Chapter 18.2
နျဉ်စုယာအလုပ်ဆင်း၍ ဆေးရုံရောက်လာချိန်တွင် ကော်ရစ်ဒါတစ်ဖက်ဆီမှထွက်လာသည့် ဆူညံသံနှစ်ခုကိုကြားလိုက်ရသည်။
ထိုအသံတွေကို သူ(မ)ရင်းနှီးနေသည်။ အသံကြားရာကိုသွားကြည့်တော့ ထိုသူတို့က ယွီခိုင်နှင့် ရွမ်ချင်း ဖြစ်နေသည်။
“ရှင် ဘာလို့ ဒီလောက်ရက်စက်နိုင်ရတာလဲ။ သူ(မ)က ရှင့်သမီးလေ။ ရှင် ဘယ်လိုများလုပ်ရက်ရတာလဲ။”
“သူ(မ)မျက်နှာမှာ ချုပ်ရာဘယ်နှစ်ခုရှိလဲ ရှင်သိရဲ့လား။ ဘယ်လောက် နာခဲ့လိုက်မလဲ။ သူ(မ)က ခုမှ ၁၅ နှစ်ပဲရှိသေးတာ။ တကယ်လို့…။ တကယ်လို့ မျက်နှာသာတစ်ခုခုဖြစ်သွားရင် မိန်းကလေးတစ်ယောက်အနေနဲ့ အနာဂတ်မှာ သူ(မ)ဘယ်လိုရှင်သန်ရတော့မလဲ။”
မိန်းကလေးတိုင်းနီးပါး အလှကြိုက်ကြသည်။ ယွီကျီရီ့အနေနှင့်တော့ သူ(မ)ရဲ့အသွင်ပြင်ကို ဂရုစိုက်ရန်မဖြစ်နိုင်တော့ပေ။ ယွီကျီရီသည် သတိပြန်ရစဉ်ကတည်းက မေးခွန်းတချို့ကိုပြန်ဖြေသည်မှလွဲလျှင် သူ(မ)ဘက်မှစ၍ စကားမပြောတော့ပေ။
စကားအနည်းငယ်ပြောပြီးနောက် ရွမ်ချင်းက ထပ်ငိုပြန်သည်။ လက်ကိုဆန့်ထုတ်ကာ ယွီခိုင့်ကို အကြိမ်အနည်းငယ်တွန်းထိုးနေမိသည်။
ယွီခိုင်က သူ့ဆံပင်သူ စိတ်မရှည်စွာသပ်ကာ ကြမ်းပြင်ပေါ်ထိုင်ချလိုက်သည်။
ရန်စကားတို့ကြောင့် စိတ်အနှောင့်ယှက်ဖြစ်လာကာ မနေနိုင်ဘဲ ပြန်ပြောမိသည်။ “မင်းပဲပြောတော့။ မင်းရော သူ(မ)ကို ဂရုစိုက်လို့လား။ အဲ့ဒီတုန်းကတည်းက မင်းလည်း အေးဆေးထွက်သွားတာမဟုတ်လို့လား။ အရင်ကတည်းက မင်းနဲ့ ကျောင်းမျိုးရိုးနဲ့ကိစ္စကို ငါမသိဘူးမထင်နဲ့။ အခုတော့ ရန်ရန့်ကိုခေါ်သွားပြီး နောက်တစ်ခါလက်ထပ်ဖို့တောင်ပြင်နေပြီ။ မင်း ရီရီ့ကိုရော သတိရသေးရဲ့လား။”
ရွမ်ချင်းက ပိုလို့ပင် ဒေါသထွက်လာတော့သည်။ “ရှင် ဘာတွေပြောနေတာလဲ။ ရှင်ကများ ကျွန်မကို ပြောရသေးတယ်။ ရှင်သာ အိမ်ဝယ်မဲ့ပိုက်ဆံနဲ့ လောင်းကစားမလုပ်ခဲ့ရင် ဒီလိုတွေဖြစ်မှာလား။ ဒါနဲ့များ ရှင့်မှာ ကျွန်မကိုအပြစ်ပြောဖို့ အခွင့်ရေးရှိသေးတယ်ထင်နေတာလား။”
