတ်သည့်၊ သူ့လက်မောင်းကို ပြောင်စပ်စပ်နှင့်မှီတွယ်တတ်သည့် ကောင်မလေးမှာ မျက်နှာတစ်ပြင်လုံးတွင် ပတ်တီးအပြည့်နှင့် ကုတင်ပေါ်၌ အသက်မဲ့စွာလှဲလျောင်းနေသည်။
ရှီရီမော့လာတော့ သူ့မျက်လုံးတစ်စုံက သွေးရောင်ကဲ့သို့ ရဲရဲနီနေခဲ့သည်။
ယခုမှဝင်လာသည့်နျဉ်စုယာပင်လျှင် ရှော့ခ်ရသွားရသည်။ “ဘယ်လိုတွေ ဖြစ်ရတာလဲကွယ်။”
ဟုတ်တယ်။ ဘယ်လိုတွေ ဖြစ်ရတာလဲ ။
ကုတင်ပေးတွင်စောင့်ကြပ်နေသည့်အဒေါ်က တွန့်ဆုတ်စွာ ပြောပြခဲ့သည်။ “ဝိုင်ပုလင်းနဲ့ အရိုက်ခံရတာတဲ့။”
ယွီကျီရီတစ်ယောက် မျက်နှာတွင် သွေးများအရွှဲသားနှင့် ငိုယိုရင်း သူ(မ)တို့ဆီ လာရောက်အကူညီတောင်းခဲ့သည်ကို သူ(မ)မှတ်မိပါသေးသည်။ သူ(မ)တို့ ရီရီတို့အိမ်ရောက်တော့ ယွီခိုင်က သူ့အခန်းထဲတွင် မူးလဲနေတုန်းပင်။
“အဲ့ဒီအချိန်တုန်းက သူ့ဦးလေးနဲ့ ကျွန်မက ရီရီ့ကိုပွေ့ချီပြီး ညတွင်းချင်းပဲ ဆေးရုံခေါ်လာခဲ့တာ။ ဆေးရုံရောက်တော့ ဆရာဝန်က မျက်နှာမှာစိုက်နေတဲ့ ပုလင်းကွဲအစအနတွေကိုဖယ်ပြီး ချုပ်ပေးလိုက်တယ်…။”
ကြားရရုံနှင့်ပင် မခံစားနိုင်ပေ။ ဒါတွေအားလုံးကို ကောင်မလေးက တစ်ယောက်တည်းရင်ဆိုင်ခဲ့ရသည်။
“ကျွန်မတို့ သူ(မ)ကို ဆေးရုံခေါ်လာတဲ့ထိ သူ(မ)ကငိုနေတုန်းပဲ…။” အဒေါ်က ပြောရင်းတန်းလန်းမှာပင် မျက်နှာကိုအုပ်ကာ ငိုမိတော့သည်။
သူ(မ)ဝန်ခံပါသည်။ သူ(မ)က ရီရီ့ကို တစ်ခါတစ်ရံ ကောင်းကောင်းမဆက်ဆံခဲ့ပေမဲ့ သူ(မ)ခင်ပွန်းရဲ့လက်မောင်းများထဲတွင်လဲနေသည့် ကျိုးပဲ့ပျက်စီးတော့မယောင်၊ တစ်ချက်လေးဂရုမစိုက်မိသည်နှင့် မှေးမှိန်ပျောက်ကွယ်သွားတော့မယောင်ဖြစ်နေသည့် ပိန်ပါးပါးတူမလေးကိုမြင်လိုက်ရစဉ် သူ(မ)ရင်ထဲတွင် အင်မတန်နာကျင်ခဲ့ရသည်။
“ဘယ်လိုမဆို ဒီကလေးအရွယ်ရောက်တာကို ကျွန်မတို့မြင်ခဲ့ရတာမလို့ သူ(မ)အတွက် စိတ်မကောင်းမဖြစ်ဘဲ မနေနိုင်ဘူး။”
“သူ(မ)အဖေလုပ်ရက်တာကို ကျွန်မဖြင့် နားကိုမလည်နိုင်ဘူး။”
နောက်ဆုံးတော့ အဒေါ်က ယွီခိုင့်ကို ထပ်ပြီးကျိန်ဆဲနေပြန်သည်။
နျဉ်စုယာသည် ရီရီ့အဒေါ်ခံစားနေရသည်ကိုမြင်တော့ အမြန်နှစ်သိမ့်ပေးလိုက်သည်။ ထို့နောက် သူ(မ)ကို အပြင်သို့ ခေါ်ထုတ်ခဲ့လိုက်သည်။ “အပြင်မှာ သွားပြောကြရအောင်လေ။ လူနာတွေကို အနှောင့်ယှက်မပေးကြစို့။”
ဤအဆောင်ထဲတွင် တခြားလူနာများလည်းရှိသေးတာကြောင့် စကားပြောရန်သင့်တော်သည့် နေရာမဟုတ်ပေ။
ရှီရီက စကားတစ်ခွန်းမှမပြောပေမဲ့ ဇာတ်လမ်းစဆုံးကို ကြားခဲ့ရသည်။
သူနားလည်သည်ကတော့ ယွီခိုင်က သမီးဖြစ်သူကိုအကြမ်းဖက်သည်ဟူ၍ဖြစ်သည်။
အားလုံးထင်ခဲ့သည်မှာ ကလေးသည် အဖေနှင့်အဆင်မပြေဟူ၍ပင်။ သို့ပေမဲ့လည်း သူတို့က မိသားစုတွေသာဖြစ်သည်။ ဖခင်ဖြစ်သူ ထိုမျှရက်စက်လိမ့်မည်လို့ မည်သူထင်မည်လဲ။
ရှီရီက ကုတင်ဘေးတွင်ရပ်ကာ ခေါင်းငုံ့လိုက်သည်။ ထို့နောက် ရီရီ့လက်ကလေးကို ညင်ညင်သာသာထိနေခဲ့သည်။ ကျိုးပဲ့လွယ်၍ အရိုးမရှိသလိုနူးညံ့သည့်လက်ကလေးများက ပိန်ပါးလွန်းပြီး အေးစက်နေခဲ့သည်။
ကုတင်ပေါ်တွင်လှဲလျောင်းနေသည့်ကောင်မလေးက အဘယ်မျှ ကျိုးပဲ့လွယ်သည်လဲ။ သူ(မ)ရဲ့အသက်ရှုသံတစ်ခုတည်းကသာ သူ(မ)အသက်ရှိသေးကြောင်းကို သက်သေပြနေခဲ့သည်။
“ရီရီ။ ကောတောင်းပန်ပါတယ်။”
“ကော နောက်ကျသွားခဲ့တယ်။”
သူ… သူ သူ(မ)ကို ဆုံးရှုံးရတော့မလို့ပင်။
ကောင်မလေး ထိုမျှခံစားနေရသည်ကို သူသိခဲ့သင့်သည်။ သူ(မ)က အလွန်လည်း ခံစားလွယ်သေးသည်။ သူ(မ)က နာကျင်သမျှကိုသိမ်းထားပြီး ကောင်းမွန်သည့်အခြမ်းကိုသာ လူတိုင်းထံပြသခဲ့သည်။ လူတိုင်းကို ကျေနပ်စေခဲ့သည်။ စွန့်ပစ်ခံရမှာကို ကြောက်နေခဲ့သည်။
သူ(မ)ဖုန်းထဲတွင်ပြောသည့် ‘အဆင်ပြေပါတယ်’ ဆိုသောစကားကို သူ ဘာကြောင့်များယုံခဲ့ရတာလဲ။
သူသိခဲ့သင့်သည်။
“ရီရီ နင်ကအခုထိ တုံးအနေတုန်းပဲနော်။ ကောကောက နင့်ကို လုံလောက်အောင်မချစ်ခဲ့လို့လား။ နင်တစ်ခုခုဖြစ်နေတာတောင် ငါ့ကို မပြောရဲဘူးလား။”
ရှီရီ သူ(မ)ကို ပြန်နိုးလာပေးဖို့ တောင်းပန်ချင်သည်။ နောက်တစ်ကြိမ် သူ့ကို ကြည့်ပေးဖို့ တောင်းဆိုချင်သည်။
သူ(မ)ကို ပြောပြချင်ခဲ့သည်။ အလုပ်နှင့် သက်သေပြချင်ခဲ့သည်။ “ရီရီက စွန့်ပစ်ခံရတာမဟုတ်ပါဘူး။ ရီရီ့မှာ ကောကောရှိပါတယ်။”
သူ့ကို တစ်စုံတစ်ယောက်ကမေးဖူးသည်။ “မင်းက မရင့်ကျက်တဲ့ကလေးတွေကို သဘောမကျဆုံးမလား။ မင်းရဲ့ဉာဏ်ရည်နဲ့ယှဉ်ပြီးတော့ သူတို့ကို နားမလည်ရကောင်းလားဆိုပြီး အထင်သေးလို့တော့မရဘူးလေ။ အဲ့ဒီလိုဆိုပေမဲ့ ယွီကျီရီ့ကိုကျတော့ ဘာလို့ စောင့်ရှောက်ပေးနေတာလဲ။”