ဒါကိုကြားတော့ နျဉ်စုယာသက်ပြင်းချမိသည်။
သမီးဖြစ်သူ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာထိခိုက်သွားစဉ်မှာ မိဘတွေက ရန်ဖြစ်စကားများနေကြပြီး တာဝန်ယူရမည့်ကိစ္စကိုတော့ ဘောလီဘောပုတ်သလို သူ့လွှဲ ငါ့လွှဲလုပ်ဖို့မမေ့ကြပေ။
သူတို့တွေ သမီးဖြစ်သူကိုမချစ်ဘူးလို့ပြောရအောင်လည်း လက်ရှိမှာ စိတ်ဖိစီးနေကြပြီး နောင်တလည်းရနေကြကာ သမီးကိုစွန့်ပစ်ရန် ရည်ရွယ်ချက်လည်းမရှိကြပေ။ သမီးကိုချစ်သည်ဟု ပြောရအောင်လည်း လိမ္မာသည့်ကလေးကို ဒီလိုအခြေနေရောက်စေသည်မှာ လုံလောက်အောင် တာဝန်မကျေကြ၍ဖြစ်သည်။
ယွီကျီရီ၏ဆေးရုံစရိတ်ကို ဦးလေးဖြစ်သူပေးထားခြင်းဖြစ်သည်။ ရွမ်ချင်းရောက်လာတော့ ထိုပိုက်ဆံတို့ကို ပြန်ပေးခဲ့သည်။
ဒီကိစ္စနှင့်ပတ်သက်၍လည်း ရွမ်ချင်းက ယွီခိုင့်ကို ထပ်ပြီး အပြစ်ပြောပြန်သည်။ အသုံးမကျသည့်သူ၊ သမီးရဲ့ဆေးရုံစရိတ်ကိုတောင် မပေးနိုင်သည့်သူဟူ၍ ကြိမ်းမောင်းပြန်သည်။
ယွီကျီရီ့မျက်နှာရှိဒဏ်ရာတို့မှာ ပြန်ကောင်းရန်အချိန်လိုပေသည်။ သို့ပေမဲ့ တစ်ချိန်လုံး ဆေးရုံမတက်နိုင်ပေ။ အဘယ်ကြောင့်ဆိုရလျှင် မနည်းလှသည့်ဆေးရုံစရိတ်ကို မတတ်နိုင်၍ဖြစ်သည်။
လူကြီးများက ယွီကျီရီ့ကိုအိမ်ပြန်ခေါ်သွားလျှင် မည်သူစောင့်ရှောက်မည်လဲလို့ ဆွေးနွေးနေကြသည်။
သူတို့က ကလေးတွေကိုနှောင့်ယှက်မိမှာစိုးတာကြောင့် အခန်းထောင့်တွင်ရပ်ရင်း တိတ်တဆိတ်ဆွေးနွေးနေကြသည်။
“မင်းကပြန်မှာဆိုတော့ ရီရီ့ကို ဘယ်သူကစောင့်ရှောက်မှာလဲ။”
ဘေးတွင်ရပ်ကြည့်နေသူတစ်ယောက်အနေနှင့် နျဉ်စုယာက အားလုံးကို ရှင်းရှင်းလင်းလင်းကြားနေရသည်။
ယွီခိုင်၊ ရွမ်ချင်းနှင့် ဦးလေးဖြစ်သူတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။
အားလုံးက စကားစပြောရန် ခက်နေကြသည်။ နောက်ဆုံးတော့ မနေနိုင်သည့်အဒေါ်ကပဲ ဝင်ပြောလိုက်ရတော့သည်။ “နင်တို့တွေ အရမ်းကောင်းတာပဲနော်။ ရီရီက ဘယ်လောက်တောင်လိမ္မာခဲ့လဲ။ နေ့တိုင်း ချက်ပြုတ်လျှော်ဖွပ်ဖို့ ပြောစရာတောင်မလိုခဲ့ဘူး။ အခု သူသက်သာလာတော့ သူ့ကိုဂရုစိုက်ဖို့ ဘယ်သူမှ မအားကြတော့ဘူးပေါ့။”
အတိတ်တုန်းကဆိုလျှင် ဒီလိုပြောတဲ့သူကို သူတို့ပြန်ပြောမိမှာပေမဲ့ အခုတော့ မှန်နေတာကြောင့် ဘာမှမပြောနိုင်ပေ။
ဒါက ရီရီနှင့်ပတ်သက်နေသည့်ကိစ္စ မဟုတ်ပါလား။
အရေးပေါ်အခြေနေတုန်းကလည်း ဒီဦးလေးနှင့် အဒေါ်ကသာ ရီရီ့ကိုကယ်တင်ခဲ့ရသည်။
မိဘတွေအနေနှင့် သူတို့ရဲ့အမြင်ကိုပြောရမည့်အချိန်တွင် ယွီခိုင်က ကူကယ်ရာမဲ့ခေါင်းခါရင်း “ရီရီက ငါ့ကို လုံးဝမြင်ချင်တာမဟုတ်ဘူး။ ငါသူ့ကို ဘယ်လိုစောင့်ရှောက်ရမှာလဲ။”
ယွီကျီရီက သူ့ကိုမြင်သည်နှင့် ရှောင်ဖယ်နေခဲ့သည်။ သူ(မ)နှလုံးသားထဲတွင် သူ့ကို ကြောက်ရွံ့နေကာ အကွာဝေးတစ်ခုခြားထားသည်။
ရွမ်ချင်းကလည်း ပြောလာသည်။
“ငါ့သမီးကို ငါ မစောင့်ရှောက်ချင်လို့တော့မဟုတ်ပါဘူး။ ငါ့အလုပ်ကနေ အကြာကြီး ခွင့်ယူလို့မရတာကိုမပြောနဲ့ဦး။ ရန်ရန့်ကိုလည်း စောင့်ရှောက်ရဦးမယ်။ ခုချိန်မှာ သူတို့အဖွားကိုလည်း စောင့်ရှောက်ပေးဖို့ လိုနေသေးတယ်။ ငါတစ်ယောက်တည်းနဲ့ လူသုံးယောက်ကိုတော့ ဂရုမစိုက်နိုင်ဘူးလေ။”
သူ(မ)က သမီးဖြစ်သူအတွက် စိတ်မကောင်းဖြစ်တာမှန်ပေမဲ့လည်း သူ(မ)ကိုစောင့်ရှောက်ဖို့ အချိန်မပေးနိုင်ပေ။
ဦးလေးနှင့်အဒေါ်တို့ကလည်း အလုပ်လုပ်ဖို့လိုသေးသည်။ သူတို့စောင့်ရှောက်ပေးမည်ဆိုလျှင် သူတို့က ကြင်နာလွန်း၍ဖြစ်သည်။ သူတို့လက်မခံပါကလည်း အတင်းအကျပ်ပြောလို့မရပေ။
နျဉ်စုယာ နားလည်ပါသည်။
“ဆိုတော့ ရှင်တို့အားလုံး ရီရီ့ကို မစောင့်ရှောက်နိုင်ဘူးပေါ့။”
လေးယောက်သား တိတ်ဆိတ်နေကြသည်။
နျဉ်စုယာလို များသောအားဖြင့်သဘောကောင်းသူပင် ဒေါသထွက်လွန်း၍ ရယ်မိသည်။ “ရှင်တို့က သူ့ရဲ့သွေးရင်းလူကြီးတွေလေ။ ဒီနေ့တော့ ရှင်တို့ကို စော်ကားမိလည်းဂရုမစိုက်တော့ဘူး။ ရီရီက ခုမှ ၁၅ နှစ်ပဲရှိပါသေးတယ်။ သူ(မ)က ပန်းလေးတစ်ပွင့်လိုပဲ နုနယ်သေးတယ်။ ကျောင်းကဆရာတွေဆိုလည်း သူ(မ)ကို တိတ်ဆိတ်ပြီး နာခံတတ်လို့ ချီးကျုးကြတယ်။ အိမ်နီးချင်းတွေကလည်း သိတတ်လို့ဆိုပြီး အကောင်းမြင်ကြတယ်။ အခုတော့ ရှင်တို့လူကြီးတွေကြားကပြဿနာကြောင့် ဒဏ်ရာတွေနဲ့ကလေးက သူ့ကိုယ်သူ မှီခိုရတော့မှာလား။”