သူအမြဲဖြေခဲ့သည်က : “ပျော်လို့လေ။”
ဟုတ်ပါသည်။ ယွီကျီရီ့ကိုစောင့်ရှောက်ပေးရတာကို သူပျော်သည်။
မပီကလာပြောသည့်အရွယ်ကနေ လမ်းလျှောက်တတ်သည့်အရွယ်ထိ သူ(မ)လေးကို စောင့်ကြည့်ပေးခဲ့ပြီး တစ်ခါမှလည်း ပြဿနာရယ်လို့မသတ်မှတ်ဖူးပါ။
အမြဲတမ်းလည်း စောင့်ရှောက်ဦးမည်ဖြစ်သည်။ အကန့်သတ်မရှိ စောင့်ရှောက်သွားမည်။
ထိုညတွင် ယွီကျီရီသတိရလာခဲ့သည်။
ရှီရီက သူ(မ)ဘေးတွင်တစ်ချိန်လုံးရှိနေခဲ့ပြီး လှုပ်ရှားမှုသေးသေးလေးကအစ သတိထားနေခဲ့သည်။
ရှီရီက ဆရာဝန်နှင့်သူနာပြုများကိုခေါ်ရန် အရေးပေါ်ခလုတ်ကိုနှိပ်ခဲ့သည်။ ယွီကျီရီက မျက်လုံးများကို ဖြည်းဖြည်းချင်းဖွင့်လာခဲ့ပြီး အကြည့်များကတော့ ဗလာဖြစ်နေသည်။
အမူးပြေပြီးနောက် ယွီခိုင်က အပြစ်ရှိစိတ်တို့ကို ခံစားနေရသည်။ သတိမှတ်မဲ့နှင့် ရှေ့တိုးပြီး သမီးဖြစ်သူကို အခြေနေမေးချင်ခဲ့သည်။
သို့ပေမဲ့ သူ့ကိုမြင်သည်နှင့်တစ်ပြိုင်နက် ယွီကျီရီ့မျက်လုံးထဲတွင် အကြောက်တရားတစ်ခုသာ ရှိတော့သည်။ ပြီးနောက် သူ(မ)က နှင်းလိုဖွေးဖွေးစွတ်နေသည့် အိပ်ရာခင်းကိုဆုပ်ကိုင်ကာ ယွီခိုင်ထံမှ ပုန်းကွယ်ရန် ကြိုးစားနေတော့သည်။
ရှီရီက သူ(မ)လက်ကို အမြန်ကိုင်ပေးလိုက်ပြီး “ရီရီရေ။”
သူ(မ) ရှီရီ့အသံကိုကြားလိုက်ရစဉ် အသက်ကယ်ကောက်ရိုးမျှင်လေးကိုတွေ့သွားသည့်နှယ် သူ့ဘက်ကိုတိုးကပ်မိသည်။
ယွီခိုင်လက်ဆန့်ထုတ်လိုက်တော့ ယွီကျီရီတစ်ယောက် ကြောက်လန့်တကြား အော်တော့သည်။
ရှီရီက သူ(မ)ကို ကျောပုတ်ပြီးနှစ်သိမ့်ပေးပေမဲ့ အလုပ်မဖြစ်ပါ။
ရှီရီက ယွီခိုင်ကို အေးစက်စက်ကြည့်ကာ ပြောလိုက်သည်။ “ဦးလေး။ အရင်ဆုံး အပြင်ထွက်ပေးလို့ရမလား။”
လူတိုင်း ယွီကျီရီမတော်တဆဖြစ်ရခြင်းရဲ့အကြောင်းအရင်းကိုသိကြသည်။ ယွီခိုင်သည်လည်း တစ်ချိန်က နူးနူးညံ့ညံ့နှင့် အပြုမူကောင်းသည့်သမီးလေးကို ယခုလိုတွေ့လိုက်ရတော့ နောင်တရနေခဲ့သည်။
ရီရီ့ခန္ဓာကိုယ်က ထိခိုက်ခြင်းမရှိခဲ့ပေမဲ့ မျက်နှာတစ်ပြင်လုံးတွင်တော့ ဒဏ်ရာပရပွဖြစ်နေခဲ့လေပြီ။ ၎င်းသည် မိန်းကလေးတစ်ယောက်အတွက် ခန္ဓာကိုယ်ပိုင်းဆိုင်ရာထိခိုက်ခြင်းထက် အဆပေါင်းများစွာ ပိုမိုဆိုးဝါးသည်။