“သိတတ်တဲ့ကလေးမလို့ စောင့်ရှောက်စရာမလိုဘူးလို့တော့မထင်နဲ့။ ဒီလိုကလေးမျိုးက အတွင်းစိတ်မှာ ပိုပြီး အထိမခံဖြစ်နေတတ်တယ်။ ကျွန်မတော့ ရှင်တို့ရဲ့အတွေးတွေကို နားကိုမလည်နိုင်တော့ဘူး။ ကျွန်မသမီးသာဆို ကျွန်မက ဒီလိုတွေ အဖြစ်ခံမှာမဟုတ်ဘူး။”
“ကျွန်မသာရီရီဆို ဒီလိုတွေသိတတ်နေမဲ့အစား ပျံတံတံနန့်တန့်တန့်ပဲနေလိုက်တယ်။ သိတတ်လွန်းလို့ မိဘတွေအကြမ်းဖက်တာကိုခံရတာထက်တော့ ပိုကောင်းပါသေးတယ်။”
အခုချိန်မှာ နျဉ်စုယာက အသက်ပင်မရှုနိုင်အောင် ဒေါသထွက်နေခဲ့သည်။
ဆွေးမျိုးရင်းတွေဖြစ်သည့်သူတို့က အပြင်လူတစ်ယောက်၏ပြစ်တင်ကြိမ်းမောင်းခြင်းကိုခံနေရသည်။ သို့ပေမဲ့ သူတို့တွေ မငြင်းဆန်နိုင်ပေ။ နျဉ်စုယာ၏စကားလုံးတိုင်းက သူတို့ကိုအထိနာစေသည်။ သို့သော် ပြဿနာကို အခုထိ မဖြေရှင်းနိုင်သေးပေ။
ဆေးရုံတံခါးနားတွင်ရပ်နေသည့်ကောင်မလေးကို သူတို့သတိမထားမိခဲ့ကြပေ။ ကောင်မလေးက တံခါးဘောင်ကိုဆုပ်ကိုင်ထားရင်း လက်ချောင်းများတုန်ယင်နေခဲ့သည်။
သူ(မ)က ရေချိုးခန်းထဲသို့လှည့်ဝင်သွားပြီး အထဲကနေ တံခါးပိတ်လိုက်သည်။
သူ(မ)က မှန်တွင်ပေါ်နေသောပုံရိပ်ကို ကြည့်နေခဲ့သည်။ နဖူးတစ်ဝိုက်တွင် ရှက်စရာကောင်းသည့် ပတ်တီးနှင့်ဖြစ်ပြီး ပါးပေါ်တွင်လည်း ဆေးလိမ်းထားရသေးသည်။ မေးစေ့မှဒဏ်ရာကလည်း မကျက်သေး။
“နင် အရမ်းကြည့်ရဆိုးတယ်..။”
ယွီကျီရီ။ နင်ရုပ်ဆိုးလွန်းတယ်။
သူ(မ)ကို ဘယ်သူကမှ ချစ်စရာကောင်းသည်လို့ ပြောတော့မှာမဟုတ်ပေ။
သိတတ်တော့ရော ဘာရလဲ။ အလုပ်လုပ်နိုင်တော့ရော ဘာရလဲ။
“သူတို့တွေပြောတာတော့ နင်ကချစ်ဖို့ကောင်းပြီး သိတတ်တယ်တဲ့…။” သူ(မ)က မှန်ထဲကိုစိုက်ကြည့်ရင်း အရင်ကရီရီကိုမြင်နေရသလိုမျိုး တစ်ယောက်တည်း တီးတိုးပြောနေခဲ့သည်။
“နင်ကဒီလိုဆိုရင်တောင် စွန့်ပစ်ခံရတာပဲလေ။ ဘာလို့များ အကူညီတောင်းခဲ့တာလဲ။”
တကယ်လို့ သူ(မ)သာ ထို့နေ့ညကအကူညီမတောင်းခဲ့ပါက အေးချမ်းစွာ သေဆုံးသွားခဲ့လိမ့်မည်ပင်။ ထိုလူတွေလည်း ရန်ဖြစ်နေရတော့မည်မဟုတ်ပေ။ သို့ဆိုလျှင် သူ(မ)သည်လည်း သနားစရာကောင်းသည့်စကားတို့ကို ကြားရမည်မဟုတ်ပေ။ အခုချိန်မှာတောင် သူတို့က သူ(မ)ကို မလိုချင်၍ ငြင်းဆန်နေဆဲဖြစ်သည်။
သူ(မ) တစ်ယောက်ယောက်ရဲ့စောင့်ရှောက်မှုကို လိုချင်ခဲ့ဖူးသည်။ သို့ပေမဲ့ ထိုသူတွေက သူ(မ)ကို မမြင်နိုင်ခဲ့ကြပေ။ ယခုလို သူ(မ)ဘက်မှရှောင်နေမိပြန်တော့ သူတို့အတွက် သူ(မ)နှင့်ဝေးဝေးနေရရန် အကြောင်းပြချက်ရသွားပြန်သည်။
သူ(မ)က အချစ်ခံရဖို့ မထိုက်တန်လို့ဖြစ်သည်။ သူ(မ)ကို ဘယ်သူကမှ အမြဲတမ်းအတွက် မရွေးချယ်ကြပေ။
သူ(မ) တကယ်ကို သေသွားချင်မိသည်။
သေခြင်းတရားကသာ သူ(မ)အတွက် လွတ်မြောက်ရာလမ်းဖြစ်သည်။
ဓားထက်ထက်နှင့် အရေပြားကိုဖြတ်မိစဉ်မှာ သူ(မ)စိတ်ထဲ မည်သည့်နာကျင်မှုကိုမှမခံစားမိ။ သူ(မ)ခံစားရသမျှနာကျင်မှုတို့ကြောင့် အစစ်အမှန်နာကျင်မှုကိုပင် မခံစားနိုင်တော့ပေ။
“ရီရီ နင်ဘယ်မှာလဲ။”
“အိမ်သာထဲမှာလား။”
ဒုန်း! ဒုန်း ! ဒုန်း !
တစ်ယောက်ယောက်က တံခါးကို အဆက်မပြတ်ထုရိုက်နေသည်။ ဆူညံသံက သူ(မ)ကို မျက်လုံးမမှိတ်နိုင်အောင်ဖြစ်စေသည်။
“ယွီကျီရီ ! နင်အထဲမှာလား။ကြားရင် ပြန်ဖြေစမ်းပါ။”
ရင်းနှီးနေသည့်အသံကို ကြားနေရသည်။ ကြည့်ရတာ ထိုသူက အလျင်လိုနေပုံရပြီး သူ(မ)နာမည်ကို ဆက်တိုက်ခေါ်နေခဲ့သည်။
ယွီကျီရီ သူ(မ)မျက်လုံးတွေကို ခဲရာခဲဆစ်ဖွင့်ရင်း “ကောကော…”
ဘမ်း !
အပြင်မှလူက တံခါးကို ချိုးဖျက်ပြီးဝင်လာခဲ့သည်။
ရှီရီ ယွီကျီရီ့ကိုတွေ့လိုက်ရချိန်မှာ ကောင်မလေးက သွေးချင်းချင်းနီနေသည့်လက်ကိုကိုင်ထားရင်း ကြမ်းပြင်ပေါ်တွင်ထိုင်နေခဲ့သည်။ ရှီရီ့ဘဝမှာ ဤမျှလောက် မထိတ်လန့်ဖူးပါ။ “ရီရီ။ ရီရီ!”