သူ(မ)ကို မတည်ငြိမ်ဖြစ်အောင်မလုပ်မိစေရန်အလို့ငှာ ယွီခိုင်တစ်ယောက် သူ(မ)ရှေ့တွင် ထပ်ပြီး ပေါ်မလာရဲတော့ပေ။ အဒေါ်က နေ့တိုင်း စားစရာယူလာပေးသည်။ သို့ပေမဲ့ ယွီကျီရီကတော့ စားရန်ငြင်းဆန်နေဆဲပင်။
သူ(မ)က မစားနိုင်ဘူးဟုသာပြောလေသည်။
အစပိုင်းတွင် သူ(မ)ကို လူတိုင်းက အတင်းအကျပ်မစားခိုင်းခဲ့ဘဲ ဗိုက်ဆာလျှင်စားလိမ့်မည်ဟူ၍ စောင့်နေခဲ့ကြသည်။ သို့ပေမဲ့ သူ(မ)က ဗိုက်ဆာမည့်ပုံမပေါ်။တစ်နေကုန် ပါးစပ်ဖွင့်မလာခဲ့။
ရှီရီက ဆန်ပြုတ်ပန်းကန်ကိုင်ကာ သူ(မ)ကိုခွံ့ကျွေးနေသည်။ သို့ပေမဲ့ သူ(မ)ကတော့ ပါးစပ်ဖွင့်ရန်ငြင်းနေဆဲဖြစ်ပြီး တစ်ဖက်သို့ခေါင်းလှည့်ကာ အသံတိတ်နေခဲ့သည်။
“ဗိုက်မဆာဘူးလား ရီရီ။”
သူ(မ)က ပြန်ပြောခဲ့သည်။ “ငါမစားနိုင်ဘူး။”
ရှီရီက သူ(မ)ကို စိတ်ရှည်လက်ရှည် ချော့မော့နေခဲ့သည်။ “နည်းနည်းတော့စားလေ။ ကောကော ခွံ့မယ်လေ နော်။”
ဇွန်းက နှုတ်ခမ်းကိုလာထိတော့ မငြင်းနိုင်တော့ဘဲ ပါးစပ်ဟပေးလာသည်။ သို့ပေမဲ့ ခက်ခက်ခဲခဲ မျိုချခဲ့ရသည်။
ရှီရီ စိက်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။ ထို့နောက် နောက်ထပ် တစ်ဇွန်းအပြည့်ခွံ့လိုက်၏။
သို့ပေမဲ့ ယွီကျီရီသည် ကုတင်ပေါ်တွင်လှဲလျောင်းနေရင်းက ပျို့တက်လာသည်။
အန်မထုတ်နိုင်တာကြောင့် သီးကာ မျက်နှာသေးသေးလေးတစ်ခုလုံး နီရဲလာတော့သည်။ မျက်လုံးထောင့်မှ မျက်ရည်များလည်း ကျဆင်းလာခဲ့သည်။ ဒီလိုလုပ်ရှားမှုမျိုးသည် မျက်နှာရှိဒဏ်ရာများကို ပို၍ နာကျင်စေသည်။ သူ(မ) အလွန်အမင်း မသက်မသာဖြစ်နေခဲ့သည်။
သူ(မ) တမင်တကာ ကလန်ကဆန်လုပ်နေခြင်းမဟုတ်ပါ။ အမှန်တကယ် မစားနိုင်ခြင်းသာဖြစ်သည်။
ယွီကျီရီ့အခြေနေသည် လူတိုင်းထင်ထားသည်ထက် ပို၍ ပြင်းထန်လေသည်။
ကြီးမားလွန်းသည့်စိတ်ပိုင်းဆိုင်ရာဖိအားနှင့် ဒဏ်ရာတို့မှနာကျင်မှုက သူ(မ)ကို စားချင်စိတ်ပျောက်စေသည်။ စားသမျှကိုလည်း ပြန်အန်မည်ဖြစ်သည်။ နောက်ဆုံးတော့ သူတို့က ရီရီ့ကို အစာရေပိုက်သွင်းရန်သာ ရွေးချယ်လိုက်ရတော့သည်။
နောက်ဆုံးတွင် ဦးလေးဖြစ်သူက ရွမ်ချင်းကို ဖုန်းခေါ်ခဲ့သည်။ “အစ်ကို။ ဘာကိစ္စရှိလို့လဲ။”
“ဖုန်းဘယ်လိုဖြေရမလဲတော့ သိသေးတယ်ပေါ့။ နင့်သမီး သေမလိုဖြစ်နေတာကိုရော နင်သိရဲ့လား။”