နောက်မှလိုက်လာသည့်လူကြီးများက သူ(မ)ကို ဆေးရုံကုတင်ပေါ်သို့ သယ်သွားကြသည်။ သူ(မ)ကို ထိတ်ထိတ်ပျာပျာနှင့် ဖိထားကြပြီး အရေးပေါ်ခေါင်းလောင်းတီးကာ ဆရာဝန်ခေါ်ခဲ့ကြသည်။
ကံကောင်းထောက်မစွာနှင့် အချိန်မီရှာတွေ့ခဲ့တာကြောင့် ဒဏ်ရာနက်မသွားဘဲ အသက်ကယ်နိုင်လိုက်သည်။
လူတိုင်း စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။
ရှီရီက ယဉ်ကျေးမနေတော့ဘဲ ယုံကြည်လို့မရသည့်လူကြီးများအုပ်စုကိုစိုက်ကြည့်ကာ “အခုလေးတင် ဘာတွေဖြစ်ခဲ့တာလဲ။”
“သူ(မ)ကို ဘာပြောလိုက်ကြတာလဲ။”
သူညစာသွားစားနေတုန်းမှာပင် သူ့ဘဝရဲ့ အရေးကြီးဆုံးကောင်မလေးက ဒီလိုတွေဖြစ်သွားခဲ့ပြီ။ လူတွေအများကြီးရှိပေမဲ့ သူ(မ)တစ်ယောက်ကိုတောင် မမြင်နိုင်ကြဘူးလား။
သူသာ နည်းနည်းနောက်ကျပြီး ပြန်လာခဲ့လျှင်…။ ရှီရီ့ရင်ထဲ တင်းကျပ်သွားသည်။
လူကြီးများက တစ်ယောက်ပြီးတစ်ယောက် ခေါင်းယမ်းနေခဲ့ပြီး သူတို့ရဲ့ဂရုမစိုက်မှုတွေကိုဖော်ပြနေကြသည်။
ဘေးကုတင်မှအဒေါ်က ဖျော့တော့စွာပြောလာသည်။ “ခုနတုန်းက ကောင်မလေးက တံခါးနားရပ်နေခဲ့တာ။ နောက်တော့ သူ(မ)က ရေချိုးခန်းထဲဝင်သွားတယ်။”
လူကြီးများအားလုံး ကြောင်အသွားကြသည်။
ခုနက…။
အဒေါ်ဖြစ်သူက ထိတ်လန့်သွားပြီး “ကျွန်မတို့ဆွေးနွေးနေတာကို ကြားသွားတာများလား။
ဘယ်သူမှ ပြန်မဖြေဝံ့ပေ။
သူတို့က ရီရီတစ်ယောက် နာကျင်နေပြီး စိတ်အခြေနေမကောင်းရုံဟုသာ ထင်ခဲ့တာဖြစ်သည်။ သူ(မ)တွင် ဘဝကိုအရှုံးပေးချင်စိတ်ရှိနေမည်မှန်း မည်သူမှမတွေးမိခဲ့ပေ။
“ဟား..။” ရှီရီလည်း လူတစ်စုကိုကျောခိုင်းကာ ဘာမှမပြောတော့ပေ။
ဘာကြောင့်ဆို သူ ဘယ်သူ့ကိုမှ မယုံတော့၍ဖြစ်သည်။ လူတိုင်းက ‘မဖြစ်နိုင်ပါဘူး။ ဖြစ်နိုင်စရာမရှိဘူး။’ဆိုတာကိုသာတွေးနေကြပြီး ခုချိန်ထိ နောင်တမရကြသေးပေ။
သူတို့တွေ ရီရီ့ကိုဘယ်သူစောင့်ရှောက်မလဲဆိုသည့်အဖြေကိုရသွားချိန်မှာ ရှီရီက မိခင်နှင့် တိတ်တဆိတ်တိုင်ပင်ပြီးနှင့်ပြီဖြစ်သည်။
“မား။ မားသိလား။ ကျွန်တော် ရီရီ့ကို ဆေးရုံကုတင်ပေါ်မှာတွေ့တုန်းက ရဲကိုတောင်ခေါ်ချင်ခဲ့တာ။”
“ဒါပေမဲ့ မလုပ်ခဲ့ဘူး။ အမေကိုဆုံးရှုံးပြီးတဲ့နောက် အဖေကိုပါဆုံးရှုံးသွားရင် ရီရီ ခံနိုင်ရည်ရှိပါ့မလားမသိလို့။ အဲ့ဒီလူက အဖေဖြစ်ဖို့တောင် မထိုက်တန်ဘူး။”
ရက်စက်လွန်းသည့်မိဘများကို ပြောဆိုပြီးနောက် သူ့ရဲ့ တကယ့်ရည်ရွယ်ချက်ကို ပြောပြလာသည်။ “မား။ ကျွန်တော် ရီရီ့ကို အိမ်ခေါ်သွားချင်တယ်။”
နျဉ်စုယာက ရှီရီ ဒီလိုဆုံးဖြတ်လိမ့်မည်လို့ မမျှော်လင့်ခဲ့ပေ။ “ရှောင်ရီ။ ဒီတစ်ခါတော့ ကိစ္စတွေက ထင်သလောက်မရိုးရှင်းဘူးလေ..။”
ယွီမိသားစုအရေးက အလွန်ရှုပ်ထွေးသည်။ ဒါက ရီရီ သူတို့အိမ်ကိုလာဆော့တာလောက် မရိုးရှင်းပေ။ အိမ်ခေါ်ထားမည်ဆိုပါက ဖြေရှင်းရမည့်ကိစ္စများစွာရှိသည်။
“မား။ လူတစ်ယောက်ကို ရွေးချယ်ပြီးရင် တာဝန်ယူရမယ်မှန်း ကျွန်တော်သိပါတယ်။ ဒါပေမဲ့ အခုနေ သူ(မ)ကို စွန့်လွှတ်လိုက်ရင် ကျွန်တော့်တစ်ဘဝလုံး နောင်တရနေလိမ့်မယ်။”
“သားက အခုမှ ဆယ်ကျော်သက်လေးပဲရှိသေးတယ်။ ဘယ်လိုဖြစ်လို့ ဘဝနဲ့ချီပြီးပြောနေတာလဲ။”
“ဒါပေမဲ့ ဘယ်အသက်အရွယ်မှာမဆို ဆုံးဖြတ်ချက်ချပိုင်ခွင့်ရှိတယ်လို့ ကျွန်တော်ထင်တယ်။ အနည်းဆုံးတော့ ခုချိန်မှာ သူ(မ)ကို ကာကွယ်ပေးချင်တယ်။ အခုနေလုပ်ချင်တာကိုမလုပ်ခဲ့ရင် အနာဂတ်မှာ တစ်ခုခုထပ်ဖြစ်လာမလားဆိုတာ မသိနိုင်ဘူးလေ။”
“ဒါပေမဲ့ ရှောင်ရီ။ ဆရာဝန်ပြောခဲ့တာကို မေ့နေပြီလား။ သူ(မ)က စိတ်ကျရောဂါ ခံစားနေရတာဖြစ်နိုင်တယ်တဲ့လေ။”
ထိုရောဂါဆိုးက အသက်များစွာကို ဆုံးရှုံးစေခဲ့သည်။
မည်သို့ပင်ဆိုစေ ရှီရီကတော့ မိခင်ဖြစ်သူထံ အခိုင်အမာ တောင်းဆိုဆဲဖြစ်သည်။ “မား။ ကျေးဇူးပြုပြီး ရီရီ့ကို အိမ်ခေါ်သွားပါရစေ။ နော်။”
နျဉ်စုယာက ပါးစပ်ကိုအုပ်ကာ တစ်ဖက်လှည့်သွားသည်။ သားဖြစ်သူရှေ့တွင် မျက်ရည်မကျလိုပါ။
သူ(မ)က နှာတစ်ချက်ရှုံ့ပြီး အလေးအနက်ပြောလိုက်သည်။ “ယွီမိသားစုနဲ့သွားပြောကြည့်။ သူတို့လက်ခံရင် မားတို့ ရီရီ့ကို အိမ်ခေါ်သွားကြမယ်။”
ဒီကလေးက သူ(မ)တို့နှင့်ကြီးပြင်းခဲ့တာကြောင့် သူ(မ)အတွက် သမီးလိုဖြစ်နေသည်။
ရှီရီက ခေါင်းညိတ်ကာ “ကျေးဇူးပါမား။”