ဦးလေးရဲ့ စကားတွေက နည်းနည်းတော့ပြင်းထန်နေသည်။ သို့ပေမဲ့ ရွမ်ချင်းကို ထိတ်လန့်သွားအောင် လုပ်နိုင်ခဲ့သည်။
နောက်ဆုံးမှာ ဦးလေးက အဖြစ်မှန်ကိုပြောပြခဲ့သည်။ ဖုန်းကိုင်ထားသည့်ရွမ်ချင်းက တုန်ယင်နေပြီး “ရီရီ။ ရီရီ။ သူ(မ)အဆင်ပြေရဲ့လား။”
“ကျွန်မပြန်လာခဲ့မယ်။ ကျွန်မပြန်လာခဲ့မယ်..။”
အဖွားသည်လည်း မြေးမလေးမတော်တဆဖြစ်သည်ကိုကြားတော့ တစ်ခါတည်းဆေးရုံဆင်းကာ လိုက်ချင်နေသည်။ သို့သော် ကုသမှုတစ်ပိုင်းတစ်စနှင့်မို့ ဆရာဝန်များက ဆေးရုံဆင်းခွင့်မပေးပေ။
ရွမ်ချင်းသည် မိခင်ကိုနှစ်သိမ့်ပြီး သူ(မ)ပြန်ကာ ကလေးကိုစောင့်ရှောက်မည့်အကြောင်း ပြောလိုက်ရသည်။ အခြေနေကိုလည်း နေ့စဉ်နှင့်အမျှ သတင်းပို့မည့်အကြောင်းပြောလိုက်မှသာ အဖွားဖြစ်သူက လက်ခံခဲ့သည်။
အဖွားက ကုတင်ပေါ်တွင်လှဲလျောင်းရင်း တိတ်တိတ်လေးမျက်ရည်သုတ်ကာ “ရီရီ..။”
ဒီလောက်လိမ္မာတဲ့ကလေးလေးမှာ ဒီလိုအဖေမျိုးရှိသေးတာလား ။
ငါ့ခန္ဓာကိုယ်ကအသုံးမဝင်လို့သာ ပြန်သွားပြီး ကလေးလေးကို အဖော်မပြုနိုင်တာ ။
ရွမ်ချင်းက ချက်ချင်း ပြန်ခဲ့သည်။ ဦးလေးလည်း ယခုမှသာ စိတ်ချနိုင်သွားတော့သည်။ ကလေးတွေကို မိခင်ကသာစောင့်ရှောက်သင့်သည်လို့ သူထင်မိသည်။
သို့ပေမဲ့ ဘယ်သူမှမျှော်လင့်မထားမိသည်မှာ ရွမ်ချင်းကိုမြင်သည်နှင့် ရီရီက သူစိမ်းတစ်ယောက်လိုပြုမူခဲ့သည်။ ခေါင်းငုံ့ကာ လက်ချောင်းများနှင့်ကစားနေပြီး မပျော်ရွှင်ဖြစ်နေခဲ့သည်။
ရွမ်ချင်းက အနားတိုးကာ သမီးဖြစ်သူကိုထိချင်ခဲ့သည်။
သို့ပေမဲ့ သူ(မ)ထိလိုက်သည်နှင့် ရီရီက ရှောင်ဖယ်လိုက်သည်။
“ရီရီ။ မားပါ။ သမီးရဲ့ မားလေ။” သူ(မ)ရဲ့ လှုပ်ရှားသက်ဝင်နေခဲ့သည့်သမီးလေးက ဒီလိုအခြေနေရောက်သွားသည်ကိုမြင်တော့ ရွမ်ချင်းတစ်ယောက် မထိန်းနိုင်ဘဲ ငိုမိတော့သည်။
သို့ပေမဲ့ အသုံးမဝင်ပါ။ ရွမ်ချင်းဘာပြောပြော ယွီကျီရီက လျစ်လျူရှုနေဆဲဖြစ်သည်။
ရီရီ့အတွက် အချစ်နှင့် အဖော်ပြုမှုကိုအလိုအပ်ဆုံးအချိန်မှာ သူတို့က ပေးဖို့တွန့်တိုနေခဲ့ကြသည်။ အခုမှတော့ သူ(မ)လည်း မလိုချင်တော့ပါ။
သူ(မ) ဘာကိုမှ ထပ်မလိုချင်တော့ပါ။
သူ(မ)က ထပ်ပြီး သိတတ်မှာမဟုတ်တော့သည့် စွန့်ပစ်ခံကလေးသာဖြစ်သည်။
*****
Aurora Novel Translation Team