ရှီရီက ယွီမိသားစုနှင့်ပတ်သက်၍တော့ မစိုးရိမ်ပါ။ သူတို့က ရီရီ့ကို တစ်ယောက်ယောက်လာခေါ်သွားလျှင်ကောင်းမည်လို့ပင် တွေးနေလောက်သည်။
ရှီရီ ယွီခိုင်တို့ကိုတွေ့ချိန်မှာ သူတို့ကအချင်းချင်းစကားပြောနေကြသည်။ ရှီရီက သူ့ဆုံးဖြတ်ချက်ကိုပြောပြပြီးနောက် မလိုတာတွေကိုမပြောခဲ့။ နောက်ဆုံးတော့ ထိုနှစ်ယောက်ကို ဤသို့ပြောခဲ့သည်။ “ခင်ဗျားတို့မှာ သူ(မ)ကို ဘာလို့ဂရုမစိုက်ရသလဲဆိုတဲ့ အကြောင်းပြချက် ထောင်သောင်းချီရှိနိုင်တယ်။ ဒါပေမဲ့ သူ(မ)မှာတော့ ခင်ဗျားတို့ကိုချစ်ဖို့ အတွေးတစ်ခုပဲရှိတယ်။ ကလေးတစ်ယောက်က မိဘတွေကြောင့်နာကျင်ရတဲ့အခါ သူက ခင်ဗျားတို့ကိုဆက်ချစ်နေတုန်းပဲ။ သူ့ကိုယ်သူသာ သံသယဝင်နေမှာ။ နောက်ဆုံး သူ့အသက်သူအဆုံးရှုံးခံမှာ။”
ဒါကိုကြားတော့ နှစ်ယောက်သား အရှက်ရမိကြသည်။ နှစ်ပေါင်းများစွာနေလာခဲ့ပြီး ဒီဆယ်ကျော်သက်လေးလောက်တောင် ရှင်းရှင်းလင်းလင်းမမြင်နိုင်ခဲ့ကြပေ။
ကိုယ်နှင့်အရင်းနှီးဆုံးလူက အိပ်မက်ဆိုးအဖြစ်ပြောင်းသွားမည်ဆိုပါက တခြားမည်သည့်အရာကိုမှ ကြောက်လန့်နေတော့မည်မဟုတ်ပါ။
ရှီရီက ဆေးရုံခန်းဆီပြန်လာခဲ့ပြီးနောက် ရီရီ့ကို အရုဏ်တက်ချိန်ထိ ထိုင်ကြည့်နေခဲ့သည်။
“ဗုဒ္ဓမိန့်ဆိုဖူးတာရှိတယ်။ မင်းက တစ်ယောက်ယောက်ကိုကူညီပေးပြီး ဆုလာဘ်ကိုတောင်းမယ်ဆိုရင် မင်းရဲ့ကြင်နာမှုကို မှေးမှိန်စေတယ်တဲ့။ ငါ့မှာလည်း တစ်ကိုယ်ကောင်းဆန်တဲ့ကြင်နာမှုမျိုးမရှိပေမဲ့ နင်နဲ့သာဆိုရင် အဲ့လိုလူဖြစ်ရလည်းဖြစ်ပါစေတော့။”
ကြင်နာတတ်သည့်သူဆိုသည်မှာ ဘာကိုမှပြန်မတောင်းဆိုဘဲ ပေးဆပ်ရန်ဆန္ဒရှိသူကိုဆိုလိုသည်။
ခန်းစီးဘေးတွင်ရပ်နေသည့်နျဉ်စုယာက ထိုစကားတို့ကိုကြားတော့ ဝမ်းနည်းသွားသည်။
အဖိုးဆီမှပြန်မလာခင်က ရှီရီပြောဖူးသည်ကိုပင် သတိရသွားမိသည်။ “ဆတ်ဆတ်ထိမခံတဲ့ကလေးက တစ်ကြိမ်အထားခဲ့ခံရတာနဲ့ လူတိုင်းရဲ့အချစ်ကိုမေးခွန်းထုတ်တတ်လာတယ်။” ယခုတော့ ထိုစကားတို့က ယွီကျီရီ့ထံတွင် ရောင်ပြန်ဟပ်နေချေပြီ။
ကောင်မလေးသည် သူ(မ)ကို တစ်ကမ္ဘာလုံးတွင်ရှိရှိသမျှလူတိုင်းကမချစ်ဘူးလို့ ခံစားနေရလောက်သည်။
*****
Aurora Novel Translation Team